>Htain Linn Article – 70

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၇ဝ)
လူထုအတွက် စာပေဖြင့်အလှဆင်သူ လူထုဦးလှ
ထိန်လင်း
သြဂုတ် ၉၊ ၂၀၁၀

၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ဟာ လူထုဦးလှရဲ့ အသက် ၁ဝဝ ပြည့်မွေးနေ့ ဖြစ်ပါတယ်။ မောင်လှ၊ ကြီးပွားရေး ဦးလှ၊ လူထုဦးလှ စတဲ့ အမည်တွေနဲ့ စာပေများကနေ သိရှိနေကြသလို ဦးလှ၊ ကိုလှ၊ ဦးလေးလှ စသဖြင့် လေးစားခင်မင်ကြတဲ့ စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုဦးလှဟာ စာပေကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး၊ အများကောင်းကျိုးကို ထမ်းဆောင်သွားတဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

၁၉၈၂ ခုနှစ် သြဂုတ်လ ၇ ရက် အသက် ၇၃ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ လူထုဦးလှ နှစ် ၁ဝဝ ပြည့် မွေးနေ့ အမှတ်တရ စာအုပ်ထုတ်ဝေမှုတွေ ရှိသလို အထိမ်းအမှတ်ပွဲတွေလည်း ပြည်တွင်းပြည်ပမှာ ပြုလုပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လူထုဦးလှကို ဘာကြောင့် ဒီလို ဂုဏ်ပြုဖို့ လိုအပ်ပါသလဲ။ လူထုဦးလှက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ ဆိုတာ သိရှိဖို့လိုပါတယ်။ လူထုတိုက်ထွက် စာရေးဆရာ၊ ကဗျာဆရာတစ်ဦးဖြစ်တဲ့ ဆရာ မောင်စွမ်းရည်က အခုလို ပြောပြပါတယ်။

“လူထုဦးလှအကြောင်းကို လူထုဦးလှရဲ့ မိတ်ဆွေတွေ၊ တပည့်တွေက ရေးထားတာထဲက ပြောရလို့ရှိရင် သူက လူသားတစ်ယောက်အနေနဲ့ စံပြပုဂ္ဂိုလ်ပဲ။ သူက အကျင့်စာရိတ္တလည်းကောင်းတယ်၊ သူများအတွက်လည်း ဆောင်ရွက်တယ်။ သူများ မကောင်းတာရယ်လို့ တသက်လုံး ဘာမှ မလုပ်ခဲ့တဲ့အပြင် သူများရဲ့ကောင်းကျိုးကို တသက်လုံး လုပ်သွားတာ။ အသက် ၂ဝ လောက်က စပြီးတော့ စာအုပ်ထုတ်ဝေတယ်၊ ကြီးပွားရေးမဂ္ဂဇင်းမှာ ထူထောင် လုပ်ကိုင်ခဲ့တယ်။ အဲဒီကနေပြီး သေသည်တိုင်အောင် အဖွဲ့အစည်းတွေ၊ အားကစား အဖွဲ့အစည်းတွေ၊ လူငယ်တွေ တိုးတက်ဖွံ့ဖြိုးစရာ အဖွဲ့အစည်းတွေ၊ အဲဒါမျိုးတွေ စာပေအဖွဲ့အစည်းတွေမှာ ပြတ်ပြတ်သားသား လုပ်ခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့သြဇာ ကြီးလွန်းလို့ ဖဆပလ အစိုးရက သူတို့ကို အာဏာလုမှာစိုးလို့၊ အာဏာလုရင် ဦးဆောင်မှာစိုးလို့ သူ့ကို ဖမ်းတယ်။ အဖမ်းခံရတဲ့အကြိမ်ပေါင်း ၅ ကြိမ်ရှိတယ်”

ဒါက လူထုဦးလှနဲ့ ပတ်သက်လို့ အကျဉ်းချုံး ပြောပြတာဖြစ်ပါတယ်။ ကြီးပွားရေးမဂ္ဂဇင်း၊ လူထုဂျာနယ်၊ လူထုသတင်းစာ တို့ကို တည်ထောင်ထုတ်ဝေခဲ့သူဖြစ်ပြီး အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၊ အထက်ဗမာပြည် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ်တို့ ဖွဲ့စည်းရာမှာလည်း ဦးဆောင်ခဲ့သူဖြစ်သလို မန္တလေးမြို့ ‘ဗထူး အားကစားကွင်း’ ဖြစ်ပေါ်ဖို့ ဦးဆောင်ကြိုးပမ်းခဲ့သူလည်း ဖြစ်ပါတယ်။

လူထုတိုက်ထွက် ပန်းချီဆရာ၊ ကာတွန်းဆရာ၊ အနုပညာရှင် ဦးဝင်းဖေ ကလည်း လူထုဦးလှနဲ့ ပတ်သက်လို့ အခုလို ပြောပြပါတယ်။

“လူထုဦးလှဆိုတာက အများကောင်းကျိုးလုပ်တဲ့၊ လုပ်ချင်ကြတဲ့ လုပ်တဲ့ပုဂ္ဂိုလ်တွေထဲမှာ တော်တော့်ကို ရှားရှားပါးပါး ပုဂ္ဂိုလ်ဗျ။ အများကောင်းကျိုး လုပ်ချင်လို့ရှိရင် အဓိက က အဖွဲ့အစည်းတွေထဲမှာ ပါပြီးတော့ ကူညီ၊ စိတ်ကူးစိတ်သန်း ဘယ့်နဲ့ ဘာညာပေါ့။ နောက် နိုင်ငံရေး လုပ်ပေါ့ဗျာ။ အဲလိုဟာတွေ အမျိုးမျိုး ရှိတဲ့အနက်မှာ လူထုဦးလှက ဘာရွေးလိုက်တုန်း ဆိုတော့ အများကောင်းရာကောင်းကျိုး စိတ်ကူးစိတ်သန်းနဲ့ အများဆုံး ပျံ့အောင်ဆိုပြီးတော့ သူက စာပေထုတ်လုပ်ရေးတွေကို ကိုင်တွယ်ပစ်လိုက်တော့တာ။

ကျနော်က သူစာရေးနေတာကို ကြည့်ကြည့်ပြီး ဒါ သူနဲ့နေခဲ့တဲ့အချိန်တုန်းက လူထုဦးလှဟာ စာရေးဆရာလုပ်ဖို့ ဝါသနာပါလို့ ဟုတ်ကောင်းမှ ဟုတ်မယ်ပေါ့ဗျာ။ အများကောင်းကျိုးတွေကို လုပ်ချင်လို့ ဒီ စာပေယာဉ်ကို ယာဉ်ရထားကို တက်စီးတာလို့ ကျနော်က အဲဒီလိုစဉ်းစားတယ်၊ အဲဒီလို မြင်မြင်လာတယ်။ သူက ရသစာပေတွေ ဘာတွေထက် သူရေးတာ အဲဒီဘက်ကို သိပ်ပြီးတော့ စိတ်မဝင်စားဘူး။ သူက အများကောင်းရာကောင်းကြောင်း မျက်စိပွင့်ဖို့၊ ဉာဏ်အလင်း ပွင့်ဖို့၊ နောက် သတိရှိဖို့ သတိပေးဖို့ ဘာညာပေါ့ဗျာ အဲဒါမျိုးတွေကို သူက သိပ်အာရုံရောက်တာ၊ သိပ်ပြောတာ၊ သိပ်လုပ်တာ၊ တသက်လုံး သူ ဒါပဲ လုပ်သွားတာပဲ။ ကျနော်တို့ကတော့ အလွန်သဘောကျပေါ့ဗျာ၊ သူ့ရိုးရိုးကြီး သူ့ရုပ်ရည်နဲ့၊ သူပြောတာနဲ့၊ သူလုပ်တာနဲ့၊ ရိုးရိုးစင်းစင်း တည့်တည့်ကြီးပါပဲ။ အများကောင်းကျိုး သိပ်စိတ်ဝင်စားတယ်။ တသက်လုံး ဒါလုပ်ပြီးတော့ အဲဒါနဲ့ပဲ အရိုးထုတ်သွားတာပါပဲ”

လူထုဦးလှ ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်ပေါင်း ၁ဝဝ ကျော်ရှိပြီး အဲဒီထဲမှာ တိုးတက်ရေးလမ်းညွှန်တွေ၊ ထောင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ပြည်တွင်းပြည်ပ ခရီးသွားအတွေ့အကြုံတွေ၊ ပုံပြင်တွေ၊ မှတ်တမ်းမှတ်ရာ၊ ဘာသာပြန်၊ ပေးစာ စသဖြင့် အကြောင်းအရာ အမျိုးအစား စုံလင်သလို ခေတ်အဆက်ဆက် အသုံးဝင်နေမယ့် စာအုပ်တွေကလည်း အများကြီးပါ။ လူထုသတင်းစာ ခေါင်းကြီးနဲ့ သတင်းစာဆောင်းပါးတွေ မပါဘဲ ရေတွက်ရင်တောင် သူရေးသားခဲ့တဲ့ ဝတ္ထု။ ဆောင်းပါး၊ စာတမ်း ပုဒ်ရေ ၅ဝဝ နီးပါးရှိတယ်လို့ သိရပါတယ်။ လူထုဦးလှရဲ့ကလောင်အမည်တွေကတော့ ကြီးပွားရေးဦးလှ၊ ငမောက်၊ စံလှပေါ်-အမျိုးသားကောလိပ်၊ စံလှပေါ်-ဦးအရိယ ကျောင်းသား၊ ဖြစ်ကတတ်ဆန်း၊ မောင်လှ၊ မိုက်ခဲ၊ မောင်သံချောင်း၏ လူပျိုကြီးအသင်းသား (ဗြဟ္မစရိယ ဂိုဏ်းသားမဟုတ်)၊ လူထုဦးလှ၊ လှိုင်မေတ္တာ တို့ဖြစ်ပါတယ်။

လူထုဦးလှဟာ ၁၉၂၉ ခုနှစ်မှာ ဆယ်တန်းအောင်မြင်ခဲ့ပေမယ့် တက္ကသိုလ်မတက်တော့ဘဲ ဝန်ထမ်းလောက စာပေလောကတို့ကို ဝင်ရောက်ခဲ့ပါတယ်။ ဘာကြောင့် တက္ကသိုလ် ဆက်မတက်ခဲ့သလဲ ဆိုတာကို ဆရာမောင်စွမ်းရည်က အခုလို ရှင်းပြပါတယ်။

“မတက်နိုင်လို့ မဟုတ်ဘူး။ သူ့မိဘက ပိုက်ဆံပို့ပေးတယ်။ ပို့ပေးတော့ သူ့သူငယ်ချင်းတစ်ယောက် ကလည်း သူလိုပဲ အောင်လာတယ်။ အောင်လာတဲ့အခါကျတော့ သူက ‘ဟာကွာ .. ငါလည်း တက္ကသိုလ် တက်ချင်လိုက်တာ။ ငါ့အိမ်က မထောက်ပံ့နိုင်တော့ ငါတော့ ဆက်မတက်နိုင်တော့ဘူး’လို့ ပြောတာ။ အဲဒါနဲ့ မင်းတက်ပါ ဆိုပြီးတော့ သူ့ပေးတဲ့ပိုက်ဆံ အဖေက ပေးတဲ့လခ၊ လစဉ်ပို့ပေးတဲ့ပိုက်ဆံကို သူ့သူငယ်ချင်းကို ပေးလိုက်တယ်။

သူက ဘာလုပ်တယ်မှတ်တုန်း၊ မြူနီစီပယ်ဘက်မှာ ဘောလုံး ကန်တယ်။ မြူနီစီပယ် ရာဖြတ်စာရေး လုပ်တယ်။ နောက်ကျတော့ ရာဖြတ်အရာရှိ ဖြစ်လာတာပေါ့လေ။ သူများကို ဘယ်လောက်အနစ်နာခံတယ် ဆိုတာ အဲဒါသာ ကြည့်တော့။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တယ်လေ၊ ငါ့ကျောင်းနေဖို့ပေးတဲ့စရိတ်ကို ငါ သူများ ပေးနိုင်မလား လို့။ ကိုယ့်ကိုယ်ကို ပြန်မေးလိုက်တဲ့အခါကျတော့ ကိုယ့်နောက်က ကိုယ့်နှမ အောင်လာတာတောင် ဖယ်မပေးဘူး။ ၂ ယောက်လည်း မထားနိုင်ဘူး။ အဲဒီတော့ ပြန်စဉ်းစားကြည့်တော့ အမလေး .. ဦးလှနဲ့ ငါတို့က ကွာပါ့ကွာ လို့”

ဒီလို စိတ်စေတနာ ကောင်းမွန်ပြီး အများကောင်းကျိုး ရှေးရှုလုပ်ဆောင်ခဲ့ပေမယ့် အစိုးရအဆက်ဆက် ပုဒ်မ (၅) နဲ့ ဖမ်းဆီးထောင်ချခြင်း ခံရပါတယ်။ ဦးလှကတော့ ရောက်တဲ့အရပ်မှာ အချိန်ကို တန်ဖိုးရှိရှိ အသုံးချခဲ့ပါတယ်။ ဒါကြောင့် အကျဉ်းကျတုန်း ရေးသားခဲ့တဲ့ ထောင်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရလက်ထက်မှာ အဖမ်းခံခဲ့ရတာနဲ့ ပတ်သက်လို့ ဖမ်းဆီးခဲ့သူတွေက နောက်ပိုင်း ပြန်လည်တောင်းပန်ခဲ့ပုံကိုလည်း ဆရာ မောင်စွမ်းရည်က အခုလို ပြောပြပါတယ်။

“သူ့ကို ဖမ်းခဲ့တဲ့ဥစ္စာက မတော်မတရား ဖမ်းခဲ့တာမို့လို့ အားနာပါတယ်ဆိုပြီး ကျနော်မှားခဲ့ပါတယ်ဆိုပြီး တောင်းပန်တယ်။ သခင်နုကလည်း တောင်းပန်တယ်၊ ဗိုလ်ခင်မောင်လေးကလည်း သွားပြီး ကန်တော့ပြီး တောင်းပန်တယ်။ ဗိုလ်ခင်မောင်လေးက သူပြုတ်တဲ့အခါကျတော့ ကန်တော့ပြီး တောင်းပန်တယ်။ ‘တရားအားထုတ်ချင်တယ်ဗျာ’တဲ့၊ ‘တရားအားထုတ်လို့ မရဘူး။ ခင်ဗျားမျက်နှာ မြင်မြင်နေတယ်’တဲ့။ ခင်ဗျား အသက်ဘယ်လောက်ရှိပြီလဲ ဘာညာဆိုပြီးတော့ ထိုင်ကန်တော့သွားတာ”

ရှေ့တပတ်မှာတော့ ဦးလှရဲ့ လူထုအကျိုးပြုဆောင်ရွက်ချက်တွေအကြောင်း ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။ ။

ထိန်လင်း (၃၊ ၁၊ ၂ဝ၁ဝ)

၂ဝ၁ဝ ခုနှစ် ဇန်န၀ါရီလ ၈ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts