>MoeMaKa – Long Live Daw Mar Mar Aye – The Song of Burma

>

ပြည်ပတွင် ၆၈ နှစ်ပြည့်တဲ့ ဗမာပြည်၏ ဂုဏ်ဆောင် ဂီတအနုပညာသည် မာမာအေး အမှတ်တရ
မိုးမခ
ဇူလိုင် ၂၇၊ ၂၀၁၀
လွန်ခဲ့သည် ဇူလိုင် ၂၅ ရက်က မြန်မာပြက္ခဒိန်နှင့် မွေးနေ့၊ မွေးရက် တိုက်ဆိုင်သည့် မွေးနေ့တွင် အမေရိကန်ပြည်၊ ဖို့ဝိန်းမြို့တွင် ရောက်ရှိနေထိုင်သည့် ဗမာပြည်၏ ဂီတအနုပညာသည်ကြီး တဦးဖြစ်သော (ဒေါ်)မာမာအေး ၏ မွေးနေ့အလှူပွဲကို နေအိမ်တွင် ကျင်းပသည်ဟု သိရသည်။
ထိုနေ့တွင် အမှတ်တရ ဘုန်းကြီးဆွမ်းကပ်လိုသော်လည်း အလှူဆွမ်းကျွေးရက်များ တိုက်နေသဖြင့် မြန်မာဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ စုံညီ ဆွမ်းမကပ်နိုင်ကြောင်း၊ သို့သော် သီဟိုရ်ရောက် မြန်မာစာသင်သားသံဃာတော် အပါး ၃၀ ကျော်ထံ အဝေးမှ ဆွမ်းဒါန ပြုဖြစ်သည်ဟု မိုးမခ၏ နာယကတဦးအဖြစ် ရပ်တည်ပေးသူ ဒေါ်မာမာအေးက ပြောကြားသည်။
          ဖို့ဝိန်းမြို့ရောက် မြန်မာမိသားစုများ၊ ချစ်ခင်သူ မိတ်ဆွေများအား မြန်မာ့ထုံးစံအဖြစ် “ဗျို့” ဟစ်ပြီး မွေးနေ့မုန့်ဟင်းခါး ကျွေးကြောင်း၊ စာသမား၊ ဂီတချစ်သူများ၊ မိတ်ဆွေ သင်္ဂဟများ လာရောက်ကြကြောင်း၊ ၀ိုင်းဝန်း ဆုမွန်ကောင်းတောင်းပေးကြကြောင်း သိရှိရသည်။ အဝေးရောက် မိတ်ဆွေများကလည်း အန်တီ သက်တော်ရာကျော် ရှည်စေကြောင်း၊ အမျိုးသားရေးနှင့် အမျိုးသားဂီတများကို ဆက်လက်ထိန်းသိမ်း ဖော်ထုတ်ရင်း မြန်မာမိသားစုများအတွက် မြန်မာ့ဂီတ ယဉ်ကျေးမှု အမွေအနှစ်များ လက်ဆင့်ကမ်း ဆောင်ရွက်စေလိုကြောင်း ဆုမွန်ကောင်း တောင်းကြသည်ဟု သိရသည်။
          မြန်မာပြည်တွင်းက ဆောင်းပါးရှင် သန်းစိုးလှိုင်၏ “အနုပညာရှင်နဲ့ အမျိုးသားနိုင်ငံရေး” ဆောင်းပါးတွင် ဒေါ်မာမာအေး၏ တေးဂီတ၊ အနုပညာ လက်ရာများ၊ အနုပညာများကို ခေတ်ပြိုင်နှင့် ခေတ်ပေါ် ဂီတသမားတို့က စစ်အစိုးရ၏ ဖိနှိပ်မှုအောက်တွင် အမည်မဖော်ဘဲ သွယ်ဝိုက်ပြီး အသိအမှတ်ပြု တင်ဆက်နေရပုံကို ရေးသားထားရာ မွေးနေ့နှင့် တိုက်တိုက်ဆိုင်ဆိုင် ဖတ်ရှုရသဖြင့် အမှတ်တရဖြစ်မိကြောင်း ဒေါ်မာမာအေးက မိုးမခသို့ ထုတ်ဖော်ပြောကြားသည်။
          တိုင်းပြည်ဂုဏ်ဆောင် ဂီတအနုပညာရှင်ကြီး ဒေါ်မာမာအေးသည် ၁၉၉၈ တွင် အမေရိကန်ပြည်တွင် ရောက်ရှိခဲ့ပြီးနောက် မြန်မာဂီတအနုပညာများကို ဖော်ထုတ် မိတ်ဆက်ခြင်း၊ နိုင်ငံတကာရှိ မြန်မာမိသားစုများ၊ ဗုဒ္ဓဘာသာရေးပွဲတော်များတွင် ဂီတဖြင့် လှုဒါန်းကူညီပေးခြင်း၊ ဘီဘီစီ မြန်မာပိုင်းရေဒီယိုအစီအစဉ်တွင် – “ပြောစရာတွေလည်း တပုံကြီးရှိသေးတယ်” အခန်းဆက် အသံလွှင့်ဆောင်းပါးများ ထုတ်လွှင့်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။
          ၂၀၀၇ သံဃာ့အရေးတော်ပုံတွင် သံဃာတော်များကို စစ်အစိုးရက သွေးမြေကျအောင် သတ်ဖြတ်နှိမ်နှင်း ဖမ်းဆီးမှုများ ကျူးလွန်သည့်အတွက် သံဃာတော်များကို ဂုဏ်ပြုသည့် အလေးပြုဦးညွတ်သည့် သီချင်း ၂ ပုဒ်ကို ရေးစပ်သီဆိုပြီး ကိုယ်ထူကိုယ်ထ ဖြန့်ချိခဲ့သည်။ နိုင်ငံတကာနှင့် ပြည်တွင်းမြန်မာ မိသားစုများ၏ ခံစားချက်နှင့် အတွေးအခေါ်ကို ထင်ဟပ်ခြင်း၊ ခေတ်စနစ်ကို မော်ကွန်းတင်ခြင်းကြောင့် စစ်အစိုးရနဲ့ နောက်လိုက်များ၊ အလိုတော်ရိများ၏ အငြှိုးထား မုန်တီးမှုကို ဒေါ်မာမာအေး ခံစားခဲ့ရသည်။
၂၀၀၇ တွင် ဒေါ်မာမာအေး နှလုံးခွဲစိတ် ကုသမှုများ ခံယူခဲ့ရပြီး ကျန်းမာရေး ကျဆင်းခဲ့သော်လည်း စိတ်ဓာတ်ကျဆင်းခြင်းမရှိဘဲ ရပ်နီး ရပ်ဝေးက ချစ်ခင်လေးစားသူ ချစ်ပရိသတ်များကို မိသားစု သားချင်းများသဖွယ် အဖော်သဟဲပြုပြီး ကြံကြံခံခဲ့သည်ကို တွေ့ရသည်။ ဒေါ်မာမာအေး၏ ပရိသတ်များတွင် မြန်မာမြို့ပြမိသားစုများ၊ ကျေးလက်မိသားစုများသာမက ပြည်တွင်းပြည်ပရောက် ရဟန်းသံဃာတော် အများအပြားလည်း ရှိသည့်အတွက် ဘယ်အရပ်ဒေသရောက်ရောက် သံဃာတော်များ၊ ရဟန်းတော်များက ဒေါ်မာမာအေးကို မိခင်တဦး၊ ညီမ၊ အမတော်တဦးသဖွယ် စောင့်ရှောက်ကြကြောင်း မိုးမခ၀ိုင်းတော်သား မောင်ရစ်က ပြောပြသည်။
“ပြောသင့် မပြောသင့်တော့ မသိဘူးပေါ့ဗျာ။ ပြည်သူတွေ သိသင့်တယ် ထင်လို့ ပြောရမှာပဲ။ သီတဂူ၊ သဲကုန်းဆရာတော်ဘုရားကြီး အရှင်ဉာဏိသရ ကိုယ်တော်ကြီးကိုယ်တိုင်က ဒေါ်မာမာအေးကို အမြဲတန်း မေးမြန်းပြီး စောင့်ရှောက်တယ်။ သတင်းမေးတယ်။ ရဟန်းသံဃာတော်တွေ အမေရိကန်ကို အလည်အပတ်ရောက်ကြရင် ဒေါ်မာမာအေးကို သွားတွေ့တယ်။ ဆုတွေ တောင်းပေးကြတယ်။
ဘေးဧရိယာက မကြာခင်က ပြန်ကြွသွားတဲ့ ဓမ္မစရိယကိုယ်တော်လေးတပါးဆိုရင် ပြည်ပရေဒီယိုတွေက လွှင့်ပေးတဲ့ အန်တီရဲ့ သံဃာ့အရေးသီချင်းတွေကို ပြည်တွင်းမှကတည်းက နားထောင်ခဲ့တယ်၊ အားတင်းခဲ့ရတယ်လို့ အမိန့်ရှိခဲ့တယ်။ သာသနာကို ကာကွယ်ဖို့ အမျိုးသားရေးကို စောင့်ရှောက်တဲ့သီချင်းတွေအဖြစ် ပြည်သူတွေက မော်ကွန်းတင်တယ်ဆိုတာ ပြတာပဲ။
ဆရာတော်ကြီးတပါးက ဆိုရင် ဒီလိုပြောတယ် – ဗမာပြည်မှာ မာမာအေးဆိုတာ တဦးပဲ ထွန်းတယ် တဲ့။ နောက်ထပ် မာမာအေး မရနိုင်တော့ဘူး။ ဒါပဲ လို့ ပြောတာ”
ဟု မောင်ရစ်က ပြောပြသည်။
ထိုကဲ့သို့သော (ဒေါ်) မာမာအေးသည် ၂၀၀၈ တွင် ဗမာပြည်၏ အမျိုးသားရေးဂီတများ ထုတ်ဖော် ထိန်းသိမ်း လက်ဆင့်ကမ်းရန် မာမာအေး ဖောင်ဒေးရှင်းကို စတင်ခဲ့သည်။ မိမိတတ်နိုင်သလောက် ၀ိုင်းသမျှ ကူသမျှနှင့် ဆက်လက် ချီတက်နေဆဲဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် မြန်မာပြည်သို့ တနေ့ ပြန်ရနိုးဖြင့် မြန်မာပြည်၏ နိုင်ငံသားခရီးသွားလက်မှတ်ကို သက်တမ်းတိုးပြီးရင်း တိုးပြီး အမေရိကန်ပြည်တွင် ဧည့်ဗီဇာတခုဖြင့် ရပ်တည်ခဲ့သည်ဟု သိရသည်။
၂၀၀၈ နာဂစ်တွင်၎င်း၊ ၂၀၀၈ စစ်အစိုးရ၏ အခြေခံဥပဒေကို တဖက်သတ်အတည်ပြုရန် အဓမ္မကြိုးပမ်းချိန်တွင်၎င်း ဒေါ်မာမာအေးသည် ၎င်းပါရမီဖြစ်သာ ဂီတဖြင့် ပြည်သူတို့ဆန္ဒကို ထင်ဟတ်သော တေးသီချင်းများ သီဆိုဟစ်ကြွေးခဲ့သည်။ နာဂစ်ဘေးဒဏ်သင့်သူများကို ကူညီကြရန်၊ မတရားသည့် စစ်အစိုးရ၏ အခြေခံဥပဒေကို  ဒေါ်စုကဲ့သို့ ကန့်ကွက်မဲပေးကြရန် သီဆိုခဲ့သည်များ ရှိသည်ကို တွေ့ရသည်။
ထိုကဲ့သို့သော် အဖိနှိပ်ခံပြည်သူ၏ နှလုံးစည်းချက်ကို တေးအဖြစ် ငိုကြွေးသီဆိုမှုများကြောင်းလား မသိ – ထိုနှစ်နှောင်းပိုင်းတွင် အမေရိကန်ပြည်ရှိ မြန်မာစစ်သံရုံးက ဒေါ်မာမာအေး၏ ပတ်စပို့ကို သက်တမ်းမတိုးပေးတော့ဘဲ အပြီးတိုင်းသိမ်းပိုက်လိုက်ပြီး အကြောင်းမပြန်တော့ပေ။
မည်သို့ပင် လောကဓံ၏ လှိုင်းတံပိုးများအောက်တွင် တဦးတည်း ထီးထီးကြီး သီးခံပြီး ကြံ့ကြံ့ခံရပ်တည်သော အနုပညာသည်တဦးသည် မည်သည့်အခါတွင်မှ ၎င်း၏ ခါးသီးသော ၀မ်းနည်းဖွယ် ခံစားချက်များကို ပရိသတ်ထံ အသနားခံ တင်ပြပြီး မျက်ရည်ခံထိုးခြင်းမျိုး လုံးဝ တွေ့ရမည် မဟုတ်ချေ။ ပြည်သူ့အသံ၊ ခံစားချက်များ၊ ခေတ်ကို ထင်ဟတ်ခြင်းများကို ရေးသား ဖွဲ့ဆို ဟောပြောသူ ဒေါ်မာမာအေးသည် ၂၀၁၀ မြန်မာနှစ်သစ်ကူးတွင်လည်း မင်္ဂလာနှစ်သစ်အဖြစ် ကြိုဆိုသော အမျိုးသား သင့်မြတ်ရေး၊ ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးကို လက်ဆင့်ကမ်းသော တေးသံကို ဟစ်ကြွေးခဲ့ပြန်သည်။ ထိုတေးသီချင်းသည် ၂၀၁၀ ပြည်သူု့ဂုဏ်ရည် ဂုဏ်ပြုဆုချီးမြှင့် အခမ်းအနား၏ ဂုဏ်ပြုတေးသီချင်းအဖြစ် တင်ဆက်နိုင်ခဲ့ကြသည်ကို တွေ့ရသည်။
လူထုဒေါ်အမာ၏ “ပြည်သူချစ်သော” အနုပညာသည်များဟူသော စကားကို မှီးပြီးသုံးရလျင် – “ပြည်သူ့ကို ချစ်သော” အနုပညာသည်အဖြစ် ရပ်တည်မိသော ဒေါ်မာမာအေးမှာ တိုင်းပြည်ဂုဏ်ဆောင်၊ ပြည်သူ့လည်ဆွဲ အဆိုတော်တဦးအဖြစ် မော်ကွန်းတွင်သော်လည်း ယခုအချိန်တွင် အမိမြန်မာပြည်၏ အဝေး၊ ၎င်းကို လက်ခံကြိုဆိုပြီး ခိုနားစရာ အိမ်ယာ စောင့်ရှောက်မှုပေးသူ တစိမ်းတရံစာ အမေရိကန်ပြည်ထောင်စုတွင် ချစ်သော ပရိသတ်ကို မိသားစုအဖြစ် သတ်မှတ်ပြီး အခြေချနေထိုင်နေရင်း ယခု ၂၀၁၀ တွင် ၆၈ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။
အန်တီက –
“ကျမရဲ့ ဘီဘီစီ ခေါင်းစဉ်က သီချင်းလေးတပုဒ်ကနေ ပြန်ပြီး ပြင်ယူထားတာ ဖြစ်ပါတယ်။
ပြန်ခဲ့မယ် ပြန်ခဲ့မယ် …
ပြောစရာတွေလည်း တပုံကြီး ရှိသေးတယ်
တနေ့မှာ မာအေး ပြန်လာမယ်၊ ပြန်လာမယ် …
လို့ ဆိုခဲ့တာပါ။ အခုတော့ လောလောဆယ် ပြန်မလာနိုင်တဲ့ မာမာအေး ဖြစ်နေပေမယ့် မြန်မာပြည် ဂီတမိသားစုတွေကို အဝေးကနေ ပြောဆိုစရာတွေ ပြောဆိုရင်း၊ သီဆိုရင်း ဆက်ပြီးတော့ ရှင်သန်သွားနေမယ် လို့ပဲ ပြောချင်တယ်”
ဟု မိုးမခသို့ ပြောသည်။
မာမာအေး ဖောင်ဒေးရှင်းအနေဖြင့် ၎င်းပြည်ပတွင် သီဆိုခဲ့သော အမျိုးသားရေးသီချင်းများ စုစည်းမှုကို ၂၀၀၈ တွင် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ (မိုးမခက မေတ္တာဖြင့် ဖြန့်ချိပေးသည်)။ ၎င်းနောက် ဘီဘီစီအသံလွှင့် ဆောင်းပါးများကို ပြန်လည်စီစဉ်ပြီး ဆောင်းပါးပေါင်းချုပ်အတွဲများအဖြစ် ထုတ်ဝေရန်လည်း စီစဉ်နေသည်ဟု သိရသည်။ (ဓူဝံစာပေက ၀ိုင်းဝန်းမည်ဟု သိရသည်)။ ထို့အပြင် မြန်မာ့ဂီတ၏ ကလပ်စစ်သီချင်းများအဖြစ် ပရိသတ် တသသဖြစ်နေရသည့် ဒေါ်မာမာအေး၏ သီချင်းများကို ပြည်တွင်းတွင် ကိုယ်တိုင်အသံဖြင့် ထုတ်ဝေခွင့် မရသည်ကို ဖြည့်ဆည်းရန်အတွက် ၎င်းစိတ်ကြိုက် မာမာအေးသီချင်းစီးရီးများကိုလည်း ပြန်လည် ထုတ်ဝေရန် မိုးမခ၀ိုင်းတော်သားများကလည်း တိုက်တွန်းထားသည်။
ဒေါ်မာမာအေး ကို သည်တခါတော့ မိုးမခက မှတ်မှတ်ရရ ဆောင်းပါးဖြင့် ဂုဏ်ပြု ဦးညွတ်လိုက်ပါသည်။
သက်တော်ရာကျော်ရှည်ပါစေ။    ။
(ဓာတ်ပုံ – ဒေါ်မာမာအေး၊ ၆၈ နှစ် မွေးနေ့၊ ခင်မောင်လေး ရိုက်ကူးသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts