>Daw Suu on Skype

>


ဒေါ်အောင်ဆန်းစုကြည်က Skype မှတဆင့် အစည်းအဝေးတက်ရောက်
မိုးမခအထောက်တော် အမှတ် ၀၀၂
စက်တင်ဘာ ၂၂၊ ၂၀၁၁

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တွင် Skype အသုံးပြုပြီး နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်များတက်ရောက်သည့် နယူးယောက်မြို့ အစည်းအဝေးတွင် တိုက်ရိုက် စကားပြောခဲ့သည်။

အမေရိကန် သမ္မတဟောင်း တဦး တည်ထောင်ထားသည့် Clinton Global Initiative (CGI) အစည်းအဝေးတွင် ယမန်နေ့က ပြောခဲ့ခြင်း ဖြစ်သည်။

Skype သည် နိုင်ငံတကာသို့ တယ်လီဖုန်းပြောဆိုနိုင်သည့် အင်တာနက် စာမျက်နှာဖြစ်သည်။ အသုံးပြုသူတို့၏ ကွန်ပျူတာတွင် ကင်မရာတပ်ဆင်ထားပါက တဘက်နှင့်တဘက် မြင်တွေ့ကြရမည် ဖြစ်သည်။

ဈေးသက်သာပြီး ရုပ်မြင်ရသဖြင့် အင်တာနက်နှင့်ကျွမ်းဝင်သောသူတို့က မြန်မာပြည်တွင် သုံးလာကြသဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏၀င်ငွေပင် ထိခိုက်လာသည်ဟု သိရသည်။

ထို့ကြောင့် မြန်မာပြည်တွင် Skype အသုံးပြုမှုကို တားမြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးဌာနက နှစ်ဆန်းပိုင်းတွင် ကြေညာချက် ထုတ်ပြန်ထားသည်။

ယမန်နေ့က အစည်းအဝေးခန်းမရှိ ပိတ်ကားပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်ပေါ်လာသောအခါ အစည်းအဝေးတက်ရောက်သူတို့က ခေတ္တ မတ်တပ်ရပ်၊ လက်ခုပ်တီးပြီး ကြိုဆိုကြသည်ကို တွေ့ရသည်။

CGI ၀က်ဆိုက်တွင် အစည်းအဝေးအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ရိုက်ပါဝင် ဆွေးနွေးမှုကို ကြည့်ရှု နားဆင်နိုင်သည်

http://www.clintonglobalinitiative.org/ourmeetings/2011/meeting_annual_multimedia_player.asp?id=40&Section=OurMeetings&PageTitle=Multimedia


အမေရိကန်စာနယ်ဇင်းသမား Charlie Rose, နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒက်စမွန်တူးတူး တို့က ပရိသတ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြောဆိုကြခြင်း ဖြစ်သည်။

“ဘယ်ခရီးမဆို တဆင့်ချင်း သွားရမှာပဲ။ ပြောရမယ်ဆိုရင် ဒီမိုကရေစီလှုပ်ရှားမှုထဲ ၀င်လာခါစတုန်းကတော့ ကျမဘ၀ တခုလုံးကို ဒီထဲမှာ မြှုပ်နှံထားရလိမ့်မယ်လို့ မထင်ခဲ့မိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယခု အစည်းအဝေးသို့ အင်တာနက်ရုပ်သံမှတဆင့် ပါဝင်နိုင်ခွင့်၊ မကြာသေးခင်က စာနယ်ဇင်းသမားတို့နှင့် တွေ့ဆုံနိုင်မှု၊ အစိုးရနှင့် စကားပြောဆိုနိုင်မှု တို့က တိုးတက်ဖြစ်ထွန်းမှုများဖြစ်သည်ဟုလည်း ပြောလိုက်သည်။

“ဒါမျိုးတွေ အရင်က မရှိခဲ့ဖူးဘူး။ ဒါဟာ ကျမတို့အတွက် တိုးတက်ဖြစ်ထွန်းမှုတွေပဲ။ ဒါပေမယ့် ဒီထက်မက ကျမတို့ လိုအပ်နေပါသေးတယ်” ဟု ဆိုသည်။

ဤအတောအတွင်း လှုပ်ရှားမှုအတွင်း လူငယ်အများအပြား၏ ထောက်ခံမှုကို ပိုမို ရရှိနေသည်ဟု ဆိုသည်။

အာရပ်နိုင်ငံလူငယ်များက အင်တာနက်လူမှုကွန်ရက်များသုံးပြီး အစိုးရဖြုတ်ချရေးလုပ်သကဲ့သို့ မြန်မာလူငယ်များက လုပ်နိုင်ချေရှိမရှိကိုလည်း Charlie Rose က ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့သည်။

“ဒီမှာရှိတဲ့ အင်တာနက်လူမှုကွန်ရက်အခြေအနေက အာရပ်နိုင်ငံတွေလိုမျိုး မဟုတ်သေးဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေခဲ့သည်။

Skype မှ ပေါ်လာသော ဒေါ်အောင်ဆန်းစုကြည်၏ အသံမှာ မကြာခဏ ပြတ်တောက်သွားသည်။

အင်တာနက်မြန်နှုန်းပုံမှန်ရှိပါက Skype သည် အသံကြည်လင်မှုအပြည့်အ၀ ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts