>cremation and reducing our use

>

မီးသင်္ဂြိုဟ်ရာတွင် အများ အကျိုးရှိစေရန် စီစဉ် ဆောင်ရွက်ခြင်း
ကျော်သူ
ဇူလိုင် ၂၇၊ ၂၀၁၀


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စများကို အခမဲ့ ဖေးမ ကူညီ ပေးလျက်ရှိရာ အအေးခန်း ထားရှိပေးခြင်း၊ မီးသင်္ဂြိုဟ်ပေးခြင်းများကို ပိတ်ရက်၊ နားရက်မရှိ နေ့စဉ် ထမ်းဆောင် ပေးလျက်ရှိပါသည်။

၂၀၀၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်၍ ၂၀၁၀ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့ အထိ နာရေး ကူညီမှုပေါင်း (၉၀၆၀၂) ခု အခမဲ့ ကူညီပေးခဲ့ပြီး ဖြစ်ပါသည်။

နာရေးကိစ္စများအတွက် အသင်းက စီစဉ် ပြုလုပ်ထားသော သစ်သားကတ်
မီးသင်္ဂြိုဟ်ရာ၌ (၁) ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ (၂) သစ်တောမပြုန်းတီးရေး၊ (၃) ငွေကြေးကုန်ကျမှု လျော့ချရေး တို့ကိုလည်း ထည့်သွင်း စဉ်းစားပါသည်။ ထို့အပြင် နာရေးရှင်များ စိတ်ချမ်းသာမှု ရရှိရန် အဓိကထား၍ သစ်သားအခေါင်းများအစား မှန်ခေါင်း၊ အလူမီနီယံခေါင်းတို့ဖြင့် အသုံးပြုကာ မီးသင်္ဂြိုလ် စက်ခန်းအတွင်းသို့ ရုပ်အလောင်း ရောက်ရှိမှသာ စက်ခန်းတံခါးပိတ်ပြီး ရုပ်အလောင်းကို အသင်းက ပြုလုပ်ထားသော သစ်သားကတ်ပေါ် ပြောင်းရွှေ့၍ မီးသင်္ဂြိုဟ်စက်ထဲသို့ ထည့်ကာ သင်္ဂြိုဟ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)က မီးသင်္ဂြိုဟ်ရာတွင် အသုံးပြုသော သစ်သားကတ်များ


နာရေးကိစ္စတချို့တွင် နာရေးရှင်တို့သည် ဂူသွင်းသင်္ဂြိုဟ်ခြင်းများကို ပြုလုပ်လျက်ရှိသည်။ ထိုသို့ ဂူသွင်းသင်္ဂြိုဟ်ရာ၌ သစ်သားအခေါင်းများကို အသုံးပြုကြရသည်။ သစ်သားအခေါင်းများ၏ တန်ဖိုးစရိတ်မှာ ( ၅ သိန်း၊ ၁၀ သိန်း၊ ၅၀ သိန်း ) စသဖြင့် ဈေးနှုန်း အသီးသီး ရှိသည်။

ထိုသို့သောအခါတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးရှင်တို့ အဆင်ပြေစွာ ဂူသွင်းသင်္ဂြိုဟ်နိုင်ရန် အသင်းတွင်ရှိသော အသင့်လုပ်ပြီးသား နိုင်ငံခြားဖြစ် အခေါင်းများဖြင့် အခမဲ့ အကူအညီ ပေးလျက်ရှိပါသည်။ ထို နိုင်ငံခြားဖြစ် အခေါင်းများသည် သစ်သားအခေါင်း၊ ဖိုက်ဘာအခေါင်းများ၊ အလူမီနီယံအခေါင်းများ ဖြစ်ကြသည်။ နိုင်ငံရပ်ခြားတွင် ဆုံးပါးသွားကြသော မြန်မာပြည်သား တချို့ကို နေရပ်ရင်းသို့ သယ်ဆောင် သင်္ဂြိုဟ်ရာတွင် ရုပ်အလောင်းကို နိုင်ငံခြားဖြစ် အခေါင်းများဖြင့် ထည့်သွင်းပြီး လေယာဉ်ဖြင့် သယ်ဆောင်လာရသည်။ မီးသင်္ဂြိုဟ်သည့် အခါ ယင်းအခေါင်းများအား မီးသင်္ဂြိုလ်စက်အတွင်း ထည့်သွင်းခြင်း မပြုဘဲ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အစီအစဉ်အရ သစ်သားကတ်များဖြင့် အစားထိုး မီးသင်္ဂြိုဟ်စေကာ ကျန်ရစ်သော နိုင်ငံခြားဖြစ် အခေါင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပေးလှူထားကြသည်။

ယင်းကဲ့သို့ လှူဒါန်းမှုများ မြောက်များစွာ ရှိသည့်အနက် ယမန်နေ့ ၂၆.၇.၂၀၁၀ (၀ါဆိုလပြည့်) နေ့က နိုင်ငံခြားဖြစ် အခေါင်း လှူဒါန်းသော အလှူရှင် (၂) ဦး ထူးထူးခြားခြား တိုက်တိုက် ဆိုင်ဆိုင် ရှိခဲ့ပါသည်။

နာရေးရှင်တို့၏ မွန်မြတ်သော အလှူ
Easten Honesty ကယ်မီကယ်လ် ဓာတုပစ္စည်းများ တင်ဆောင်သော ပင်လယ်ကူးသဘောင်္ သည် ၁၂.၇.၂၀၁၀ ရက်နေ့၌ တောင်တရုတ်ပင်လယ်တွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့ရာ မြန်မာနိုင်ငံသား သဘောင်္သား (၃) ဦး ဒဏ်ရာ အကြီးအကျယ် ရရှိခဲ့သည့်အနက် ဦးထွန်းထွန်းဝင်း အသက် (၃၉) နှစ်ကို မလေးရှား နိုင်ငံ ဆေးရုံမှ စင်ကာပူဆေးရုံသို့ အရေးပေါ် လွဲပြောင်း ကုသခဲ့ရာ ၂၂.၇.၂၀၁၀ နေ့တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။ သေဆုံးသူ၏ ရုပ်အလောင်းအား ကာယကံရှင် တို့၏ ဆန္ဒအရ မြန်မာပြည်သို့ ပြန်လည် သယ်ဆောင်ကာ ရေဝေးသုဿန်၌ သင်္ဂြိုဟ်အပြီး ဖိုက်ဘာ အခေါင်းအား နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ လာရောက် လှူဒါန်း ပေးအပ်ခဲ့ပါသည်။

စင်္ကာပူတွင် ကွယ်လွန်သူ ဦးထွန်းထွန်းဝင်း၏ ကောင်းမှု


နောက်တစ်ဦးဖြစ်သော ဦးဇေယျာစိုး အသက် (၃၇) နှစ်သည် မလေးရှားနိုင်ငံ ဂျို့ဟိုးဆိပ်ကမ်းတွင် အလုပ် လုပ်စဉ် နှလုံးသွေးကြောပိတ် ရောဂါဖြင့် ဂျို့ဟိုးဆေးရုံတွင် ကုသရာ ၁၈.၇.၂၀၁၀ နေ့ရက်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။ ကာယကံရှင်တို့၏ ဆန္ဒအရ ရန်ကုန်သို့ ၂၃.၇.၂၀၁၀ နေ့ရက်တွင် သယ်ဆောင်လာပြီး ထိန်ပင်သုဿန် အအေးခန်းတွင် ထားရှိကာ ၂၆.၇.၂၀၁၀ ရက်နေ့တွင် မီးသင်္ဂြိုလ်အပြီး ကျန်ရစ်သူမိသားစုက မလေးရှားနိုင်ငံလုပ် ဖိုင်ဘာအခေါင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ လှူဒါန်းပေးအပ် ခဲ့ပါသည်။

ဦးဇေယျာစိုး၏ ရုပ်အလောင်းကို ရန်ကုန်လေဆိပ်မှ ထိန်ပင် အအေးခန်းသို့ နာရေးကူညီမှု အသင်း (ရန်ကုန်) အဖွဲ့သားများက သယ်ဆောင်လာစဉ်

ဦးဇေယျာစိုး၏ ရုပ်အလောင်းထည့်ခဲ့သည့် ခေါင်းတလားကို နာရေးကူညီမှု အသင်း (ရန်ကုန်)၏ နေ့စဉ် လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လှူဒါန်းထားသည်

မီးခိုးနဲ့ပြာ
ရန်ကုန်တွင် နာရေးကူညီမှုများ ဆောင်ရွက်ရာတွင် အချို့သော နာရေးရှင်များသည် ရုပ်အလောင်းအား သယ်ဆောင်ရာတွင် နိဗ္ဗာန်ယာဉ် အကောင်းစား၊ ဂျပန်နိုင်ငံတွင် အသုံးပြုသော နိဗ္ဗာန်ယာဉ် အကောင်းစားတို့ဖြင့် အကူအညီပေးရန် တောင်းဆိုကြသည်။

အမှန်စင်စစ် မည်သည့် နိဗ္ဗာန်ယာဉ်ဖြင့် သယ်သယ်၊ မည်သည့် အခေါင်းဖြင့် သင်္ဂြိုလ် သင်္ဂြိုလ် နောက်ဆုံးတော့ မီးခိုးနဲ့ပြာ ဖြစ်မှာမလွဲပင်။ သေဆုံးသွားသူနှင့် ပါသွားမည်ကား ကုသိုလ်၊ အကုသိုလ်၊ သီလတို့ပင် ဖြစ်တော့သည်။

ထို့ကြောင့် … ယင်းကဲ့သို့ လှူဒါန်းဒါန ပြုခဲ့ကြသော ဦးထွန်းထွန်းဝင်းနှင့် ဦးဇေယျာစိုး တို့အား ရောက်ရာ ဘုံဌာနမှ သာဓု ခေါ်ဆိုနိုင်ရန် အမျှ … အမျှ … အမျှ ပေးဝေငှ လိုက်ပါ၏။





သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts