Uncategorized

Paris Maung – Learning French 15

ပြင်သစ် ဘာသာ လေ့လာစရာ  (အပိုင်း ၁၅)

ပါရီမောင်၊ သြဂုတ် ၁၅ ၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)

(မိုးမခ၏ ချို့ယွင်းမှုကြောင့် အပတ်စဉ်ပြတ်တောက်ခြင်းကို ခွင့်လွှတ်ပါ)


Leçon 15      (Lesson 15 )
Verbe Pronominal များကို  Conjugaison  ပြုလုပ်ခြင်း

စကားပြော လေ့ကျင့်ခန်း သင်ခန်းစာ ( ) 

ပေးခဲ့ပြီးသောသင်ခန်းစာများအထိ ပြင်သစ်ဘာသာ၏ အခြေခံ သဘောတရားကို ကြေညက်ပြီဆိုလျင် လေ့လာသူ အနေနှင့် အခြေခံ အဆင့် ကို တတ်ကျွမ်းပြီဟု ဆိုချင်ပါသည် ။ သို့သော်လည်း တကယ်တမ်း နေ့စဉ်ပြောဆိုမှုများတွင် မဖြစ်မနေ သုံးရသော အချိန်ကာလကို ပြဆိုသော အသုံးအနှုးံများ ( Tenses  ) ၊ နာမ်စားများ အသုံးပြုပုံ အသေးစိတ် ၊ Active & Passive ၊ စသည်ဖြင့် သဒ္ဒါ နည်းအရ ကျန်ရှိနေသေးသလို  လက်တွေ့ ပြောဆိုနေမှုများတွင် သုံးသော Expression ၊  ဗန်းစကားများ ၊ စကားလုံး တခုကို အတိုကောက် ပြောဆိုခြင်းများလည်း များစွာ ကျန်ရှိနေပါသေးသည် ။ လေ့လာနိုင်သလောက် ကျယ်ပြန့် နေပါသေးသည်။ ပါရီမောင်လည်း အကုန် မသိနိုင်သောကြောင့် လေ့လာနေတုန်းပါ။  တခုပြောနိုင်သည်မှာ ယခုပေးခဲ့ပြီးသော သင်ခန်းစာများ အဆင့်သည်  ပါရီမောင်တို့ ပြင်သစ်ဘာသာကို အချိန်ပိုင်း ၄ နှစ် သင်တန်းတက်ခဲ့စဉ်က လုံးလည်လိုက်လို့ ကောင်းတုန်းဖြစ်တဲ့ ဒုတိယနှစ် အဆင့်လောက် နဲ့ကိုက်ညီပါလိမ့်မယ်။ ( လက်ရှိ သင်ရိုးညွှန်းတန်းများကိုတော့ မသိလို့ မပြောနိုင်ပါခင်ဗျား)

ပြီးခဲ့တဲ့အပါတ်က Verbe Pronominal ကိုယ်တိုင်ပြုလုပ်ခြင်းနှင့်ဆိုင်သောကြိယာများ  အကြောင်းကို ပြောခဲ့ပါတယ်။  အခုတပါတ်မှာ အကျယ်ချဲ့ ရှင်းပြချင်ပါတယ်။

အချို့သော Verbe များကို ရိုးရိုးကြိယာ အနေနဲ့ သုံးလို့ရသလို Verbe Pronominal မိမိကိုယ် ကိုပြုလုပ်ခြင်း ဆိုတဲ့ အနေနဲ့လဲ သုံးနိုင်ပါတယ်။  အဲဒီကြိယာတွေကို conjugaison  ပြုလုပ်တဲ့ အခါတွေမှာ ပုံမှန် အရင် conjugaison လုပ်သလိုပါပဲ ၊ နဲနဲပဲကွာပါတယ် ။ အဲဒါကဘာလဲဆိုရင် တိုက်ရိုက် နာမ်စား နဲ့ တိုက်ရိုက် မဟုတ်တဲ့ နာမ်စားများ ဆိုပြီးရှိနေတဲ့ အထဲက  လူပုဂ္ဂိုလ်နဲ့ ဆိုင်တဲ့ နာမ်စား ထပ်ထည့်ပေးရတာပဲဖြစ်ပါတယ်။

ဥပမာ — Je me coupe les cheveux. ရ မ ကု(ပ်) လေ ရှေဗါး ။ ငါ ဆံပင် (ကိုယ့်ဆံပင်ကို ) ဖြတ်သည်။    —- ဆိုသောစာကြောင်းကိုကြည့်ပါ။

ပထမဆုံး တိုက်ရိုက်ပြုလုပ်သူဖြစ်သော ကိုယ်ကိုယ်တိုင် ဖြစ်တဲ့ Je ကို ကတ္တားပုဒ် အနေနဲ့ သုံးပြီးမှ ပြုလုပ်ခံ ဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကိုပဲ me အနေနဲ့ထပ်မံ ထည့်သွင်းသုံးစွဲရပါတယ်။

ပြောရရင်   ကျနော့် ကိုယ် ကျနော် ဆံပင်ဖြတ်တယ်  — လို့ပြောရမယ်။

ကြိယာသုံးစွဲပုံမှာပဲ ကိုယ်တိုင်ပြုလုပ်သည်ကို ပြဆိုပြီးဖြစ်သောကြောင့် ဆံပင်များ les cheveux ဆိုသည့်နေ ရာတွင် ပုံမှန် Articleကိုသာသုံးရပါမည်။

ပိုင်ဆိုင်မှုကိုပြဆိုသည့် နာမဝိသေသန Adjectif Possessif  ကိုထည့်သွင်း အသုံးမပြုရသေးပါ။ mes cheveux ဟုမသုံးရပါ။

Verbe Pronominal  တခုရဲ့ Verbe Infinitif  ပုံစံတွေက အမြဲတန်း  se  ဆိုတာကို ထည့်ရေးပေးရပါတယ်။

se couper  ( V inf: ) (က်) ကုပေး ကိုယ့်ကိုယ် ကို ဖြတ်သည်။

se lever ( V inf: ) (က်) လက် ဗေး ထသည် (ကိုယ်တိုင်ဆိုတာချန်ခဲ့ပါမယ်)

se promener ( V inf: ) (က်)ပရောန်မနေး ၊ လမ်းလျှောက်သည်။

se regarder( V inf: ) (က်)ရဂါ့ဒေး ။ ကိုယ့်ကိုကိုယ်ပြန်ကြည့်သည်။

se réveiller( V inf: ) (က်)ရေးဗိုင်းရေး ။ နိုးသည် ။

se coucher ( V inf: ) (က်)ကုရှေး ။ အိပ်သည်။

s’installer ( se + installer) ( V inf: ) န်စတာလေး နေရာယူသည်။

s’arrêter ( se + arrêter ) စာရက်တေး ။ ရပ်တန့်သည်။

s’occuper ( se + occuper ) ဆော့ကျူပေး ။ အလုပ်များသည်

s’inquiéter  စန်က်ီရေးတေး ။ စိတ်ပူပန်သည် ။

s’assoir စာစွား ။ ထိုင်သည်။

လေ့ကျင့်ခန်း (၃)

အထက်ပါ  Verbe Pronominal ကြိယာများအားလုံးကို conjugaison လုပ်ပြီး ချရေးပါ။

( ပါရီမောင်အနေနဲ့ လေ့ကျင့်ခန်းတွေ ပေးတာ နည်းနေပါသေးတယ် ။ မနေ့ကပဲ လေ့ကျင့်ခန်းစာအုပ်တချို့ဝယ်လာခဲ့ပါတယ်။ မကြာခင် ဆက်တိုက်ပေးသွားပါမယ်)

နမူနာအနေနဲ့ တခုလုပ်ပြပါမယ်

se couper    ( V inf: ) (က်) ကုပေး ကိုယ့်ကို ကိုယ် ဖြတ်သည်။

Je me coupe                                   Nous nous coupons

Tu te coupes                                   Vous vous coupez

il / elle se coupe                 ils / elles se coupent

ဘာမှ အထွေအထူးမဟုတ်ပါဘူး အနီရောင်နဲ့ ပြထားတဲ့ အတိုင်း ဆိုင်တဲ့ နာမ်စား  ထပ်ထည့်ပေးရတာတခုပါပဲ ။

စကားပြော လေ့ကျင့်ခန်း သင်ခန်းစာ ( ) 

ဒီတပါတ် စကားပြောလေ့ကျင့်ခန်းမှာတော့ လီဆာ နှင့် သူ့အမေ စတက်ဖနီ တို့ ကုန်တိုက်မှာ ဈေးဝယ်ထွက်ကြပါတယ်။ သုံးထားတဲ့ အသုံးအနှုံးတွေဟာ တကယ်ကို အသုံးဝင်ပြီး လက်တွေ့နေ့စဉ်စကားပြောမှာအစားထိုးသုံးလို့ ရပါတယ်။ နောက်တခုက ဘယ်အကြောင်းအရာကိုပဲ ပြောပြော အချိန်ပြပုဒ်ကို ရှောင်လွှဲလို့ မရပါဘူး ။ ဒီတပါတ် သင်ခန်းစာမှာ ပါလာတဲ့ ပြီးခဲ့တဲ့ အကြောင်းအရာတခုကို ပြောဆိုဖို့ အတွက် Passé Composé ( Simple Past Tense ) ကို လေ့လာရတော့မှာဖြစ်ပါတယ်။ ပြီးတော့ ပိုင်ဆိုင်မှုကိုပြတဲ့ Adjectif Possessif ကိုလည်း ဒီတပါတ်တွေ့ရပါပြီ။ ( ဥပမာ — sa maman  လီဆာရဲ့ အမေ ။  ton frère မင်းရဲ့မောင်လေး။ ) ပိုင်ဆိုင်မှု ကိုပြဆိုတဲ့ အသုံးအနှုံးတွေကို ရှေ့ သင်ခန်းစာမှာ ပေးသွားပါမယ်။ နောက်တခုဖြည့်စွက်ပြောချင်တာက ဒီသင်ခန်းစာမှာ နာမ်စား အသုံးပြုပြီး ပြောတာတွေ များတာကို တွေ့ရပါမယ်။ အရာဝထ္တု လူ အကြောင်းအရာ စသည် တို့ကို ထပ်ကာတလဲလဲ မသုံးပဲ နာမ်စားဖြင့် အသုံးပြုကြပါသည်။

အသံဖိုင်ကို အထပ်ထပ်နားထောင်ပြီး ကိုယ့်ရဲ့လေသံတွေကို တထပ်တည်း ဖြစ်အောင် လေ့ကျင့်ပါ ။

သင်ခန်းစာ ( )   အသံဖိုင်နားထောင်ရန်

——

Au Supermarché    အိုစူပက် မားရှေး  ကုန်တိုက်မှာ

( Lisa fait les courses avec  sa maman.  Elles sont dans une grande surface )

လီဆာ သူ့အမေနှင့် ဈေးဝယ်ထွက်ပါတယ်။ သူတို့သည် ဆိုင်တွေအများကြီး ရှိတဲ့ ကျယ်ဝန်းသောနေရာ မှာ ရောက်နေကြပါတယ်။

Stéphanie : Aide-moi Lisa , as-tu pris la liste des courses?

ကူပါဦးလီဆာ ။ ဈေးဝယ်ဖို့ စာရင်း ယူခဲ့လား ။

Lisa : Oui , maman , la voici.

ဟုတ်ကဲ့မေမေ ။ ဟောဒီမှာ

Stéphanie :  Il nous faut de la viande, des légumes ainsi que du fromage.

ငါတို့ အသားလိုတယ်၊ ဟင်းသီးဟင်းရွက်တွေ ၊ ဒိန်ခဲ လဲ လိုတယ်။

Lisa : Maman, j’aimerais aussi des jus de fruits.

မေမေ ၊ ကျမ အသီးဖျော်ရည်လဲ လိုချင်ပါတယ်။

Stéphanie : D’accord, va les chercher    pendant que  je choisis les fromages. Je sais que  ton frère adore le jambon. Je vais en prendre également. Il faut maintenant   faire la queue à la caisse et patienter.

ကောင်းပြီ ၊ မေမေ ဒိန်ခဲ ရွေးနေတုံး အဲဒါတွေကို သွားယူပါ ။  မင်းရဲ့ အကို ဝက်ပေါင်သား ကို နှစ်သက်တာ ငါသိတယ် ။ အဲဒါကိုလဲ ယူရဦးမယ် ။ အခု ငွေရှင်းတဲ့ ကောင်တာမှာ တန်းစီပြီး စောင့်ရမယ် ။

Lisa : Eh oui.

ဟုတ်တာပေါ့ ။

အထက်က သင်ခန်းစာ လေ့ကျင့်ခန်းတွေကို နားထောင်ပြီးလို့ ကိုယ်ပြောလိုတဲ့ အကြောင်းအရာတွေကို ပြောတဲ့အခါမှာ အတိတ်ကာလကို ပြောဆိုရန် မဖြစ်မနေ Passé Composé ( Simple Past Tense )  ကိုအသုံးပြု ရပါတော့မယ်။ ဒါကြောင့် ရှေ့တပါတ် သင်ခန်းစာမှာ Passé Composé ( Simple Past Tense )  ပြုလုပ်နည်းတွေကို ရှင်းပြပါမယ်။

ရှင်းလင်းချက်များ ( ဒီသင်ခန်းစာမှာ အသုံးအနှုံးနဲ့ ပါတ်သက်လို့ ရှင်းရမှာတွေ များပါတယ်။ ဒါတွေကို ပိုင်နိုင်အောင် သိသွားပြီး သွက်လက်စွာ ပြောနိုင်ပြီဆိုရင်တော့ ပါရီမောင် တောင် လိုက်ပြီး စကားပြောနိုင်မယ် မထင်ဘူး)

sa maman  သူမရဲ့ အမေ၊ sa “ ဆိုတာကပိုင်ဆိုင်မှု အသုံးအနှုံးပါ

Aide-moi ဒီနေရာမှာ ငါ့ကိုကူပါဦး ဆိုပြီး ပြောတာပါ၊ ကြိယာဖြစ်တဲ့ Aider နဲ့သက်ဆိုင်တဲ့ ကတ္တားပုဒ် Subject ကို ဖျောက်ပြီးသုံးထားတာပါ။ ဒါကို Impératif လို့ခေါ်ပါတယ်။ အမိန့်ပေးစေခိုင်းခြင်းလို့ပြောနိုင်ပါတယ်၊ (ဥပမာ – regard, regardez ကြည့်ပါ ။ mange, mangez  စားပါ။  va , allez သွားပါ ) ကိုယ်ပြောလိုသူနဲ့ဆိုင်တဲ့ Pronoun Personnel  အလိုက် Verbe ကို conjugaison လုပ်ပြီးပြောဖို့တော့မမေ့ပါနဲ့။ tu အတွက်  s ” မထဲ့ရပါ။

as-tu pris အမေးဝါကျ ပြုလုပ်ခြင်းရဲ့ ဥပဒေသထဲက တခုဖြစ်တဲ့ကတ္တား နဲ့ ကြိယာ တို့ကိုပြေင်းပြန်လုပ်ထားတာပါ၊ ကြိယာကတော့ avoir ပါ  pris ကတော့ prendre ဆိုတဲ့ကြိယာရဲ့ Participe Passé (Past Participle) ပုံစံဖြစ်ပါတယ်။ ဒီစာကြောင်းတခုလုံး ရဲ့ သုံးထားတဲ့ အချိန်ပြပုဒ်ကတော့ အရေးကြီးလှတဲ့ Passé Composé ( Simple Past Tense) အတိတ်ကာလပြပုဒပဲဖြစ်ပါတယ်။ နားလည်ခဲ့ပြီလား   လို့ဆိုရပါမယ်။

la voici  ဒီအသုံးအနှုံးကတော့ အသုံးများပါတယ်။ နာမ်စား ကိုအသုံးပြုပြီးပြောတာပါ။ ဒီနေရာမှာ la  ဆိုတာက အရင်က သိထားတဲ့ အာတီကယ်လ် ဖြစ်တဲ့ le, la, les အနေနဲ့ သုံးတာမဟုတ်ပါဘူး။

 Lisa : Oui , maman , la voici.

ဟုတ်ကဲ့မေမေ ။ ဟောဒီမှာ    ဆိုပြီးပြောတာက  la liste  စာရင်း ကိုဆိုလိုပါတယ်။အမနာမ်ဖြစ်နေတော့  la ကို သုံးရတာပါ။ တကယ်လို့သာ အဖိုနာမ် ပစ္စည်း တခုခု ဆိုရင်  le voici, la voilà , အများကိန်းဆိုရင်  les voici, les voilà ဆိုပြီးသုံးရပါမယ်။

Il nous faut ရှေ့က သင်ခန်းစာမှာ ပေးခဲ့ပါပြီ။ ငါတို့အတွက်လိုအပ်တယ်။

Il me faut ကျနော်၊ ကျမ အတွက်လိုအပ်တယ်။ Noun or Verb (inf:) လိုက်ရပါမယ်။

ainsi que တောင်မှ – – – ၊   လည်းပဲ

j’aimerais လိုချင်ပါတယ်၊ ရချင်ပါတယ်။ Noun or Verb (inf:) လိုက်ရပါမယ်။

va les chercher အပေါ်မှာရှင်းခဲ့သလို les ကတော့ အဲဒါတွေကို  လို့ဆိုရမှာပါ။

va  chercher သွားယူခဲ့ပါ  လို့ နာမ်စားမပါပဲပြောလို့လဲရပါတယ်။ အလားတူစွာပဲ

 viens manger   လာစားပါ  လို့ ပြောတာပါ။

pendant que    အချိန်အတွင်းမှာ ၊    – – – – နေတုံးမှာ

Je sais que   ငါသိတယ် ။ I know that  လို့ပြောရမယ်ထင်ပါတယ်။

ton frère ပိုင်ဆိုင်မှု အသုံးပြုပုံစံပါ ။  ton ဆိုတာက tu အတွက် သုံးရတဲ့ ပိုင်ဆိုင်မှုကိုညွှန်းသော နာမဝိသေသန Adjectif Possessif တွေထဲကတခု ဖြစ်ပါတယ်

en  နာမ်စား အသုံးတခုပါ ။ de  ဆိုတဲ့ နေရာကို  အစားထိုးပြောရင် သုံးရပါမယ်။

ဝေါဟာရများ Vocabulaires

la liste des courses လာ လိစ်ထ် ဒေကုစ် ။ ဈေးဝယ်စာရင်း

fromage ဖရောမါ့ ရှ်။ ဒိန်ခ

jus de fruits  ရူးဒ ဖွီး ။ အသီးဖျော်ရည်။ jus de pomme ပန်းသီးဖျော်ရည်။   jus d’orange လိမ္မော်ရည်

D’accord   ဒါ့ကော ။ သဘောတူတယ်။ ကောင်းပြီ ။

maintenant မက်ထနော့န် ။ ယခု

faire la queue ဖှဲ လာ ကား(အသံမှန်ကိုနားထောင်ရန်)။ တန်းစီသည်။

la caisse လာ ကဲ့ စ်။ ငွေရှင်းကောင်တာ။

ကိယာများ Verbes ( အားလုံးကို conjugaison လုပ်ဖို့လေ့ကျင့်ခန်း ပေးပါရစေ )

Aider (V inf: )  အေးဒေး ၊ ကူညီသည်

chercher (V inf: )  ရှက်ရှေး ။ ရှာသည်၊ ယူသည်။ ( ဒီသင်ခန်းစာမှာ ယူသည်ဟုသုံးပါတယ်)

choisir (V inf: ) ရွှာဇီးခ် ။ ရွေးသည်။

savoir (V inf: ) ဆါဗွား ခ်။ သိသည်။

adorer (V inf: ) အာဒိုရေး  နှစ်သက်သည်။ မြတ်နိုးသည်

prendre (V inf: ) ပရောန်းဒရ် ။ ယူသည်။

faire (V inf: )  ဖှဲ ခ်။ ပြုလုပ်သည်။

patienter (V inf: )  ပါ့ စီးယောန့်တေး။ စောင့်ဆိုင်းသည်။

ဒီတပါတ်မှာ ပေးတာတွေက များသွားပါတယ်။ အသံ ဖိုင်နဲ့ သက်ဆိုင်နေတဲ့ သင်ခန်းစာ အသုံးရှင်းလင်းချက်တွေ  ဖြစ်လို့ ချန်လှပ်ခဲ့လို့ မရလို့ပါ ။

        

                           နောက်တပါတ်ပြန်ဆုံပါမယ်  A bientôt


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts