>Maung Yit – Hand Written Notes from the Editor

>

အယ်ဒီတာ့လက်ရေးစက်တင်ဘာ ၂၂၊ ၂၀၁၁
မောင်ရစ်
မိုးမခက ဒီတပတ်မှာစာတွေရေးစရာတွေ၊ အကြွေးတွေ ပိမြဲ ပိနေဆဲပါပဲ။ တယောက်တလက် ၀ိုင်းကူကြတာကိုကျေးဇူးတင်ကြောင်း စကားဆိုလိုက်ပါတယ်။ ရေးစရာ ကြုံရ ဆုံရတာလေးတွေကိုမှတ်စုထုတ်ထားသမျှကို သည်နေရာကနေ ပရိသတ်ကြီးကို အသိပေးလိုက်တယ်ပဲဆိုကြပါစို့။
ဧရာဝတီအရေးလှုပ်ရှားမှုတွေဆက်
တနင်္လာနေ့တုန်းကဆန်ဖရန်တရုတ်သံရုံးရှေ့မှာ မြန်မာတွေက ကန့်ကွက်ဆန္ဒပြကြတယ်။ ဧရာဝတီအရေးဟာပြည်တွင်းပြည်ပက မြန်မာတွေအတွက် တသွေးတည်း တသားတည်း အရေးဖြစ်လာပါကောလားလို့ဆန္̔ဒပြနေသူ မိတ်ဆွေတွေကို ဓာတ်ပုံရိုက်ရင်း တွေးမိတယ်။ စကာင်္ပူက မြန်မာတွေကလည်းအွန်လိုင်းနဲ့ ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေ လုပ်ကြမယ်လို့ ပြောသံကြားတယ်။အိုင်အိုဝါတက္ကသိုလ်ရဲ့ စာရေးဆရာအစီအစဉ်ကို တက်ရောက်နေတဲ့ ဧည့်သည်တော်စာရေးဆရာ၊ ဒါရိုက်တာ ချိုတူးဇော်က သူ့ဖေ့စ်ဘွတ်မှာ ရေးထားတယ်၊ ကိုလိုနီခေတ်ကရွှေတိဂုံဘုရားပေါ် ဖိနပ်မစီးဖို့အရေး ကန့်ကွက်တဲ့ လှုပ်ရှားမှုလိုမျိုးပဲ တဲ့။ အင်း … ဒီဖက်မှာလည်း ဧရာဝတီကိစ္စကို အကျယ်တ၀င့်ရေးသား ပြောဆိုမှုတွေလုပ်ခဲ့သူတွေဖြစ်တဲ့ ကိုအောင်ဒင်တို့ ကိုမင်းဇင်တို့နဲ့ သူ့တို့တွေ့ဆုံပြီးစကားမိတ်ဆုံပွဲလေး ဖြစ်စေချင်မိပါရဲ့ ဗျာ။
မိုးမခက ပေးစရာခရက်ဒစ်
ယခင်အပတ်ကမိုးမခက စာမူတွေ သတင်းတွေ ဖိတ်ခေါ်လိုက်တယ်။ မိုးမခရဲ့နွားကျောင်းသားအယ်ဒီတာတွေကိုလည်း ဆက်ရုန်းကြပါဦးလို့မျက်နှာချိုသွေးရတာပေါ့လေ။ မိုးမခက ပေးစရာစာမူခ မရှိဘူးလေ။ ပေးရင်လည်းအလှူငွေရတဲ့အထဲက လိုအပ်နေသူတွေ၊ ကျေးဇူးတင် ဂုဏ်ပြုချင်သူတွေကိုအမှတ်တရလက်ဆောင်ဝယ်ပေးတာမျိုးတွေ လုပ်ပါတယ်။
ပေးစရာတခု အကြံပေးလာသူပညာရှင်တဦးအဆိုကတော့ ၀ိုင်းတော်သားတွေကို နှစ်စဉ် ဗော်လန်တီယာနာရီတွေ တွက်ပြီးပေးပါ။ ထုတ်ပြန်ကြေညာပါတဲ့။ သည်အမေရိကန်က non-profit အဖွဲ့တွေက ကွန်မြူနီတီအလုပ်တွေလုပ်သူ ကျောင်းသား လူငယ်တွေကို အားပေးမှုအနေနဲ့ လုပ်တဲ့ ပုံသဏ္ဍန်ပေါ့လေ။ဝိုင်းတော်သားတွေရဲ့ ကျွမ်းကျင်မှုပေးဆပ်တဲ့ စေတနာ့ဝန်ထမ်းနာရီတွေကိုတွက်ချက်ထုတ်ပြန်ပေးဖို့ ဖြစ်ပါတယ်။
မိုးမခက လက်ရှိ စာမူတပုဒ်ပေးဆပ်သူတဦးကို စေတနာ့ဝန်ထမ်းအချိန် ၁ နာရီစာ လှူတယ်လို့ အနည်းဆုံး တွက်ရင်တလကို နာရီပေါင်း ၂၀၀ ကျော် ရှိတယ်ဗျာ။ လုပ်အားပေးတင်ဆက်နေသူ အထွေထွေလုပ်သား(အယ်ဒီတာ၊ ၀က်ဆရာ၊ နည်းပညာဆရာ လူ ၅ ဦး၊ တပတ်ကို နာရီ ၂၀ စီထားဗျာ) စေတနာ့ဝန်ထမ်းတပတ်ကို နာရီ ၁၀၀ နဲ့ တလကို နာရီ ၄၀၀ ရှိတယ်။ စုစုပေါင်း စေတနာ့ဝန်ထမ်းလှုဒါန်းသူတွေရဲ့ နာရီပေါင်း ၆၀၀ ကျော်နဲ့ မိုးမခကို လည်တယ်လို့ တွက်လို့ရပါတယ်။ ဒါဆိုရင် ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အနည်းဆုံး နာရီစားအလုပ်သမားလစာတနာရီ ၈ ကျပ် ပျမ်းမျှနဲ့ တွက်ချက်လိုက်ရင် တလကို ဒေါ်လာ ၄၈၀၀ ဘိုးကိုမိုးမခ၀ိုင်းတော်သားတွေက လှူပြီး တင်ဆက်နေတယ်လို့ အနည်းဆုံး စာရိတ်အဖြစ်ပြောနိုင်ပါတယ်။
အင်း ၄၈၀၀ ဆိုတာ အမေရိကန်ကကောလိပ်ကျောင်းထွက် တက်ခနင်ရှင်တယောက် လစာလောက်ပဲ ရှိပါတယ်။ မိုးမခက လူတွေဈေးအတော်ပေါသကိုးဆိုလဲ ပြောပါစေ။ ဒီလို တလကို နာရီပေါင်း ၆၀၀ ဆိုတာ တနေ့ ၈နာရီ အလုပ်ချိန်နဲ့တွက်ရင် အချိန်ပြည့် ၀န်ထမ်း ၄ ဦးစာ ရှိပါတယ်။အဲသည်လိုမျိုးနဲ့ ကျနော်တို့ စာနယ်ဇင်းဝက်ဆိုက်သတင်းအလှူကို လုပ်နေတယ်။ အဲသည်၎ ဦးစာကို လစာပေးမယ်ဆိုရင် အနည်းဆုံး ငွေ ၄၀၀၀ ပဲပေး၊ တလကို ဒေါ်လာ ၁ သောင်း ၆ထောင် ကျမယ်။
ကဲ ပေး … ဒေါ်လာငွေ ၁ သောင်း ၆ထောင် … မရှိဘူးဗျ။ နွားကျောင်းသားတွေရဲ့ အင်တာနက်ဖိုးတောင် အိတ်ထဲက စိုက်ရတာလေ။မိုးမခကို လှူကြ တမ်းကြသူတွေ ရသမျှကိုလည်း ကျနော်တို့က ပြန်ပြီးလှူဒါန်းနိုင်တာ တလကို ဒေါ်လာငွေ ၁ ထောင်ကျော်တောင် ရှိသေးပါဗျာ။
ဒါကိုပဲမိုးမခ၀ိုင်းတော်သားတွေ ၀မ်းသာ ဂုဏ်ယူနိုင်အောင် တွက်ချက် ပေးလို်က်တယ်။ကျနော်တို့တတွေရဲ့ အလကားမတ်တင်းဝက်ဆိုက်ကို မြန်မာပြည်တွင်း ပြည်ပက ချစ်သူတွေကတန်ဖိုးထား ဖတ်ရှုနေကြတာတွေဟာ အဖိုးမဖြတ်နိုင်တဲ့ ကိစ္စပါ။ အကျဉ်းထောင်ထဲကနိုင်ငံရေးအကျဉ်းသားတဦးရဲ့ အချိန်တနာရီနဲ့ ယှဉ်လိုက်ရင် ကျနော်တို့ပေးဆပ်မှုဟာမြေမှုန်လေးမျှသာ ဖြစ်ပါတယ်။
ခရက်ဒစ်ဆိုလို့ ဂျစ်တူးကို သတိရ၊ကိုမျိုး၊ မင်းကျော်ခိုင်၊ မစ္စတာခရီယိတ်တာ နဲ့ ပန်းချီ ကာတွန်းသမားတွေကို သတိရ
တလောကမိုးမခစာရေးဆရာ ဆရာသန်းဝင်းလှိုင်ရဲ့ ဒေါ်စုဂုဏ်ပြု စာအုပ်တအုပ် ထိုင်းနိုင်ငံမှာထွက်ပါတယ်။ မြန်မာဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ပါ။ အဲသည်စာအုပ်နောက်ဖုံးမှာ ကချင်ဝတ်စုံနဲ့ဒေါ်စုပုံ ပါတယ်။ ဒီပုံကမြန်မာ့အရေးလှုပ်ရှားသူတွေကြား ပရိသတ်အတွင်းမှာ ခေတ်စားပြီးသားပုံပါ။ တဦးဦးရဲ့ဒီဇိုင်းပေါ့လေ။ သို့သော် စာအုပ်ကို အကြောင်းပြုပြီးတော့မှ ပုံရဲ့ဂရပ်ဖစ်ဒီဇိုင်းဖန်တီးသူကို သိရတယ်။
စင်္ကာပူက ဓာတ်ပုံဆရာ၊မိုးမခမိတ်ဆွေ၊ ၀ိုင်းတော်သား၊ ဂျစ်တူး မုံရွာ ပါ။ သူက သူရဲ့လက်ရာဆိုတာလေးစာဖြင့်ဖော်ပြတာမျိုး ထည့်ပေးနိုင်မလားလို့ တဆင့်လှမ်းမေးလို့  … အော် သူ့လက်ရာပါကလားလို့ သိရတယ်။သူ့လက်ရာတွေထဲမှာ ဒေါ်စုက ၂၀၀၈ အခြေခံဥပဒေကို ကန့်ကွက်မဲ ကြက်ခြေခတ်ထည့်တဲ့ပုံဟာလည်း အတော် ထင်ရှားပါတယ်။ ပြည်တွင်းက ရွှေဂုံတိုင်ဌာနချူပ်မှာတောင်ရုံးအ၀င်မှာ အကြီးကြီး ချိတ်ဆွဲခဲ့ဖူးတယ်။
အဲသည်လိုပဲ ပြည်သူတွေမြှောက်စားလို့ မြန်မာ့အရေး ပုံတွေ၊ ဓာတ်ပုံတွေ၊ ဂရပ်ဖစ်တွေ ရေးဆွဲသူတွေရဲ့ပုံတွေဟာလည်း အလွန်ကို ကျယ်ပြန့် အောင်မြင်ပါတယ်။ အထူးသဖြင့်မိုးမခမိတ်ဆွေတွေဖြစ်တဲ့ ကိုမျိုး၊ မင်းကျော်ခိုင်၊ မစ္စတာခရီယိတ်တာနဲ့ ကာတွန်းဘီရုမာ၊ စောငို နဲ့တကွ (ဟန်လေးကိုတော့ မပြောနဲ့တော့၊ သူက ပွဲတိုင်းကျော်ပေါ့)ပန်းချီ ကာတွန်းသမားတွေလက်ရာတွေ ပြည်တွင်း ပြည်ပ  ခေတ်စားတယ်။ ဖြစ်နိုင်ရင် တခါတလေ ပုံနှိပ်တာ၊ ပြပွဲတွေမှာသူတို့လက်ရာလေးတွေဆိုတာ အမည်ထုတ်ဖော်ပြီး ဖော်ပြပေးနိုင်ရင် ကောင်းမှာပဲလို့တိုက်တွန်းချင်ပါတယ်ဗျာ။
အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်
မိုးမခကိုဝိုင်းဝန်းကူညီသူတွေ၊ လှူဒါန်း အားပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလမှာအထူးသဖြင့် ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်ဖြစ်တဲ့အတွက် သံဃာတော်တွေကိုလည်းကျေးဇူးရှင် အလှူရှင်တွေအဖြစ် မှတ်တမ်းထုတ်ဖော်ချင်တယ်။ ရွှေဝါရောင်ကာလမှာမိုးမခက မြန်မာပြည်ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေကို စတင်ခဲ့တယ်။အလှူရှင်တွေထဲမှာ ပြည်ပရောက် သံဃာတော်တွေကိုယ်တိုင်က မိုးမခကတဆင့်လှူဒါန်းမှုတွေ လုပ်ခဲ့တယ်။ သူတို့အလှူတွေနဲ့ စစ်အစိုးရ နင်းခြေဖျက်ဆီးထားတဲ့ရန်ကုန်ကကျောင်းတွေကို ၀င်ပြီး ဆွမ်းနဲ့ ပစ္စည်းလေးပါး ကပ်လှူခဲ့ရတာတွေ ရှိတယ်။မန္တလေးက ကျောင်းတွေကိုလည်း ပျံလွန်သွားပြီဖြစ်တဲ့ မစိုးရိမ်ဆရာတော် ဦးကောဝိဒထံအသိပေးပြီး လှူဒါန်းတာတွေ လုပ်ခဲ့တယ်။
တလောကသံဃာတော်တပါးက သူ့ဆီမှာရှိတဲ့ အလှူငွေနဲ့ အင်န်အယ်ဒီရဲ့နိုင်ငံရေးအကျဉ်းသားတွေအတွက် လှူတယ်၊ ပြီးတော့ စာအုပ်တွေတောင် မိုးမခအတွက်လှူလိုက်ပါသေးသဗျာ။ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ အလှူတွေကို လက်ခံပြီးအကျိုးရှိအောင် လှူဒါန်းမှုပြုရတာအတွက် ကြားခံ တဆင့်ကုသိုလ်ပြုသူရဲ့ ပီတိဟာအလွန်ကြီးပါတယ်ဗျာ။ ကျေးဇူးတင်ကြောင်းလည်း အလှူရှင်တွေကို ဦးညွတ်ပြီးပြောလိုက်ပါတယ်။
ကျနော့်ပါစင်နယ်လေးတခုပြောရရင် ကျနော့်အဖိုးဖြစ်သူ ဦးခင်မောင်လတ်လိုအလှူရှင်မျိုးကို သတိရလွမ်းဆွတ်မိတယ်။ နံနက် အိမ်ကနေ ၁၅မိနစ်လောက် ဝေးတဲ့အင်္ဂလိပ်စာသင်တန်းကို စာသင်ဖို့ သွားတဲ့ လမ်းတလျောက်မှာ တွေ့တဲ့သူတွေမှန်သမျှတခုခု ပေးချင် လှူချင်လို့ ငွေ အကြွေတွေ တိုက်ပုံထဲ ထည့်သွားတဲ့သူ။အင်္ဂလိပ်စာအလွတ်သင်တန်းမှာ ကျောင်းသားတွေပေးသမျှ ကျောင်းလစာကိုသာ ယူပြီးလိုအပ်နေသူတွေကို အခမဲ့ ပညာဒါနပေးသူ။ အိမ်မှာ နေ့လည်နေ့ခင်း တရေးတမောအိပ်စက်အနားယူရင်တောင်မှ အလှူခံတွေ လာရင် လွတ်သွားမှာစိုးလို့ သူ့ကိုနှိုးဖြစ်အောင် နှိုးဖို့ ပြောသူ ဖြစ်တယ်။ ဘဘက လူတွေကို ပတ်ဝန်းကျင်ကို တခုခုဘာပေးရမလဲ စဉ်းစားနေတာလို့ ပြောခဲ့တာ ပြန်သတိရမိတယ်။
အခုကျတော့မောင်ရစ်တကောင်လည်း ဘဘကြီး ဦးခင်မောင်လတ် အိပ်ယာက ထလာလေမလားလို့ ခြံဝကနေမျှော်နေရတဲ့ အလှူခံတဦးလိုမျိုး ခံစားမိတယ်။ ကျနော်တို့ကလည်း ပြန်ပေးချင်တာပါ။သူများဆီက အမြဲလက်ဖြန့်ခံနေရသူ ဘယ်ဖြစ်ချင်ပါ့မလဲဗျာ။
မြန်မာပြည်ကိုလားဟေ့၊ သွားကြစို့တဲ့လား။
အခုတလောမှာပြည်တွင်းက မိတ်ဆွေတွေ မေးနေကြစကားကတော့ ဘယ်တော့ ပြန်လာမှာလဲ ဆိုတာ ဖြစ်တယ်။အလည်ပဲဖြစ်ဖြစ် လာလေဗျာလို့ လောကွတ်ချော်တဲ့သူတွေလည်း ရှိတယ်။မပြန်သေးပါဘူးဗျာလို့ ပြန်ဖြေတာ များပါတယ်။
တချို့ကတော့ ပြောပါတယ်။ခင်ဗျားတို့တွေက စားဝတ်နေရေးအတွက် အိမ်ကြွေး အိုးကြွေး၊ ကားကြွေး၊ သားရေးသမီးရေး၊ စားဝတ်နေရေးတွေ ပိနေတော့ ဘယ်မှာ မြန်မာပြည်ပြန်ဖို့ နေနေသာသာဆန်ဖရန်စစ္စကိုက တရုတ်သံရုံးရှေ့ ဆန္ဒပြဖို့ အရောက်သွားဖို့တောင် မနည်းရုန်းကန်နေရရှာတာ … သနားစရာ၊ ကျွတ်ကျွတ်ကျွတ် တဲ့ဗျ။ အင်း ဟုတ်တာပဲ။ မြန်မာပြည်ကလူတွေကလည်း ဘုမသိဘမသိနဲ့ မောင်ရစ်လို အလကားကောင်တကောင်ကို မြန်မာပြည်မပြန်ဖူးလား မေးနေကြသေးတယ်။ ဒုက္ခပါပဲဗျာ။
ကြီးကြီးကျယ်ကျယ်တိုင်းပြည်ရဲ့ စေတနာမှန်ကို သိလို့ မြန်မာပြည်တွင်းမှာ အလုပ်အကျွေးတွေပြုဖို့ ဘယ်နှယ့်ညာနှယ့်၊ နိုင်ငံရေးအကျဉ်းသားတွေထဲ ပြန်မလွတ်လာသေးလို့တို့၊သတင်းစာနယ်ဇင်း လွတ်လပ်ခွင့် မရှိသေးလို့တို့ ဘာညာ ဆင်ခြေတွေ ဘာတွေပေးမနေတော့ပါဘူး။ ကိုယ့်ဝမ်းနာ ကိုယ်သာသိပြီး မပြန်ဖူးပဲ ထားပါတော့လေ။မိုးမခ၀က်ဆိုက်ဆိုတာက အင်တာနက်တွေ ပိတ်လိုက် နှေးလိုက် အီလက်ထရွန်နစ်ဥပဒေနဲ့ထောင်ဒဏ် ကမ္ဘာနဲ့ တသိန်း ချလို့ရတဲ့ အရပ်မှာ သွားထောင်လို့ မှ မရသေးတာ။
နွားကျောင်းသားကိုဝင်းပြောသလိုပေါ့။အင်တာနက်ကြီး အမှန်တကယ်ပွင့်လင်း မြန်ဆန်သွားပြီဆိုလို့ကတော့နေ့စဉ်အီးမေးသတင်းလွှာ အပင်ပန်းခံပို့နေတာကြီးက ရာသက်ပန် အနားယူလိုက်မယ်။သာမန်ပြည်သူတဦးလို ပူပင်ကြောင့်ကြမှု မရှိပဲ လွတ်လပ်အေးချမ်းစွာ ၀င်ထွက်သွားလာလှုပ်ရှားတာတွေ လုပ်မယ်။ ဘယ်သူဆီကလည်း အခွင့်တောင်းနေစရာလည်း မလိုဘူး။ ဘာမှလည်းလျောက်ထား တင်ပြနေစရာလည်း မလိုပါဘူး တဲ့။ အဲဒါဟာ ကဗျာဆရာ တင်မိုး နောက်ဆုံးရေးခဲ့တဲ့ကဗျာလိုပေါ့ ။ “သာမန်လူသားတဦးရဲ့ ဆန္ဒ” ပါပဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts