Op-Ed Tu Maung Nyo

Tu Maung Nyo – White Flagged Talking Points

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဇာတိပြတဲ့ “စကားဝိုင်း”

တူမောင်ညို (၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၀ ) 
သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး “ဘယ်အတိုင်းအတာနဲ့ ဘယ်လို အချက်အလက်တွေကို ဘယ်လိုနည်းနဲ့သာပြင်ဆင်ကြရမယ်” ဆိုတဲ့ လမ်းညွန်ချက်တွေကို အောက်ပါအတိုင်း သတ်မှတ်ညွန်ကြားပေး လိုက်ပြီဖြစ်ပါတယ်။

၁။ အသစ်ရေးဆွဲခြင်း မပြုရ၊

၂။ “ပြင်ဆင်” ရာတွင်လည်း လွှတ်တော်တွင်း၌သာ “၂၀၀၈အခြေခံဥပဒေ” ပါ ပြဋ္ဌာန်းချက်များနှင့် အညီပြုပြုရမည်၊ 

၃။ စစ်တပ် ၂၅% ပါဝင်နေမှုကို လက်ရှိအချိန်တွင်  လုံးဝထိပါးခြင်းမပြုရ၊

ဖေါ်ပြပါသဘောထားအာဘော်များကို “၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေစကားဝိုင်း” လို့ နာမည်ခံပြီး ရေဒီယို၊ ရုပ်သံ၊သတင်းစာ၊ ဝဘ်ဆိုဒ်နဲ့ဆိုရှယ်မီဒီယာတွေထဲအထိ အကျယ်အပြန့် ထုတ်လွှင့် ဖြန့်ချိဖော်ပြခဲ့ကြတယ်။

ဒီအာဘော်ဟာ “ကာ/လုံ၊ ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်၊ စစ်တပ်” တို့ရဲ့ တညီတညွတ်တည်းသော ဘုံသဘောထား၊ ဘုံရပ်တည်ချက်ဖြစ်တယ်။

 ဒီ စကားဝိုင်းမှာပါတဲ့ သဘောထားအမြင်တွေအပေါ် သူတို့သဘောမတူပါဘူးလို့ သမ္မတ(ဗိုလ်)ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ များ ဖြစ်တဲ့ (ဗိုလ်)ဦးရွှေမန်း၊ (ဗိုလ်) ဦးခင်အောင်မြင့်၊ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင်တို့က ငြင်းပယ်ဆန့်ကျင်ကြလိမ့်မယ် မဟုတ်ပါ။

 ဒါကြောင့်အစိုးရပိုင်မီဒီယာမှန်သမျှမှာ (ရေဒီယို၊ ရုပ်သံ၊ သတင်းစာ) အကျယ်အပြန့် ဖြန့်ခဲ့ကြတာဖြစ်တယ်။

            “ကာ/လုံ၊ ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်၊စစ်တပ်”တို့ရဲ့ တညီတညွတ်တည်းသော ဘုံသဘောထား (အာဘော်) ကို “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေစကားဝိုင်း” ထဲမှာ အဓိကကိုယ်စားပြု ဖော်ထုတ်ဆွေးနွေးသူ ၂ ဦးကတော့ ဦးသောင်း ညွန့်နဲ့ ဦးသန်းအောင်တို့ပဲဖြစ်ပါတယ်။

 သူတို့ ၂ ဦးက (မဆလ)၊ (နဝတ- နအဖ) အစိုးရအဆက်ဆက်သစ္စာခံ အရိုးရင့် အမွှေးရှည် ဗျူရိုကရက်တွေ ဖြစ်တယ်။

 သူတို့ ၂ ဦးဟာ “၂၀၀၈အခြေခံဥပဒေ” မူကြမ်းရေးဆွဲရေး ကော်မရှင်နဲ့ ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်တွေမှာ ထဲထဲဝင်ဝင် ပါဝင်အမှုတော်ထမ်းခဲ့ကြသူတွေလည်းဖြစ်တယ်။

ကျန်ပုဂ္ဂိုလ် ၃ ဦး (ဒေါက်တာမနန်တူးဂျာ၊ ဒေါက်တာအင်ဒရူးငွန်ကျုံးလျန်၊ စာရေးဆရာဦးကျော်ဝင်း) ကတော့ ဘုံသဘော ထား( အာဘော်) အတွက် အသုံးတော်ခံလက်သစ်တွေဖြစ်ပါတယ်။  စကားဝိုင်းမှာ အဖော်လုပ်ကြရတဲ့ သဘောဖြစ်ပါတယ်။

 ဒါ့အပြင် “စကားဝိုင်း” မှာ ဒေါက်တာမနန်တူးဂျာ၊ ဒေါက်တာအင်ဒရူးငွန်ကျုံးလျန်၊ စာရေးဆရာ ဦးကျော်ဝင်းတို့ ၃ ဦးသားဟာ ဗျူရိုကရက် ၂ ဦးက ဖောက်ပေး၊ ဆင်ပေးတဲ့ စကားလမ်းကြောင်းအတိုင်း “၂၀၀၈ အခြေခံဥပဒေ”ကို အားတက်သရော ဆွေးနွေးကြ ရာမှာအမြင်မတူညီမှု/ သဘောကွဲလွဲမှုတွေမကြားရဘဲ၊ အရာရာမှာ တစ်ကျိတ်ထဲတစ်ဉာဏ်ထဲ သဘောညီနေကြပုံကလည်း “ခွက်တစ်ဝက် သမားတွေ” အတွက် အတုယူစရာ၊ အားကျစရာပါ။

“အသစ်ရေးဆွဲရေး”နဲ့ပတ်သက်ပြီး ဦးသန်းအောင်က အရှင့်အမှုတော်ထမ်း ကျွန်ယုံဗျူရိုကရက်ပီသစွာပဲ  အခုလိုပြောပါတယ်။

“နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ အကြမ်းဖက်မှုတွေဖြစ်ပေါ်လာမယ်၊ စစ်ဘက်ကနေ ဝင်ရောက်စွက်ဖက်လာရတဲ့ ကိစ္စမျိုးတွေပေါ် လာတတ်တယ်၊ အသွင်းကူးပြောင်းရေးကာလမှာလည်း အခက်အခဲတွေအများကြီးကြုံတွေ့နိုင်ပါတယ်”တဲ့။

အသစ်ရေးတယ်ဆိုတာ ဆရာကျော်ဝင်း၊ဆရာဒေါက်တာအင်ဒရူးတို့ ပြောသွားသလို “အန္တရာယ်ကြီးတဲ့ အလုပ်” ပဲ  ဖြစ်ပါတယ် တဲ့။

            “လွှတ်တော်တွင်းမှာသာပြင်မယ်ဆိုရင် အချိန်တိုအတွင်းမှာပြီးစီးသွားနိုင်တယ်၊ အသစ်ရေးတဲ့နေရာမှာကြုံတွေ့ရမယ့် အကြမ်း ဖက်မှုတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ မတွေ့နိုင်ဖို့လည်းပိုပြီးတော့များပါတယ်။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့တစ်ဆင့်ပြီး တစ်ဆင့်ပြောင်းလဲသွားနိုင်တဲ့ အနေအထားတွေနဲ့လည်းကြုံနိုင်ပါတယ်” တဲ့။

            “လက်ရှိအခြေအနေနဲ့လက်ရှိအချိန်အခါမှာတော့ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုရှိနေသေးသင့်တယ်လို့  ပြောလိုပါတယ်” တဲ့။

(အသုံးအနှုန်းကတော့သင်းသဗျာ။ “ရှိနေသေးသင့်တယ်”တဲ့။ မောင်မင်းကြီးသားများက လွှတ်တော်ထဲကနေ စစ်သားအမတ် တွေ မပြောမဆို ထွက်သွားမှာကို စိုးရိမ်ပြီး၊ ထွက်မသွားပါနဲ့အုံးလို့  ရှိခိုးတောင်းပန်နေတဲ့ သဘော)

            ဒီအချက်တွေက  “အသစ်ရေးဆွဲရေးနဲ့ လွှတ်တော်ပြင်ပပြင်ဆင်ရေး ဆိုတဲ့နည်းလမ်း”ကို အပြတ် ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

 ဒါ့အပြင် လွှတ်တော်တွင်းပြင်ဆင်ရေး ဆိုတာမှာလည်း  သူတို့စိတ်တိုင်းကျ ပြင်ဆင်တဲ့နည်းလမ်းကိုသာ အေးအေးဆေးဆေး လိုက်နာကြဖို့ ခပ်ပြောင်ပြောင် ပြောလိုက်တာပဲဖြစ်ပါတယ်။

“အဖုံးကစပြီး ပြင်ရမယ်” ဆိုသူတွေ  “စ – လယ် – ဆုံး ပြင်” ဖို့ရည်ရွယ်သူတွေ၊ “ ပြင်သင့်တာပြင်ဖို့” ဆိုသူတွေကို စိန်ခေါ် လိုက်တာဖြစ်ပါတယ်။

             “ကာ/လုံ၊ ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်၊ စစ်တပ်” တို့ရဲ့ တညီတညွတ် တည်းသော ဘုံသဘောထား၊ ဘုံရပ်တည်ချက် အပေါ်မှာ ဘယ်လိုသဘောထားကြမလဲ။ ဘယ်လိုတုန့်ပြန်ကြမလဲ။ ဘယ်လို ရင်ဆိုင်ကြမလဲ။

             သမ္မတကြီးမကောင်းဘူး၊ လွှတ်တော် ဥက္ကဋ္ဌကြီးကောင်းတယ်၊ ခေါင်းမာသူ၊ ပျော့ပျောင်းသူရယ်လို ခွဲခြားနေကြဦးမလား။

            ဒီလှိုင်းဂျာနယ်မှာ အခန်းဆက်ရေးသားခဲ့ပြီး အခုအခါ စာအုပ်အဖြစ်ထုတ်ဝေတဲ့ မုံရွာအောင်ရှင် ရဲ့ “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရက်စွဲမှတ်တမ်း (ပထမတွဲ)” မှာ ဒီချုပ်နာယကကြီးတစ်ဦးဖြစ်တဲ့ ဆရာ ဦးဝင်းတင်ရဲ့ အမှာကိုဖတ်ရပါတယ်။ အဲဒီအမှာစာထဲမှာ ဦးဝင်းတင်က စာအုပ်နာမည်ကို “ငါတို့ဒေါ်စု ဘာတွေထုခဲ့သလဲ” ဆိုတဲ့ အမည်ဖြစ်သင့်ကြောင်းပါရှိပါတယ်။

            ကျနော်ကတော့ အခုလိုမေတ္တာရပ်ခံချင်ပါတယ်။

 နောင်အခါ ဒီချုပ်ရဲ့ ရက်စွဲမှတ်တမ်း၊ သမိုင်းမှတ်တမ်းတွေကို (မုံရွာအောင်ရှင် ကဲ့သို့) ဆက်လက်ပြုစုကြတဲ့အခါမှာ “အရှိကို အရှိတိုင်းမြင်ပြီး ၂၀၀၈ အခြေခံဥပဒေဘောင်” ထဲဝင်ရောက်သွားပြီးတဲ့နောက် “ငါတို့ ဒေါ်စု ဘာတွေ နု ခဲ့ရသလဲ” ဆိုတဲ့ မှတ်တမ်းမျိုး တော့ အနာဂတ်မျိုးဆက်သစ်တွေ မဖတ်ရှုစေချင်ပါ။

            စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအတုကို ထုခွဲဖြိုဖျက်ပြီး။ စံချိန်စံနှုန်းပြည့်မီသော ဒီမိုကရေစီကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်သည် တည်ဆောက် ထုဆစ်နိုင်ပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts