>Than Soe Hlaing – Burmese Censorship Borad – Regime’s Big Brother’s Eye

>

စာပေစိစစ်ရေး သို့မဟုတ် စောင့်ကြည့်နေသည့် မျက်ဝန်းတစ်စုံ
သန်းစိုးလှိုင်
ဇူလိုင် ၁၂၊ ၂၀၁၀
စိစစ်ရေး လို့လည်း အလွယ် ခေါ်ဆိုကြတဲ့ စာပေစိစစ်ရေးနှင့် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ဌာနဟာ မြန်မာနိုင်ငံက ပုံနှိပ်မီဒီယာ လောကကို အစဉ်အမြဲ စောင့်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံလို့ ဆိုရင် ကဗျာဆန်ကောင်း ဆန်နေပါလိမ့်မယ်။ အသုံးအနှုန်းကသာ ကဗျာ ဆန်ချင်ဆန်နေပေမယ့် လက်တွေ့ နေ့စဉ်ဘ၀တွေမှာတော့ ကဗျာမဆန်၊ မင်နီရာ ဗရပွနဲ့ နာရီနဲ့ချီ၊ ရက်အတန်ကြာ အချိန်ပေးပြီး လိုက်ထား၊ မေးထားရေးထားတဲ့ဟာတွေကို စိစစ်ရေးက တာဝန်ရှိသူတွေရဲ့ မင်နီအောက်မှာ အချည်းနှီး ဖြစ်ကုန်ရတာ အများကြီးပါ။ လုပ်အားတွေ အချိန်တွေ၊ ငွေတွေနဲ့ ကျွမ်းကျင်မှုတွေဟာ အုပ်ချုပ်သူ အစိုးရရဲ့ အကျိုးစီးပွား အတွက်ကြောင့် အချည်းနှီး ဖြစ်ကုန်ကြပါတယ်။

စိစစ်ရေးက သူတို့ဟာ သူတို့ စောင့်ကြည့်ရုံတင် မကပဲ ပုံနှိပ်မီဒီယာမှာ ရေးသားနေကြတဲ့ သတင်းထောက်တွေ၊ အယ်ဒီတာတွေ၊ ဆောင်းပါးရှင်တွေ၊ ကာတွန်းဆရာတွေ၊ ပန်းချီ သရုပ်ဖော်သူတွေရဲ့ ဦးနှောက်ထဲအထိ အငှားမျက်စေ့ တစ်စုံစီ ထည့်သွင်းပေးထားတာပါ။

“ဒီသတင်းက စိစစ်ရေးက လွတ်ပါ့မလား၊ ရေးလို့ရပါ့မလား” ဆိုတဲ့ မေးခွန်းနဲ့ ကိုယ့်ဟာကိုယ် ထိန်းချုပ် ဘောင်ခတ်ထားကြရတာဟာ မြန်မာပြည်မှ ဂျာနယ်လစ်တွေရဲ့ ဘ၀ပဲ ဖြစ်ပါတယ်။ ဒီသတင်းက စာဖတ်သူ၊ ပြည်သူ လူထုကို အကျိုး ရှိစေမှာလား၊ ဘယ်သူ့ကို ထိခိုက်နစ်နာစေမလဲ ဆိုတာတွေထက်ကို လွတ်ပါ့မလား၊ ရေးလို့ ရပါ့မလား ဆိုတဲ့ မေးခွန်းဟာ သတင်း မလိုက်ခင်မှာရော၊ သတင်း မရေးခင်မှာပါ ခေါင်းထဲ နေရာယူထားတာပါ။

အဲဒီလိုစဉ်းစားပြီး မလိုက်ဖြစ်တဲ့ သတင်းတွေ၊ မရေးဖြစ်တဲ့ သတင်းတွေ၊ မရိုက်လိုက်ရတဲ့၊ မဖော်ပြလိုက်ရတဲ့ သတင်းဓာတ်ပုံတွေ ဒုနဲ့ဒေးပါ။ ဒါကြောင့် စိစစ်ရေးက ကျွန်တော်တို့ သတင်းရေးသူ၊ ဆောင်းပါးရေးသူတွေရဲ ဦးနှောက်ထဲကိုပါ စောင့်ကြည့်မယ့် အသိစိတ်တစ်ခု ထည့်ပေးထားလိုက်ပါတယ်။ စာဖတ်သူ အတွက်၊ အများအတွက် အကျိုးရှိပေမယ့်လည်း မလိုက်သင့်တဲ့ သတင်း၊ လိုက်ခွင့် မရှိတဲ့သတင်း မဖော်ပြရတဲ့ သတင်းတွေနဲ့ ကျွန်တော်တို့ ဂျာနယ်လစ်တွေ ကျင်လည်နေကြရပါတယ်။

လတ်တလော အပြောင်းအလဲ

လက်ရှိ စာပေစိစစ်ရေးမှာ တာဝန်ယူသူ ဗိုလ်မှူးတင့်ဆွေနဲ့ သူ့နေရာ အစားတာဝန်ယူမယ်လို့ သတင်းပြေးနေသူ ဒု ဗိုလ်မှူးကြီး မျိုးမြင့်မောင်က စိစစ်ရေးရဲ့ နေ့စဉ် လုပ်ဆောင်မှုတွေကို တာဝန်ယူ စီမံခန့်ခွဲလာတဲ့နောက် ဂျာနယ်တွေ မဂ္ဂဇင်းတွေအပေါ် စိစစ်တဲ့ နည်းလမ်းတွေ ပြောင်းလာပါတယ်။ ဂျာနယ် တစ်စောင်အနေနဲ့ အရင်လို မူကြမ်းကို တကြိမ်တင်၊ နောက် ရုံးပြန်မကျခင်မှာ နောက်ဆက်တွဲ ၄၊ ၅ မျက်နှာကို ထပ်တင်ခွင့် ရှိရာကနေ အခုနောက်ပိုင်း အသစ်ထုတ်တဲ့ ဂျာနယ်တွေကို စာမျက်နှာ ထက်ဝက်စီ နှစ်ကြိမ်ခွဲတင်ဖို့ ညွှန်ကြားလာပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်တွေက စပြီး ဖော်ပြခွင့်ရနေတဲ့ မင်းသမီး၊ အဆိုတော် မော်ဒယ်များရဲ့ ပေါင်ပေါ်တဲ့ ဓာတ်ပုံတွေကို ဖော်ပြရင် ဂျာနယ်ရပ်နားတဲ့ ပြစ်ဒဏ်ပေးတဲ့ အချက်ပါ။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်က အနေအထားကို ပြန်ရောက်သွားတဲ့ သဘောပါ။ အရင်ကဆို အမျိုးသမီး သရုပ်ဆောင် အဆိုတော်တွေရဲ့ ရင်ဘတ်သား ပေါ်တာ၊ ပေါင် ပေါ်တာမျိုးကို လုံးဝ ခွင့်မပြုဘဲ နိုင်ငံခြား သရုပ်ဆောင် အဆိုတော်တွေရဲ့ ပုံတွေကိုပါ ဖိုတိုရှော့ပ် အစွမ်းနဲ့ ပိတ်ပေး ကာပေးရပါတယ်။

အဲဒီနောက် လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ ဂျာနယ်တွေ မဂ္ဂဇင်းတွေအနေနဲ့ သရုပ်ဆောင် မော်ဒယ် အမျိုးသမီးတွေရဲ့ စကပ်တိုတို၊ လည်ပင်းဟိုက်ဟိုက် ဓာတ်ပုံတွေ ဖော်ပြခွင့်ရလာခဲ့တာပါ။ ဖော်ပြခွင့်ပေးလာတဲ့ အဖြစ်ကို ကြိုဆိုရမှာပါ။ သို့ပေမယ့် အခြားသော သတင်းတွေ၊ ဆောင်းပါးတွေလည်းပဲ ယခင်ကအတိုင်း တင်းကြပ်မထားဘဲ ဖော်ပြခွင့် ပြုသင့်တယ် ဆိုတာကိုတော့ ထောက်ပြချင်ပါတယ်။

ပြင်ပမှာ အမျိုးသမီးတွေ အမှန်တကယ် ၀တ်ဆင် နေထိုင်နေကြတဲ့ ဓာတ်ပုံတွေကို ဖော်ပြခွင့် မပေးခြင်းဟာ သဘာဝ မကျသလိုပဲ လူတွေရဲ့ စားဝတ်နေမှု ဘ၀၊ စီးပွားရေး လူမှုရေး အဖြစ်အပျက် သတင်းတွေကို ဖြစ်ပျက်တဲ့ အတိုင်း ဖော်ပြခွင့် မပြုတာဟာလည်း သဘာဝ မကျပါဘူး။ ဒါကြောင့် အမျိုးသမီးတွေ ပြင်ပမှာ ၀တ်စား ဆင်ယင်သလို ၀တ်တာမျိုးကို ဖော်ပြခွင့်မပေးတဲ့ ကိစ္စဟာ သတင်းမှန်တွေကို တားမြစ်သလိုပဲ အမှန်ကိုငြင်းတဲ့သဘောပါ။

မူမရှိတဲ့ စိစစ်ရေး

စိစစ်ရေးမှာ မူမရှိဘူးလို့ ပြောရင် မမှန်ဘူးလို့ စိစစ်ရေးက ငြင်းကောင်း ငြင်းပါလိမ့်မယ်။ သူတို့ ဘာတွေကို ပိတ်မယ်၊ ဘာတွေကို ခွင့်ပြုမယ် ဆိုတာ မူဝါဒ လို့ ဆိုရင် ဒို့တာဝန် အရေးသုံးပါး၊ နိုင်ငံရေး ဦးတည်ချက် ၄ ရပ် ဆိုတာလို၊ နိုင်ငံ အကျိုးစီးပွားကို ထိပါးစေတဲ့ ဖော်ပြမှုတွေကို ခွင့်မပြုဘူး ဆိုတာမျိုးက လွဲရင် တိကျ ရှင်းလင်းတဲ့မူ၊ ရေးသားထုတ်ဝေသူတွေ လိုက်နာရမယ့် အချက် အလက်တွေရယ်လို့ ရှင်းလင်းစွာ ဖော်ပြမထားပါဘူး။ အထက်က မူလို့ ဆိုတဲ့ အရာတွေဟာ နားထောင်ကောင်းအောင် ခပ်ဝါးဝါး ပြောထားတာပါ။ အဓိကမူကတော့ စစ်အစိုးရကို ကာကွယ်ပေးဖို့၊ မှန်သည် မှားသည် မသိ အာဏာလက်ရှိ အုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်တွေကနေ ရယက အဆင့်အထိ ကာကွယ်ပေးဖို့၊ အခါအားလျော်စွာ စစ်အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွား ဂုဏ်သိက္ခာကိုပါ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။

အဲဒီ ၀န်မခံတဲ့ မူပါ အချက်တွေ အတိုင်း လုပ်ဆောင်ဖို့ ဘယ်အကြောင်းအရာက ဖော်ပြခွင့် ရှိတယ်၊ ဘယ်အကြောင်းအရာက ဖော်ပြခွင့်မရှိ ဆိုတာမျိုးကို ဂျာနယ်၊ မဂ္ဂဇင်း အယ်ဒီတာတွေကို သတ်သတ် မှတ်မှတ် အသိ မပေးထားပါဘူး။ တင်ပြကြည့်လိုက်ပြီး ခွင့်မပြုရင် ဒီအကြောင်းကို ခွင့်မပြုဘူးလို့ မှတ်သားရပါတယ်။ သို့ပေမယ့် အခြေအနေနဲ့ အဖြစ်အပျက်တွေ တခုနဲ့ တခု ထပ်တူဖြစ်ပျက်ခြင်း မရှိတဲ့အခါ စိစစ်ရေးကို ဘယ်လိုနားလည်ရမှန်း မသိတော့ဘဲ အယ်ဒီတာတွေ အနေနဲ့ ဝေးဝေးက ရှောင်ရေးကြတဲ့ အခြေ ရောက်ကုန်တာလည်း အများကြီးပါပဲ။

စာတပုဒ်၊ သတင်းတပုဒ် ဘာကြောင့် ပယ်တယ် ဆိုတာကို စိစစ်ရေးက ဘယ်တော့မှ ရှင်းပြလေ့မရှိပါ။ စာနယ်ဇင်းတိုက် တတိုက်နဲ့ တတိုက်အကြား မတူညီတဲ့ အခွင့်အရေးတွေ ပေးပြီး မီဒီယာလောကကို ဖဲ့ထုတ် စည်းရုံးနေတာကြောင့်လည်း ဖြစ်ပါတယ်။

တောခိုရင်း တောထဲမှာ သေဆုံးသွားတဲ့ ထင်ရှားတဲ့ စာရေးဆရာ နိုင်ဝင်းဆွေ၊ ပြည်ပမှာ ကွယ်လွန်ခဲ့တဲ့ ကဗျာဆရာတင်မိုး၊ ယုံကြည်ချက်ကြောင့် ထောင်ကျပြီး ထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ မောင်သော်ကတို့ရဲ့ စာမူဟောင်းတွေကို နအဖ ပြန်ကြားရေး ၀န်ကြီးနဲ့ နီးစပ်သူလို့ နာမည်ကြီးတဲ့ မြတ်ခိုင်က သူ့ဂျာနယ်မှာ ပြန်ဖော်ပြခွင့် ရပေမယ့် အခြားသော ဘယ်ဂျာနယ်မဂ္ဂဇင်းမှ အဲဒီလို အခွင့်အရေး မရပါဘူး။ အဲဒီလို ပြန်လည် ဖော်ပြခွင့်ဟာ မကြာသေးမီ သီတင်းပတ်ကမှ ရပ်ဆိုင်းသွားတာပါ။

ဒီအချက်ကို ဖော်ပြရတာဟာ ဂျာနယ်တိုက် တခုနဲ့ တခု အပေါ် ဆက်ဆံပုံ မတူညီတာကို မီးမောင်းထိုးပြလိုတာပါ။ မီဒီယာ ရပ်တည်ချက်အတိုင်း မှန်မှန်ကန်ကန် ရပ်တည်ဖို့ ကြိုးစားသူတွေ၊ အစိုးရကို ထောက်ခံရေးသားတာ မလုပ်တဲ့ ဂျာနယ်တိုက်တွေ ဆိုရင် အထူးအခွင့်အရေး မရဘဲ တခါတရံ နှောင့်နှေး ကြန့်ကြာအောင် ရပ်တည်ရ ခက်ခဲအောင် စိစစ်ရေးက လုပ်ဆောင်လေ့ရှိပါတယ်။ သတင်းအကြောင်းအရာတူ တခုကိုပဲ ခွင့်ပြုတဲ့တိုက်ကို ခွင့်ပြုပြီး ပယ်တဲ့တိုက်ကို ပယ်တာမျိုးလည်း မကြာခဏ ကြုံတွေ့နေကြရတာပါ။ စိစစ်ရေးမှာ မူမရှိဘူး ဆိုတာကို ဒီအချက်တွေက ပြသနေတာပါ။

မူမရှိဘဲ လူအပေါ်မူတည်ပြီး ဆုံးဖြတ်ခွင့် ပြုနေတာကြောင့် အခုတလော ညွှန်မှူး ဗိုလ်မှူးတင့်ဆွေ နေရာ ဒု ဗိုလ်မှူးကြီး မျိုးမြင့်မောင် နေရာဝင်ယူဖို့ ပြင်ဆင်နေချိန်မှာ ဂျာနယ်တိုက်တွေ အတွက် ပိုပြီး လုပ်ရကိုင်ရ ခက်ခဲလာပါတယ်။

အသစ်ရောက်လာတဲ့ ဒုဗိုလ်မှူးကြီး မျိုးမြင့်မောင်က သူ ကောင်းကောင်း မကျွမ်းကျင်သေးတဲ့ အချိန်ဖြစ်လို့ သူ့ရပ်တည်ချက် စိတ်ချရအောင် ပိုမိုပြီး ဖြုတ်ထား ဖြတ်ထားတဲ့ သဘောပါ။ စာအုပ် အနားသားတွေကို စက္ကူဖြတ်စက်မှာ ဖြတ်တဲ့အခါ မကျွမ်းကျင်သေးတော့ စာခွင်ကို ဖြတ်မိမှာ စိုးလို့ အနားသား ပိုဖြတ်ထားတဲ့ သဘောမျိုးပါ။ သူ့ကိုယ် အန္တရာယ် မဖြစ်ရအောင် ခါတိုင်း ဗိုလ်မှူးတင့်ဆွေ ခွင့်ပြုတာထက် ပိုပြီး ဖြုတ်တာ၊ အားလုံး တပြေးညီတည်း အခွင့်အရေးဖြစ်ရအောင် ဆိုပြီး ၁၂ ဦးပါ စစ်ဆေးတဲ့ အဖွဲ့တွေ ဖွဲ့ပြီး လုပ်ဆောင်တာနေတာပါပဲ။

ဂျာနယ်မဂ္ဂဇင်းလောကသားတွေ အတွက်ကတော့ ယခင်ကလိုပဲ ခွင့်ပြုမယ်လို့ ထင်ထားတဲ့ဟာတွေ ဖြုတ်ခံရ ပြန်လုပ်ရနဲ့ စိစစ်ရေးဆိုတဲ့ အရသာကို ပြန်သတိထားမိလာရပါတယ်။

အမှန်ကတော့ စိစစ်ရေးဆိုတာ မရှိသင့်တဲ့ အရာတခုပါ။ စစ်အစိုးရရဲ့ အကျိုးစီးပွား အာဏာပိုင် အုပ်ချုပ်သူတွေရဲ့ အကျိုးစီးပွားကို တာဝန်ယူ ကာကွယ်ပေးနေတဲ့ ဌာနတစ်ခု အဖြစ်ကလွဲရင် ဘယ်ပြည်သူကိုမှ ကိုယ်စားမပြုသလို ဘယ်လူထုရဲ့ အကျိုးစီးပွား တစ်ရပ်ကိုမျှ ကိုယ်စားပြုတဲ့ ဌာနတစ်ခု မဟုတ်တာ ကြာလာသည်နှင့်အမျှ ထင်ရှားလာနေပါတယ်။

( ၂၀၀၉ အောက်တိုဘာ ကားပြပွဲမှာ အမှန်တကယ် ၀တ်စားဆင်ထားသော အလှမယ်များ ဓာတ်ပုံ – မိုးမခ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts