မောင်မောင်စိုး – ဂွမ်ထန်ဂမ်ရှောင်၊ မြကျွန်းညို နှင့် စိမ်းသောပြာသောမှိုင်းသောတောင်တန်းများဆီသို့
(မိုးမခ) သြဂုတ် ၁၉ ၊ ၂၀၁၅
Eco
ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကို ထိုစဉ်ကEcoဟုခေါ်လေ့ ရှိသည်။ ထိုစဉ်က Eco သည် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် RASU ဝင်းထဲ၌ရှိသည်။ဘွဲ့နှင်းသဘင်ခန်းမ၏ လက်ျာဘက်တွင် Eco ပင်မဆောင်ရှိသည်။ ပင်မဆောင်၏ရှေ့နှင့် ဂျပ်ဆင်ကြားတွင် AE မြေစိုက်ဆောင်လေးများမှာလည်း Eco ၏ စာသင်ဆောင်များ ဖြစ်သည်။
AE ဆောင်များဘေးတွင် Eco စာသောက်ဆိုင်တန်းရှိသည်။ ဦးယမ်းဘီလူးအအေးဆိုင်တို့ ကိုအောင်ရင်လဘက်ရည်ဆိုင်တို့က ကျောင်းသားများကြားနံမည်ရသည်။ ပင်မတက္ကသိုလ်ဝင်းအတွင်း ရွှေဘိုဆောင်သည် Eco ကျောင်းသားတို့၏အဆောင်ဖြစ်ပြီး မာလာဆောင်ကတော့ ကျောင်းသူတို့၏ အဆောင်ဖြစ်သည်။ ထိုစဉ် သမိုင်းဝင်းတွင်းတွင် Eco ကျောင်းသားများအတွက် မေခဆောင် ကျောင်းသူများအတွက်အင်ကြင်းဆောင်တို့ ရှိသေးသည်။
ကျောင်းတက်ရက်တွင်မတော့ Eco အတွင်းကျောင်းသားတို့နှင့် စည်းကားသည်။ ပင်မတက္ကသိုလ်အတွင်း တဆက်တစပ်တည်း ဆိုတော့ RASU ဘက်ကကျောင်းသားများနှင့်လည်း ရောယှက်နေသည်။ ထိုစဉ်အခါက Eco တွင်အချောအလှပေါ သည်ဟု နံမည်ကြီးသဖြင့် အခြားတက္ကသိုလ်မှ ကျောင်းသားများ လည်း လာရောက်အစွံထုတ်လေ့ရှိသဖြင့် ပို၍စည်ကားခြင်းဖြစ်ဟန်တူသည်။ ထိုစဉ်က မြကျွန်းညိုညိုတက္ကသိုလ်တွင် Eco ကျောင်းတော်သည် ကျောင်းသူ ကျောင်းသားတို့ ပျော်စံရာ ဖြစ်ခဲ့သည်။
၁၉၇၀-၁၉၇၄ Eco စာသင်နှစ်များအတွင်းမြကျွန်းညိုတွင် ကချင်ကျောင်းသားတစ်ဦးရှိခဲ့သည်။ အသားဖြူဖြူ အရပ်မနိမ်မမြင့် လူပုံနွဲ့နွဲ့ခပ်ပြုံးပြုံးနေတတ်သော အနေအေးဆေးသော ကချင်ကျောင်းသားတဦးဖြစ်သည်။ အချိန်အားလျင်ဂစ်တာလေး တလုံးဖြင့် ငြိမ့်နေတတ်သည်။ထိုအနေအေးသော ကချင် ကျောင်းသားသည် Eco ၌ ရေပန်းစားသော လူသိများသော ကျောင်းသားတစ်ဦးတော့ မဟုတ်ခဲ့ပေ။ ၁၉၇၄ စာသင်နှစ်ကုန်တော့ သူသည် အခြားကျောင်းသားများနည်းတူ မြကျွန်းညိုမှာ ခွဲခွါသွားခဲ့သည်။ ထိုကချင်ကျောင်းသား၏ အမည် မှာ ဂွမ်ထန်ဂမ်ရှောင်ဟုခေါ်ပါသည်။
တောင်တန်းများ
တရံတခါက ဆည်းဆာနေချည်ဖျာကျနေသောတညနေခင်း တွင် မေခမြစ်၏ တဖက်ကမ်းရှိ သဲဖြူလွလွပေါ်တွင်ထိုင်ရင်း မေခမြစ်ဟိုမှာဖက်ကမ်းရှိတောင်စဉ်အထပ်ထပ်ကိုငေးမောကြည့်မိ သည်။တောင်တို့သည်စိမ်း၍ တောင်တို့သည်ပြာကာ တောင်တို့ သည်မှိုင်းနေ၏ ။ အနီးဆုံးတောင်တန်းက သစ်ပင်တို့နှင့် စိမ်းနေသည်။ ခပ်လှမ်းလှမ်းရှိသစ်ပင်တို့ကို သဲကွဲစွာမမြင်ရသော တောင်တန်းတို့က ပြာနေသည်။ အဝေးဆုံးရှိတောင်တန်းများ ကတော့ မှိုင်းပြနေသည်။ တူညီသောအလင်းရောင်အောက်တွင် အကွာအဝေး အနီးအဝေးက အမြင်အာရုံတွင်အရောင်များကို ပြောင်းလဲစေလိုက်သည်။
ထိုစိမ်းသောပြာသောမှိုင်းသော တောင်တန်းတနေရာတွင် ကိုဂမ်ရှောင်နှင့်ဆုံခဲ့သည်။ ၁၉၇၇လောက်ကဖြစ်သည်။ Eco ကကျောင်းပြီးဘွဲ့ရခဲ့သော ဂွမ်ထန်ဂမ်ရှောင်တယောက် ထိုအချိန်တွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ စစ်သား တယောက်ဖြစ်နေပေပြီ။ မျိုးချစ်ကချင်ပြည်သူများအတွက် ကချင်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်သူတဦးဖြစ်နေချေပြီ။ စစ်အစိုးရအတွက်တော့ကချင်သူပုန်တယောက် ဒါမှမဟုတ် အရင်တုန်းကတော့ ကချင်သောင်းကျန်းသူဟု ခေါ်သည်။ ယခု ငြိမ်းချမ်းရေးကာလမှာတော့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဟုပြောင်းခေါ်သည်။ သူဖက်ကကြည့်တော့ လက်ဖဝါး ကိုယ့်ဖက်ကကြည့်တော့ လက်ဖမိုးဟု ဆိုကြမည်လောမသိပေ။
ဂွမ်ထန်ဂမ်ရှောင်တယောက်ဘွဲ့ရပြီးသည်နှင့်KIAထဲသို့ ဝင်ခဲ့ပုံရသည်။ ၁၉၇၇ တွင် လက်မောင်းတွင်နှစ်ရစ်နှင့် တပ်ကြပ်ဖြစ်နေပြီ။ KIA အပါ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်း များအနေနှင့် စဝင်သည်နှင့် တပ်သားဘဝက စတင်ဖြတ် သန်းရသည်။အောက်ခြေက စရသည်။ KIA တပ်အတွင်း ၂ နှစ်ခန့် ဖြတ်သန်းအပြီး တပ်ကြပ်တယောက်ဖြစ်လာသည့်တိုင် စစ်သားပုံတော့ သိပ်မပေါက်သေး။ လူပုံကခပ်နွဲ့နွဲ့နှင့် မျက်နှာ ချိုချိုနှင့်ပင်ရှိသေးသည်။ ထို့အတူ သူနှင့်အတူKIA တွင်း ရောက်လာသူ တက္ကသိုလ်ထွက် ကချင်ကျောင်းသားများကြားတွင် နှိမ့်ချမှုရှိ၍ ဆက်ဆံရေးပြေပြစ်သူဟုဆိုရမည်။
ထို့နောက်တွင်တော့ သူနှင့်မဆုံဖြစ်တော့ပေ။သတင်းဆက် သွယ်ရေး ကလည်း ခက်ခဲသောကာလများဖြစ်ပေရာ သတင်းကြားရဘို့လည်း မလွယ်ကူခဲ့ပေ။ ၁၉၉၀ ခန့်တွင်မှ သူ့သတင်းကြားရသည်။ ထိုကာလတွင် သူသည်KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ရင်းမှူး ဖြစ်နေပေပြီ။ KIA ရင်း ၆ သည် ဖါးကန့်ဒေသအား တာဝန်ယူစိုးမိုးသည်။ မြောက်ဖက် လုံးခင်း ကံစီးမှသည် တောင်ဖက်ဝှေခါ ဒေသထိ လှုပ်ရှားပြီး ဖါးကန့်ဒေသကို စိုးမိုးလှုပ်ရှားသည်။
ဂွမ်ထန်ဂမ်ရှောင် ရင်း ၆ ရင်းမှူးအဖြစ် တာဝန်ယူထားစဉ် လှုပ်လှုပ်ခတ်ခတ်သတင်းတခု ပေါ်ခဲ့သည်။ စပေါ့ချောင်းဖျား အရေးအခင်းဖြစ်သည်။ဖါးကန့် ဆိုင်းတောင် ဒေသတွင်ဖြစ်သည်။ နံပါတ်ဖိုး မူးယစ်ဆေးဝါးရောင်းဝယ်သူအချို့အား သေဒဏ်ပေး၍ ပစ်သတ်လိုက်ခြင်းဖြစ်သည်။ ဗီဒီယို တိပ်ခွေပါထွက်လာ၍ ဂယက်အတော်ထသွားသည်ဟုဆိုရမည်။
ထိုလုပ်ရပ်ကမကြိုက်သူများကတော့ ရက်စက်ကြမ်းတမ်း လွန်းသည်ဟုဆိုကြသည်။ ထောက်ခံသူများကတော့ ဤကဲ့သို့ ခပ်ပြတ်ပြတ်အရေးယူခြင်းသည်ကောင်း၏ဟု ဆိုသည်။ ထိုစဉ်က ဖါးကန့်ဒေသ ကျောက်သမားများ အထူးသဖြင့် ကျောက်တူးသမား များကြား ဖိုးစွဲနေသူများလှသည်။ အရိုးပေါ်အရေတင်၍ ဖိုးစွဲ နေသူများ နေ့စဉ်လိုလို ဖါးကန့် ဆိုင်းတောင် ရွာများတွင် သေဆုံးနေကြသည်။ ဆွေမျိုးညာတိမရှိပိုင်ရှင်မဲ့အလောင်း များ အဖြစ် ရပ်ရွာက သဂြိုင်္လ်ပေးနေရသည်။ ထိုအခြေအနေတွင် စပေါ့ချောင်းဖျား အရေးယူမှုပေါ်လာခြင်းဖြစ်သည်။
တန်းတူရေး
ဒီနောက်တွင်တော့ သူသတင်းသိပ်မကြားရပြန်တောO၁၉၉၄ KIA နှင့် နဝတ အပစ်ရပ်ပြီးသည့်နောက်KIA ၏ ဗဟို ဆက်သွယ်ရေးရုံးကို မြစ်ကြီးနား စီတာပူတွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၁၁ KIA နှင့်တကျော့ပြန်စစ်ပွဲဖြစ်သည့် အချိန်ထိပင်ဖြစ်သည်။
ထိုကာလများတွင် ဂွမ်ထန်ဂမ်ရှောင်တယောက်KIA ဗိုလ်မှူးကြီး အဖြစ်နှင့် ဆက်သွယ်ရေးတာဝန်ခံအဖြစ် အချိန်တပိုင်းတာဝန် ယူခဲ့သည်ဟုဆိုသည်။
၂၀၁၁ KIA နှင့် အစိုးရ ပြန်လည်းစစ်ပွဲဖြစ်တော့ သူနံမည်ပြန်ကြားရသည်။ ထိုအချိန်တွင် သူသည်KIA ၏စစ်ဦးစီးချုပ် CS ဖြစ်နေပေပြီ။ ကချင်ပြည်နယ်နှင့်ရှမ်းပြည်မြောက်ပိုင်းရှိ တိုက်ပွဲများ နှင့်အတူသူ့နံမည်ကို မကြာခဏ ကြားရသည်။ ဒီဘက်ခေတ်ကတော့ ဆက်သွယ်ရေးနည်းပညာ မြင့်မားသည်ခေတ် မဟုတ်ပါလော။
ဒီနှစ်ဆန်းတွင် KIA စစ်ဦးစီးချုပ် ဂွမ်ထန်ဂမ်ရှောင်မိန့်ခွန်း ပြောနေသည့် ဗီဒီယိုဖိုင်တခုအင်တာနက်စာမျက်နှာများ ပေါ်တွင် ပျံ့လွင့်လာသည်။ ယခင် ငယ်ရွယ်နုပျိုမှု နေရာတွင် ရင့်ကျက်မှုဖြင့်အစားထိုးလိုက်ပေပြီ။ လွတ်လပ်ပေါ့ပါးမှုနေရာတွင် လေးနက်သောကြီးမားသောတာဝန်များက ဝင်ရောက် လာခဲ့ပေပြီ။
သူ၏ လူထုအား ကချင်ဘာသာဖြင့်ပြောကြားရာတွင် ဗမာပြည်ရှိ တိုင်းရင်းသားအားတန်းတူအခွင့်အရေးရရှိရန်လိုကြောင်း ပြောဆိုပြီး အုပ်ချုပ်ရေးအာဏာ တရားစီရင်ရေးအာဏာ ဥပဒေပြုရေးအာဏာဟူ၍ အာဏာသုံးရပ်ရှိသည့်အနက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ ၂ ရပ်သာတိုင်းရင်းသား တို့ကရပြီး ဥပဒေပြုခွင့်အာဏာကို တိုင်းရင်းသားတို့မရပါက တန်းတူရေးရရှိသည်ဟုမဆိုနိုင်ကြောင်း ထောက်ပြပြောဆို သွားသည်ကိုတွေ့ရပါသည်။ တိုင်းရင်းသားအားလုံးတန်းတူရေး ပြသနာသည် ငြိမ်းချမ်းရေးအတွက်အတွက် အဖြေ လည်း ဖြစ်သည်။
မြကျွန်းညိုညို
မြကျွန်းညိုညို တက္ကသိုလ်သည် ပညာရပ်ပေါင်းစုံသင်ကြားရာ နှီးနှောဖလှယ်ရာ သုတေသနပြုရာအပြင် စာပေ ဂီတ အနုပညာ ယဉ်ကျေးမှုတို့ထွန်းကားရာလည်းဖြစ်သည်။ဤအမိတက္ကသိုလ်တွင် သင်ကြားလာခဲ့သောပညာရပ်များဖြင့် မိမိလူမျိုးကို မိမိတိုင်းပြည်ကိုလူ့အဖွဲ့အစည်းကို ကောင်းကျိုးပြုကြဘို့ သာဖြစ် သည်။ ကမ္ဘာ့နိုင်ငံအတော်များများတွင် ထိုသို့သာဖြစ်သည်။ မြန်မာပြည်သည်လည်း ငြိမ်းချမ်းသော ဒီမိုကရေစီရှိသော တိုင်းပြည်တစ်ပြည်ဖြစ်ပါကဂွမ်ထန်ဂမ်ရှောင်လည်း စီးပွါးရေးပညာရှင် တယောက် ဖြစ်ကောင်းဖြစ်မည်။သို့မဟုတ်က အောင်မြင်သော စီးပွါးရေးသမားတစ်ယောက်ဖြစ်ကောင်း ဖြစ်မည်။ သို့မဟုတ် သူနှစ်သက်သောဂီတနယ်ပယ်တွင် ကျင်လည်ကောင်း ကျင်လည်နေပေလိမ့်မည်။
သို့သော် ယနေ့ဗမာပြည်မှာတော့ ဂွမ်ထန်ဂမ်ရှောင်ကဲ့သို့ ကျောင်းသားအများအပြားသည် ပညာရှင်များဖြစ်မလာခဲ့။ တက္ကသိုလ် ပရဝုဏ်လည်း စစ်တလင်းဖြစ်ခဲ့သည်။ ကတ္တရာလမ်း တို့ လည်းသွေးစွန်းခဲ့သည်။ စာသင်ခန်းထဲမှ ကျောင်းသားတို့လည်း ပေတရာလမ်းပေါ်ရောက်ခဲ့သည်။ အကျဉ်းထောင်များသို့ ရောက်ခဲ့သည်။ တောတောင်အနှံ့ရောက်ကြသည်။ ကလောင် မကိုင်နိုင်ခဲ့ကြဘဲ သေနတ်ကိုင်ကြဖို့ဖန်လာခဲ့သည်။
မြကျွန်းညိုညို တက္ကသိုလ်နယ်မြေတွင် ကန့်ကော်ပန်းတို့ မမွှေးမြနိုင်ခဲ့ ။စိန်ပန်းပွင့်တို့လည်း မွမွကြေခဲ့ရသည်။ တိတ်ဆိတ် မှောင်မိုက် ငြိမ်သက်နေသည့် တက္ကသိုလ်၏ ညများတွင် သစ်ပုတ်ပင်အို၏ငိုရှိုက်သံသဲ့သဲ့ကို ကြားရနိုင်ပါသည်။ သို့သော် တက္ကသိုလ်ရင်ခွင်မှ ထွက်ခွါလာသူတို့သည်အချည်နှီးတော့ မဖြစ်ခဲ့ကြ။ သူမအား စိတ်မပျက်စေခဲ့၍ သူမ ကြေနပ်နိုင်လိမ့်မည် ဟုတော့ ထင်ပါသည်။
ငြိမ်းချမ်းသည့် တန်းတူမှုရှိသည့် ဒီမိုကရေစီရှိသည့် မြန်မာနိုင်ငံတော်သစ်အား ရည်မျှော်လျက်။