>Htain Linn Article – 63

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၆၃)

ခေတ်စမ်းစာပေ နှင့် အမျိုးသားနိုင်ငံရေး
ထိန်လင်း
ဇွန် ၂၁၊ ၂၀၁၀

ကိုလိုနီခေတ်အတွင်း နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲတွေ အများအပြားဖြစ်ပေါ်ခဲ့သလို စာပေဆိုင်ရာ ပြောင်းလဲမှုတွေလည်း ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ထင်ရှားတဲ့အပြောင်းအလဲတစ်ခုကတော့ ခေတ်စမ်းစာပေ ဆိုတဲ့ စာပေအရေးအသား ပြောင်းလဲမှုဖြစ်ပါတယ်။

ခေတ်စမ်းစာပေ လှုပ်ရှားမှု ဘယ်နေ့ဘယ်ရက်က စတင်တယ်ဆိုတဲ့ မှတ်တမ်းမရှိပေမယ့် ၁၉၃ဝ ကနေ ၁၉၃၅ ခုနှစ်အတွင်း ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ၁၉၃၄ ခုနှစ်အတွင်းမှာ တက္ကသိုလ်ကျောင်းသားများ ရေးဖွဲ့ပြီး ပါမောက္ခ ဦးဖေမောင်တင် တည်းဖြတ်ထားတဲ့ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းက ‘ခေတ်စမ်းကဗျာ’ စာအုပ် ထွက်ရှိခဲ့ပါတယ်။ အဲဒီအချိန်နဲ့ မရှေးမနှောင်းကလည်း ‘ခေတ်စမ်းပုံပြင်’ဆိုတဲ့ အမည်နဲ့ စာအုပ်တစ်အုပ် ထွက်ရှိခဲ့ပါတယ်။ ဒါတွေဟာ ခေတ်စမ်းစာပေရဲ့ အထင်ကရမှတ်တိုင်တွေလို့ ဆိုနိုင်ပါတယ်။

ဒီစာပေတွေကို ဘာကြောင့် ခေတ်စမ်းစာပေ လို့ ခေါ်ဆိုကြပါသလဲ။
ခေတ်စမ်းကဗျာ စာအုပ်ကို တည်းဖြတ်တဲ့ ဆရာကြီး ဦးဖေမောင်တင်က “ဤစာအုပ်တွင် ပါဝင်ရေးသားကြသော တပည့်လူငယ်တို့သည် ပညာရှာဆဲမျှသာ ဖြစ်ရကား မြေစမ်း၍ ခရမ်းပျိုးနေ နေရသည် ဖြစ်သောကြောင့် မပြေပြစ်၊ မကျစ်လစ်၊ မသိပ်သည်း၊ မပြည့်စုံသော အဖွဲ့မျိုးကို ဖွဲ့မိပါမူ အပြစ်လွှတ်ရန်သာ ဖြစ်တော့သည်”လို့ ဆိုထားပါတယ်။ ခေတ်ကို မြေစမ်း ခရမ်းပျိုးတဲ့အနေနဲ့ စမ်းသပ်တဲ့သဘောဟာ ခေတ်စမ်းရဲ့ သဘောပဲဖြစ်ပါတယ်။

‘ခေတ်စမ်းပုံပြင်’ စာအုပ်ရဲ့ နိဒါန်းမှာလည်း “ခေတ်ကို စမ်းသပ်သည့်အနေဖြင့် သော်လည်းကောင်း၊ စူးစမ်း ဆင်ခြင်သည့်အနေဖြင့်သော်လည်းကောင်း အစရှိသည့် အဓိပ္ပာယ်မျိုးကို သက်ရောက်စေလျက် ‘ပုံပြင်’မှာ ဘုရားဟော မုက္ခပါဌ်တို့ကို မှီငြမ်းပြုကာ ရေးသားထားသော ဇာတ်၊ ဝတ္ထု၊ နိပါတ်တို့မှ ခြားနားစေပြီးလျှင် ခေတ်ကာလအလျောက် အဖြစ်အပျက်တို့ကို အကြောင်းသင့်သလို ရေးသားဖော်ပြသော စာမျိုးဖြစ်ကြောင်းကို သိစေခြင်းငှာ ရည်ရွယ်၍ ခေါ်ဝေါ်လိုက်ခြင်း ဖြစ်ပေသည်” လို့ ဆရာကြီး ဦးဖေမောင်တင်က ရေးသားခဲ့ပါတယ်။ ခေတ်စမ်းစာပေ အရေးအသားတွေကို စာရေးသူတွေက ဘယ်သူမှ မတိုက်တွန်း မနှိုးဆော်ဘဲ ရေးသားခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

‘ခေတ်စမ်းပုံပြင်’ စာအုပ်မှာ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ပါမောက္ခ ဦးဧမောင်၊ သိပ္ပံမောင်ဝ၊ ကုသ တို့ရဲ့ စာမူ ၅၈ ပုဒ်ကို စုစည်းထားတာဖြစ်ပြီး မူလက ၂ တွဲခွဲပြီး ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ စာရေးသူတွေရဲ့ ကလောင်အမည်ကလည်း မောင်သိန်းဟန်၊ မောင်ဝန်၊ မောင်ဧမောင်၊ မောင်စိန်တင်၊ မောင်တိုးအောင် လို့ အမည်ရင်းတွေ အတိုင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီလို စုစည်းဖော်ပြထားတဲ့ ခေတ်စမ်းပုံပြင်များဟာ ဂန္ထလောက မဂ္ဂဇင်း၊ တက္ကသိုလ်မဂ္ဂဇင်း၊ သမဂ္ဂ မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့တဲ့ စာမူတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီမဂ္ဂဇင်းတွေဟာ ခေတ်စမ်းစာပေကို ရှင်သန်အောင် ပျိုးထောင်ပေးတဲ့နေရာတွေဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ ခေတ်စမ်းစာပေဟာ ထောက်ခံသူ၊ ဝေဖန်သူ၊ ရှုတ်ချသူ စသဖြင့် တုံ့ပြန်မှုမျိုးစုံကို ဖြတ်သန်းပြီးမှ သမိုင်းမှတ်တိုင် စိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ပဒေသရာဇ်ခေတ် စာပေရေးသားမှုပုံစံတွေကနေ ခွဲထွက်ပြီး စိတ်ကူးဆန်းသစ်မှုနဲ့ ရေးဖွဲ့တဲ့အပေါ် ထောက်ခံအားပေးသူတွေ ရှိသလို၊ “ခေတ်စမ်းစာပေကို တီထွင်ကြသော သူများမှာ အင်္ဂလိပ်စာတတ် တက္ကသိုလ်ပညာတတ်များ ဖြစ်လေရာ ဝိတိုရိယခေတ် စာပေသြဇာနှင့် မကင်းဟု ထင်မြင်ရန်ရှိပေသည်” လို့ ဝေဖန်တာတွေ၊ စာပေရေးသားမှု ပုံစံပြောင်းတာသက်သက်ပဲ ရှိတယ် နိုင်ငံရေးမပါဘူး ဆိုတာမျိုးတွေလည်း ရေးကြပြောကြတာ ရှိပါတယ်။ တချို့ကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက လူထုကဗျာတွေ ရေးဖွဲ့ပြီး လူထုကို လှုံ့ဆော်တဲ့အချိန် ခေတ်စမ်းသမားတွေက အနုအလှတွေကြားမှာ စိတ်ကူးယဉ်ကောင်းတုန်း ဖြစ်နေတယ် ဆိုတဲ့သဘောမျိုး ရေးသားကြပါတယ်။

တကယ်တော့ ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့ကြတဲ့ ပညာတတ်ကျောင်းသားတွေရော၊ နိုင်ငံရေးနယ်ပယ်ကို ရောက်လာတဲ့ ကျောင်းသားများရော ပထမ ကျောင်းသားသပိတ်က ပေါ်ထွက်လာခဲ့တဲ့ အမျိုးသားကျောင်းတွေက မွေးထုတ်ပေးခဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်စမ်းစာပေဟာလည်း ဝံသာနုလှုပ်ရှားမှုတွေက ထွက်ပေါ်လာတဲ့ အသီးအပွင့်တစ်ခုလို့ ဆိုနိုင်မယ်ထင်ပါတယ်။

အမျိုးသားစာပေနဲ့ နိုင်ငံရေးဆက်စပ်ပုံကို ဘယ်လိုရှိတယ်ဆိုတာကို ကဗျာဆရာ မောင်စွမ်းရည်က အခုလို ပြောပြပါတယ်။
“အမျိုးသားစာပေနဲ့ အမျိုးသားသမိုင်း၊ မြန်မာ့သမိုင်းနဲ့ မြန်မာစာပေ အထူးအလေးပေး သင်ကြားလာတာဟာ ဒါ နိုင်ငံရေးပဲလေ။ အမျိုးသားနိုင်ငံရေးရဲ့ အစက အမျိုးသားကျောင်းတွေက၊ လွတ်လပ်ရေးလှုပ်ရှားမှုအစ အမျိုးသားကျောင်းက အဲဒီလိုဆိုလေ့ရှိတယ်။ ခေတ်သစ်မြန်မာစာပေ ပေါ်ပေါက်ရေး အစဟာလည်း အမျိုးသားကျောင်းကပဲ။ အမျိုးသားကျောင်းတွေမှာ အမျိုးသားစာပေ၊ အမျိုးသားသမိုင်း သင်ကြားပြီး မျိုးချစ်စိတ် ထက်သန်တဲ့ လူငယ်တွေ၊ မြန်မာစာပေကို ကျကျနန လေ့လာခဲ့ရတယ်။ မြန်မာ့သမိုင်းကို ကျကျနန အင်္ဂလိပ်ကျောင်းတွေမှာ သင်လာသလို ကရော်ကမည်နဲ့ စော်ကားမော်ကားသင်သလို မရှိတော့ဘဲနဲ့ ဆရာကြီးတို့လို သင်ကြားတော့ မျိုးချစ်စိတ် ထက်သန်တဲ့ သမိုင်းဆရာတွေနဲ့ မြန်မာစာဆရာတွေ ပေါ်ပေါက်လာတယ်”

တကယ်တော့ နိုင်ငံရေးကြောင့် စာပေက ပြောင်းလဲလာသလို၊ စာပေတွေကလည်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပုံရိပ်တွေကို ထင်ဟပ်စေမှာ၊ နိုင်ငံရေးအငွေ့အသက်တွေ ကိန်းအောင်းနေမှာဖြစ်ပါတယ်။ ဘယ်ခေတ်မှာမဆို သက်ဆိုင်ရာခေတ်ရဲ့ ပုံရိပ်တွေ အနည်းနဲ့အများ စာပေတွေထဲမှာ ကိန်းဝပ်နေမှာဖြစ်ပါတယ်။ ခေတ်စမ်းစာပေဟာ ရသစာပေ ဖြစ်ခြင်းကလည်း နိုင်ငံရေး အရောင်အသွေး မျှော်လင့်ကြသလောက် မပါလေသလား ဆိုတာကလည်း စဉ်းစားစရာပါ။

ဆရာ မောင်စွမ်းရည်ကတော့ ခေတ်စမ်းစာပေနဲ့ ပတ်သက်တဲ့ သူ့အမြင်ကို အခုလို ဆိုပါတယ်။
“နိုင်ငံရေးကြွေးကြော်သံ တိုက်ရိုက်မရေးပေမယ့် သူတို့က သခင်ကိုယ်တော်မှိုင်းရဲ့ စာတွေကို နှစ်သက်ပြီးတော့ ကြီးပြင်းလာကြတဲ့ လူတွေပဲ။ သူတို့ရဲ့ စကားပြေတွေမှာ သခင်ကိုယ်တော်မှိုင်းဋီကာတို့ဘာတို့ ပြုစုခဲ့ကြတာပဲ။ ပြုစုပြီးတော့ မင်းသုဝဏ်ကိုယ်တိုင်ကလည်း ‘သခင်ကိုယ်တော်မှိုင်းသာ စာမဆိုခဲ့သော်’ဆိုပြီးတော့ သူတို့ အမျိုးသားခေတ်က စာပေ၊ အမျိုးသားခေတ်က ယဉ်ကျေးမှုကို ဖော်ထုတ်ဖွင့်ဆိုကြတာပဲ။ ဖော်ထုတ်ဖွင့်ဆိုပြီးတော့ ပိုမိုပြီးတော့ ခေတ်စမ်းစာပေကို ခိုင်မာအောင် လုပ်ကြရတာပဲ”

ရှေ့တပတ်မှာတော့ ခေတ်စမ်းစာပေများထဲက နိုင်ငံရေးအငွေ့အသက်များအကြောင်း ဆွေးနွေး တင်ပြသွားမှာဖြစ်ပါတယ်။ ။

ထိန်လင်း (၁၆၊ ၁၁၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts