>MoeMaKa Interview with U Win Tin – Question for Jim Webb

>

အမေရိကန်ကိုယ်စားလှယ်ဂျင်ဝက်၏ ရပ်တည်ချက် ဦးဝင်းတင်ဝေဖန်
မိုးမခ
ဇွန်၁၂၊ ၂၀၁၀
ယခင်အပတ်က မြန်မာစစ်အစိုးရနဲ့ စေ့စပ်ဆွေးနွေးရေးသမား အမေရိကန်ကိုယ်စားလှယ် ဂျင်ဝက် ဆိုသူ ၎င်းမြန်မာခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ရွှေ့ဆိုင်းလိုက်တယ် ဆိုပေမယ့် မြန်မာနိုင်ငံအပေါ် သူ့ရဲ့ သဘောထားတွေကိုတော့ သတင်းထုတ်ပြန်ချက်တွေ လုပ်လိုက်ပါတယ်။
အဲသည်ထုတ်ပြန်ချက်တွေထဲမှာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ စစ်အစိုးရသက်ဆိုးရှည်ဖို့ ဆိုတာ မှန်ပေမယ့် “အတိုက်အခံ” တွေကို ၀င်ပြိုင်ခွင့် ပေးထားတာ ကောင်းမွန်ကြောင်း၊ ရွေးကောက်ပွဲ မလုပ်တဲ့ တပါတီနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ တရုတ်တို့နဲ့ အမေရိကန်အစိုးရက ပေါင်းသင်းနေရတာပဲ ဖြစ်ကြောင်း၊ အင်န်အယ်ဒီပါတီဟာ ပြိုကွဲသွားပြီးနောက် အခုအချိန်မှာ ပါတီက ကွဲထွက်လာသူတွေဟာလည်း ရွေးကောက်ပွဲကို ၀င်နေကြတာ မြင်နိုင်ကြောင်း စတဲ့ အချက်တွေကို မြန်မာပြည်ရဲ့ တခုတည်းသော အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင် ဦးဝင်းတင်က ပြန်လည် တုန့်ပြန်ထားတာကို တင်ဆက်လိုက်ပါတယ်။
ဦးဝင်းတင်ရဲ့ ဝေဖန်တုန့်ပြန်ချက်များကို အခုလို ခေါင်းစဉ်ခွဲများနဲ့ ကောက်နုတ်ဖော်ပြပါ့မယ်။
(ဓာတ်ပုံ – အင်တာနက်၊ အင်န်အယ်ဒီ အခမ်းအနားတခု၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ)
စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့သာ ဂျင်ဝက်က ပြောနေတယ်
အမှန်ကတော့ ဆန်ရှင်တို့ ဘာတို့ဆိုတာက ကျနော်တို့နဲ့ သိပ်ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ကျနော်တို့က နိုင်ငံတကာကို လှည့်လည်ပြီး နိုင်ငံကြီးတွေနဲ့ လက်ဝါးရိုက်ပြီး လုပ်နေတာမဟုတ်ဘူး။ ဆန်ရှင်ဆိုတာက ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံများဖက်က ဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့က အစဉ်အလာလို ဖြစ်နေပြီ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တိုင်းသူပြည်သားတွေကို ဖိနှိပ်ချုပ်ချယ်နေတာတွေ လုပ်နေတဲ့ အာဏာရှင်နိုင်ငံတွေကို စီးပွားရေး ပိတ်ဆို့အရေးယူကြတယ်ဆိုတာ ကမ္ဘာအစဉ်အလာလို ဖြစ်နေတာပဲ။ ဟိုးတုန်းကတည်းက ရှိတယ်။ တောင်အာဖရိကမှာလည်း ရှိခဲ့တာပဲ။ ဥရောပနိုင်ငံတွေပေါ်မှာလည်း လုပ်ခဲ့တာ ရှိတာပဲ။ အခုလည်းပဲ အီရန်တို့၊ မြောက်ကိုရီးယားတို့အပေါ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ဆို့ အရေးယူရတာကို မြင်တွေ့နေရတာပဲ။ ဒါက သိပ်မဆန်းပါဘူး။ ကျနော်တို့ အတိုက်အခံတွေ အနေနဲ့က ကျနော်တို့ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အများကြီး အထောက်အကူဖြစ်စေ၊ ထောက်ခံမှုကို ပြသတာဖြစ်လို့ ကျနော်တို့အနေနဲ့ ကြိုဆိုတာပေါ့ဗျာ။ ၀မ်းသာအားရ သြဘာပေးတာပေါ့။
ဒါပေမယ့် အများပြည်သူလူထု ထိခိုက်မယ့် အရေးယူပိတ်ဆို့မှုတွေဆိုရင် ကျနော်တို့လည်း မကြိုက်ဘူး။ ဥပမာ နာဂစ်လိုမျိုး ပြည်သူလူထု ဘေးဒုက္ခတွေ့နေရချိန်မှာ ကျနော်တို့က တိုင်းပြည်ထဲကို မလာပါနဲ့၊ အကူအညီမပေးပါနဲ့လို့ ပြောခဲ့တာမျိုး မရှိခဲ့ဘူး။ အဲသည်မှာ ကျနော်တို့က နိုင်ငံတကာရဲ့ လူသားချင်းစာနာတဲ့ အကူအညီကို ကြိုဆိုခဲ့ကြတာပဲ။ အဲသည်မှာကျတော့ မြန်မာစစ်အစိုးရက အဲသည်လိုပြည်သူတွေ အကျိုးရှိတဲ့ အကူအညီတွေကို ပိတ်ဆို့တာတွေ၊ တားဆီးတာတွေ၊ ငြင်းပယ်တာတွေ ပြန်လုပ်တာကို တွေ့ခဲ့ရတယ်။
ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို စာနဲ့ ရေးသားပြီးတော့ မေတ္တာရပ်ခံတယ်။ ကျမတို့ကို ဘယ်နိုင်ငံက ဘယ်ဆန်ရှင်က ဘယ်လိုမျိုး ပြည်သူလူထုကို ထိခိုက်နစ်နာစေသလဲဆိုတာကို ဆွေးနွေးကြရအောင်၊ ပြောကြရအောင် ဆိုတာကို ကမ်းလှမ်းတယ်။ မဆွေးနွေးနိုင်စရာ မရှိဘူးလို့ ဒေါ်စုဖက်က ပြောပါတယ်။ ကျမတို့ တွေ့ဆုံဆွေးနွေးကြရအောင်လို့ မေတ္တာရပ်ခံခဲ့တာ အထင်အရှား အတိအလင်း ရှိပါတယ်။ ဗိုလ်သန်းရွှေက ကြိုတင်စည်းကမ်းချက် သတ်မှတ်သလိုမျိုး ဒေါ်စုဖက်က ဆန်ရှင်ကို ဖျက်သိမ်းရေး၊ ရုတ်သိမ်းရေးလုပ်မှ တွေ့နိုင်မယ်လို့ ကန့်သတ်တာမျိုးတွေကတော့ သဘာဝမကျဘူး။ တွေ့ဆုံပြီးမှသာ ဆန်ရှင်အကြောင်း ဆွေးနွေးနိုင်မယ်လို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။
အခု ဂျင်ဝက်က အခုပြောနေတာက ဆန်ရှင်ကို ဖျက်သိမ်းပစ်ဖို့ချည်းပဲ ဖိပြောနေတယ်။ အဲသည်လိုပြောနေတာက ဆန်ရှင်အကြောင်းကို နှစ်ဦး နှစ်ဖက် တွေ့ဆုံဆွေးနွေးကြဖို့ကို မလုပ်ဘဲနဲ့ အရင်ဆုံး ဖျက်သိမ်းပစ်ဖို့ချည်း ပြောနေတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဆန္ဒနဲ့ တထပ်တည်း ဖြစ်နေတယ်။ ဒါပေမယ့် အခု အမေရိကန်က အိုဘားမားအစိုးရနဲ့ အမေရိကန်အထက်လွှတ်တော်တို့၊ အောက်လွှတ်တော်တို့က မြန်မာစစ်အစိုးရကို အရေးယူတဲ့နေရာမှာ ဆန်ရှင်တွေကို သက်တမ်းတိုးတာတို့၊ ဆက်လက် အရေးယူဆောင်ရွက်ရမယ်တို့ ပြောဆိုလုပ်ကိုင်လာတာကို တွေ့နေရတယ်။ အဲဒါက ဘာကိုပြသလဲဆိုတော့ ဂျင်ဝက်က မြန်မာပြည်သူလူထုရဲ့ သဘောထား၊ ကျနော်တို့ အင်န်အယ်ဒီရဲ့ သဘောထား၊ ဒီမိုကရေစီအတိုက်အခံတွေ တိုင်ရင်းသားအင်အားစုတွေရဲ့ သဘောထားနဲ့ ပြီးတော့ အမေရိကန်ပြည်သူလူထုနဲ့ အမေရိကန်အစိုးရရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီးတော့ ပြောဆိုနေတဲ့ သဘောထားဖြစ်တယ် ဆိုတာ ထင်ရှားတယ်။
အဲဒါကြောင့် ကျနော် အင်တာဗျူးတခုမှာ ပြောခဲ့သလို အမေရိကန်နဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးပင်မရေစီးကနေ ကွဲလွဲပြီးတော့ ဆန့်ကျင်ပြီးတော့ သူတဦးတည်းရဲ့ သဘောထားနဲ့ ပြောနေတာဖြစ်တယ်။ တဦးတည်း တကောင်ကြွက် သဘောထားဖြစ်တယ်လို့ ပြောချင်ပါတယ်။ စစ်အစိုးရရဲ့ သဘောထားနဲ့ ရပ်တည်ချက်ကို ထောက်ခံတဲ့သူ၊ ဘက်လိုက်တဲ့သူလို့ ပြောချင်ပါတယ်။
(ဓာတ်ပုံ – အင်တာနက်၊ ဆီနိတ်တာ ဂျင်ဝက်နဲ့ ဇနီး အာရှသူကို ရွှေတိဂုံတွင် မြင်ရစဉ်၊ ၂၀၀၉ သြဂုတ်)

စစ်အစိုးရ သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲကို ထောက်ခံဖို့ ဂျင်ဝက်က ပြောတယ်။
အခု ၂၀၁ဝ ရွေးကောက်ပွဲကို ၀င်ကြပါ။ တရုတ်တို့ ဗီယက်နမ်မှာ ဘယ်တုံးက ရွေးကောက်ပွဲတွေ လုပ်ပေးဖူးသလဲ ဆိုတာတွေ ပြောတယ်။ ဒါက ဖြစ်ရပ်မှန်တွေနဲ့ ကင်းကွာနေတယ်။ မြန်မာပြည်သူလူထု အများစုကြီးက စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို လက်မခံကြပါဘူး။ လက်ခံဘူးဆိုတာက မြန်မာပြည်မှာ နှစ်ပေါင်းများစွာ အုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ သဘောထားကို ပြတဲ့ အနေနဲ့ ပြနေတာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ မြန်မာပြည်တွင်းမှာ အင်အားကြီးတဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီကိုယ်တိုင်က ပြည်သူလူထုလက်မခံတဲ့ ရွေးကောက်ပွဲကို ငြင်းဆန်လိုက်ပြီ ဖြစ်ပါတယ်။ ငြင်းဆန်တဲ့နေရာမှာလည်း အခြေခံအချက်ဖြစ်တဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီကို မှတ်ပုံတင်ခြင်းကိုပါ ငြင်းဆန်လိုက်တာ ဖြစ်ပါတယ်။ ထို့အတူပဲ တိုင်းရင်းသားပါတီ အင်အားစုတွေ ဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေဖြစ်တဲ့ အက်စ်အင်န်အယ်ဒီတို့၊ ရခိုင်တို့ မွန်တို့ ငြင်းပယ်နေကြတယ်၊ ဆန့်ကျင်နေကြတယ်။ ဒါက မြန်မာပြည်ရဲ့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေက ဆန့်ကျင်နေတယ်၊ ကန့်ကွက်နေကြတယ် ဆိုတာ ထင်ရှားပါတယ်။
ဒါထက်ပိုပြီး ပြောနိုင်တဲ့ အချက်ကတော့ ပြည်သူလူထုတွေထဲကို ၀င်ကြည့်ပါ။ ပြည်သူလူထုတွေထဲမှာ နားထောင်ကြည့်ပါ။ ဘယ်သူမှ ဒီရွေးကောက်ပွဲကို မထောက်ခံပါဘူး။ ဒါပေမယ့် ပြည်သူလူထုဆိုတာကတော့ အာဏာရှင်လက်အောက်မှာ ပါးစပ်ပိတ်ခံထားရတဲ့၊ အသံမရှိတဲ့သူတွေ ဖြစ်တော့ အမေရိကန်သံရုံးကနေတဆင့် လူတွေကြားထဲ ၀င်ပြီး သဘောထားကို ရယူကြည့်မယ်ဆိုရင် ဂျင်ဝက်ပြောတာနဲ့ ကွဲလွဲနေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။
အဲသည်တချက်မှာလည်း ဂျင်ဝက်ပြောနေတာက စစ်အစိုးရဖက်ကို လိုက်ပြီးတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို သူတဦးတည်းအနေနဲ့ ထောက်ခံပြီးတော့ ဂုဏ်တင်နေတာကို မြင်တွေ့နေရပါတယ်။ သူပြောသလို ရွေးကောက်ပွဲကနေပြီးတော့ မြန်မာပြည်နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ပြောတာဟာ တရားလွန်ပါတယ်။ ဘာမှလည်း ယုံကြည်ဖွယ်ရာ မရှိဘူးလို့ ပြောချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ တဖက်က ရွေးကောက်ပွဲကနေပြီးတော့ မြန်မာနိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ပြောနေတဲ့ကြားကပဲ၊ အခုလက်ရှိ အခြေခံဥပဒေတွေနဲ့ ရွေးကောက်ပွဲအလားအလာဟာ စစ်အာဏာရှင်တွေ သက်ဆိုးရှည်စေဖို့ပဲ ဖြစ်တယ်လို့လည်း ဂျင်ဝက်ကိုယ်တိုင်က ၀န်ခံပြီးပြောလိုက်ပြန်သေးတယ်။ ရွေးကောက်ပွဲကနေပြီးတော့ ပြည်သူလူထုတွေအပေါ်မှာ အများကြီးချုပ်ကိုင်မှုတွေ လုပ်သွားမယ် ဆိုတာ သူ ၀န်ခံထားပါသေးတယ်။ အဲသည်ကြားထဲကနေ ရွေးကောက်ပွဲကို ၀င်ကြပါလို့ ပြောတာဟာ ဘာလဲလို့ ကျနော် ပြောချင်တယ်။
ဘာနဲ့တူသလဲ ဆိုတော့ – ဒီလမ်းကတော့ ငရဲကို သွားတဲ့ လမ်းပါပဲ ခင်ဗျာ။ နောက်ပြီးတော့ ငရဲဆိုတာကလည်း အလွန်ပူလောင် လောင်မြိုက်တဲ့ နေရာကြီးပါပဲ ခင်ဗျာ။ သို့သော် ဒီလမ်းကိုတော့ သွားသင့်ပါတယ်၊ လျှောက်သင့်ပါတယ် ခင်ဗျာ လို့ ပြောသလို၊ တိုက်တွန်းနေသလိုဖြစ်နေတယ်။ လူတွေကို ငရဲသွားမယ့်လမ်းမှန်း သိသိကြီးနဲ့ တွန်းပို့နေတာဟာ ကမ္ဘာနိုင်ငံရေးသမားတယောက်အနေနဲ့ လုပ်သင့် ပြောသင့်တဲ့ အလုပ်မဟုတ်ဘူးလို့ ပြောချင်တယ်။
သူကိုယ်တိုင်က ကောင်းလို့ သာယာတဲ့လမ်းလို့ တကယ်ကို ယုံယုံကြည်ကြည်ရှိလို့ ရွေးကောက်ပွဲကို ထောက်ခံတာတော့လည်း မဟုတ်ပြန်ဘူး။ အာဏာရှင်တွေ သက်ဆိုးရှည်မယ် ဆိုတာကိုလည်း သိထားတယ်ဆိုပြီး ၀န်ခံထားပြန်တယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲကို ထောက်ခံကြပါလို့ ပြောနေတာတွေကတော့ သူကိုယ်တိုင်ကိုယ်က မရိုးသားဘူး၊ မှားယွင်းတယ်လို့ ပြောချင်တယ်။

အတိုက်အခံတွေကို နေရာပေးထားတဲ့ ရွေးကောက်ပွဲလို့လည်း ဂျင်ဝက်က ပြောပြန်တယ်။

အခုရွေးကောက်ပွဲမှာ အတိုက်အခံတွေ ၀င်ပြိုင်ခွင့်ရတယ်။ အတိုက်အခံတွေက်ု နေရာပေးထားတယ်လို့ သူက ပြောပြန်တယ်။ အဲသည်မှာ ကျနော်က အခု စစ်အစိုးရရွေးကောက်ပွဲကို ၀င်ခွင့်ရတဲ့သူတွေဟာ တကယ့်ကို အတိုက်အခံအစစ်အမှန်တွေ ဖြစ်ရဲ့လားဆိုတာကို ကျနော်က မေးခွန်းထုတ်ချင်တယ်။
အတိုက်အခံဆိုတာ ဘာလဲ။ ဘယ်လိုလူတွေကို အတိုက်အခံလို့ ခေါ်တာလဲ။ ဒါကို စဉ်းစားကြည့်စေချင်တယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မယ့် နိုင်ငံရေးပါတီတိုင်းဟာ အရင်ဆုံး ဘာလုပ်ရသလဲဆိုတော့ စစ်အာဏာရှင်သက်ဆိုးရှည်မယ့် ၂၀၀၈ အခြေခံဥပဒေကြီးကို လက်ခံပါတယ်၊ ထောက်ခံပါတယ်၊ ခေါင်းငုံ့၊ ဒူးထောက်၊ လက်မြှောက်ပြီးတော့ သဘောတူပါတယ်လို့ ခံဝန်ချက် လက်မှတ်အရင်ထိုးကြရတယ်။
အဲသည်လို စစ်အာဏာရှင် တည်မြဲရေးကို လက်ခံတဲ့ လူတွေ၊ ပုဂ္ဂိုလ်တွေမှသာ ဒီ ရွေးကောက်ပွဲကို ၀င်ခွင့်ရမယ် ဖြစ်တယ်။ နောက်ပြီးတော့ ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့ ကိုယ့်ရဲဘော် ရဲဘက် နိုင်ငံရေးအကျဉ်းသားတွေကို ပစ်ပယ်တဲ့သူတွေနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်တဲ့သူတွေမှသာလျင် အခု ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ခွင့်ရကြတာ ဖြစ်တယ်။ နောက်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်ရဲ့ ချုပ်ချယ်ကန့်သတ် တားမြစ်ချက်တွေကို နာခံကြမယ်လို့ အရှုံးပေးတဲ့သူတွေသာလျင် ရွေးကောက်ပွဲမှာ ၀င်ခွင့်ရကြမှာ ဖြစ်တယ်။ အဲသည်လိုဆိုရင် အဲသည်လို လူမျိုးတွေဟာ “အတိုက်အခံ” လား။ ဘာအတိုက်အခံလဲ လို့ မေးလိုက်ချင်ပါတယ်။ လွှတ်တော်ထဲရောက်သွားရင်တောင်မှ စစ်အာဏာရှင်စနစ်ကို တရားဝင်လုပ်ပေးတဲ့ ၂၀၀၈ အခြေခံဥပဒေကို ၀ိုင်းပြီး အတည်ပြုပေးကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ဘာအတိုက်အခံတွေမှ မဟုတ်ဘူး လို့ ပြောလိုက်ချင်ပါတယ်။
(ဓာတ်ပုံ အင်တာနက်၊ ၂၀၁၀ ရွေးကောက်ပွဲပါတီသစ် ဖွင့်ပွဲတွင် တွေ့ရသည့် – ဦးသုဝေ (Democracy Party) ဦးခင်မောင်ဆွေ (NDF) နဲ့ မောင်ဝံသ (စာရေးဆရာ)

အင်န်အယ်ဒီက ပြိုကွဲသွားပြီလို့ ဂျင်ဝက်က ပြောတယ်။

နောက်တချက် ဂျင်ဝက်ပြောတဲ့အထဲမှာ သူတဦးတည်း သဘောထားအနေနဲ့ နိုင်ငံတကာမှာ လျှောက်ပြောနေတာက ဘာတဲ့ … အင်န်အယ်ဒီလည်း ကွဲပြီ တဲ့။ အဲသည်လို ကွဲထွက်လာကြပြီးတော့ အခု လွှတ်တော်ထဲမှာလည်း အင်န်အယ်ဒီအင်အားစုတွေကလည်း ၀င်ပြီ အရွေးခံကြတော့မယ် တဲ့။ အဲသည် ပြောတဲ့စကား ၂ ခု ပါတယ်။ အဲသည် သဘောထား ၂ ခု ပါလာတယ်။
ဒီသဘောထား ၂ ခုဟာ အလွန်ကို မှားပါတယ်။ ဖောက်ပြန်ပါတယ်။ လွဲပါတယ်။ စေတနာဆိုးနဲ့ ပြောတဲ့စကားလို့ ပြောချင်ပါတယ်။ အင်န်အယ်ဒီက ဘယ်တုံးကမှ မကွဲခဲ့ပါဘူး။
မတ် ၈၊ ၁၅၊ ၂၂၊ နဲ့ ၂၉ ရက်နေ့တွေမှာကတည်းက အင်န်အယ်ဒီပါတီရဲ့ ဆွေးနွေးပွဲတွေမှာ ၂၀၁၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင်သင့် မတင်သင့် ဆွေးနွေးကြတဲ့ နေရာမှာ ကွဲတယ် ပြဲတယ်လို့ မပြောခဲ့ဘူး။ ဆွေးနွေးကြတာ၊ သဘောထားတွေ ပြောကြတာတွေ ရှိပါတယ်။ မှတ်ပုံမတင်ဘူးလို့ မတ်လ ၂၉ မှာ ပါတီက တညီတညွတ်တည်း ဆုံးဖြတ်ကြတဲ့အချိန်အထိလည်း ကွဲတယ် ပြဲတယ်လို့ ပြောကြတာ၊ လုပ်ကြတာတွေ မရှိဘူး။ နောက်ပြီး မေလ ၆ ရက်နေ့ အင်န်အယ်ဒီ ပြီးဆုံးသွားတယ်လို့ ဆိုနိုင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေ အရ နောက်ဆုံးမှတ်ပုံတင်ရမယ့် ရက်စွဲအထိကိုလည်း ပါတီမှာ ကွဲခြင်း၊ ပြဲခြင်း၊ ပါတီကနေ နှုတ်ထွက်ခြင်း၊ ဘာတွေတခုမှ မရှိဘူး။
အဲသည်လို အင်န်အယ်ဒီပါတီဗဟိုကနေပြီးတော့ ခွဲတယ်၊ ထွက်တယ်လို့ ကြေညာချက်တွေ ထွက်ဖူးလို့ မစ္စတာဂျင်ဝက်ကနေပြီးတော့ အင်န်အယ်ဒီကွဲတယ်လို့ ပြောရသလဲလို့ သူ့ကို မေးချင်တယ်။ ဘာမှ မသိဘဲနဲ့ ရမ်းသမ်းပြီးတော့ ပြောတယ်ဆိုရင် အမေရိကန် အထက်လွှတ်တော်အမတ်တဦးအနေနဲ့ ပြောသင့် ပြောအပ်၊ ထွက်သင့် ထွက်အပ်တဲ့ စကားမျိုး မဟုတ်ဘူးလို့ ပြောချင်တယ်။ မြန်မာနိုင်ငံရေးအခြေအနေမှန်တွေကို မသိဘဲနဲ့၊ စကားအမှား၊ သဘောထားအမှားတွေ၊ အယူအဆအမှားတွေကို သူက အမေရိကန်လူထုကြားထဲမှာ လျှောက်ပြောနေတယ်လို့ ယူဆလို့ရပါတယ်။
နောက်တချက်ကတော့ အင်န်အယ်ဒီက ကွဲထွက်ပြီး ပါတီထောင်တဲ့ကိစ္စ၊ ရွေးကောက်ပွဲဝင်ကြတဲ့ ကိစ္စ။ ခုနက ပြောခဲ့သလို အင်န်အယ်ဒီက မကွဲဘူး။ သူတို့ဖာသာ သူတို့ ပါတီထောင်တဲ့အချိန်မှာ လက်ရှိဥပဒေတွေအရ အင်န်အယ်ဒီပါတီက မရှိတော့တဲ့အတွက် အင်န်အယ်ဒီကနေ ကွဲပြီး ပါတီထောင်တာလို့ ပြောလို့ မရဘူးဆိုတာကို သိသာစေချင်တယ်။ သူတို့က အင်န်အယ်ဒီရဲ့ အရင်က ပါတီဝင်တွေ၊ ခေါင်းဆောင်တွေ စသည်ဖြင့် သူတို့ဖာသာ သူတို့ ပြောချင် ပြောမယ်။ ကျနော်တို့အနေနဲ့ ပြောရရင်တော့ သူတို့ဟာ အင်န်အယ်ဒီရဲ့ အပဲ့အစင်တွေဗျာ။ Split မဟုတ်ဘူးဗျ၊ ကွဲတာ ပြဲတာ မဟုတ်ဘူး။ Splinter ဗျ။ ကျောက်တုံး ကျောက်ဆောင်ကြီးကို တူနဲ့ ထူရင် အမှုံအမွှားကလေးတွေဗျ၊ အပဲ့အစင်လေးတွေ။ ဘေးရောက်သွားတဲ့ လူတွေ။
စစ်အစိုးရရဲ့ ဥပဒေတွေအရ မေလ ၆ ရက်နေ့ကျမှ အင်န်အယ်ဒီပါတီက မရှိတော့ဘူးလို့ သူတို့ပြောနေတဲ့ အချိန်ကျမှ ပါတီလုပ်မယ်ဆိုပြီး မှတ်ပုံတင်တဲ့သူတွေဆိုတော့ အင်န်အယ်ဒီကနေ ကွဲလာတယ်လို့ ပြောလို့ မရတော့ဘူး။ အင်န်အယ်ဒီကို ဆက်လက်ရှိသေးတယ်လို့ ပြောနေကြရင်လည်း သူတို့ကို ကျနော်ရဲ့ အပဲ့အစင်၊ အမှုံအမွှားတွေလို့ ပြောချင်လဲ ပြောပေါ့ဗျာ။ အဲဒါဆိုရင်လည်း အင်န်အယ်ဒီနဲ့ ဘာမှ မသက်ဆိုင်ဘဲ ရွေးကောက်ပွဲကို မှတ်ပုံတင်ခြင်းသာ ဖြစ်တယ်။ ခုနင်ကပြောသလို အင်န်အယ်ဒီကနေ ကွဲပြီး လွှတ်တော်ထဲဝင်တယ်၊ ရွေးကောက်ပွဲထဲ ၀င်တယ်လို့ ပြောတာဟာ လုံးဝ မှားယွင်းတယ် ဆိုတာကို ပြောချင်တယ်။
ကဲဗျာ … ကုန်ကုန် ပြောကြရင် သူတို့ကိုယ်သူတို့ ဘယ်လိုပဲ ပြောပြောပေါ့ဗျာ။ အင်န်အယ်ဒီလူဟောင်းတွေဆိုပြီးတော့ ရွေးကောက်ပွဲထဲမှာ လူထုက မျက်စိလည် လမ်းမှားပြီးတော့ ရွေးကောင်း ရွေးမယ်ပေါ့ဗျာ။ အတုအယောင်လုပ်မှု၊ အရေခြုံ့မှုတွေကြောင့် အရွေးခံရလို့ရှိရင်တောင်မှ ကျနော်တို့က သူတို့ဟာ အင်န်အယ်ဒီတွေမဟုတ်ဘူး၊ အန်အယ်ဒီအမတ်တွေ မဟုတ်ဘူး၊ ပြည်သူ့ကိုယ်စားလှယ်တွေ မဟုတ်ဘူးလို့ ပြောရမှာပဲ။ သူတို့တတွေဟာ ယခင် ၁၉၉၀ ရွေးကောက်ပွဲမှာတုန်းကလည်း အမတ်ဖြစ်ခဲ့ကြတဲ့ သူတွေ ဆိုရင်တော့ အခု ရွေးကောက်ပွဲမှာလည်း ၀င်အရွေးခံကြရတယ် ဆိုရင် ကျနော်တို့က ဘယ်လိုပြောမလဲဆိုတော့ ဒီလူတွေက ပြည်သူလူထုကို သစ္စာဖောက်တဲ့သူတွေ၊ ၉၀ တုန်းကတည်းက အင်န်အယ်ဒီအရေခြုံပြီးတော့ အမတ်များ ဖြစ်မလားဆိုပြီး ၀င်အရွေးခံကြတယ်။ အခုလည်း လာပြန်ပြီ ၂၀၁၀ ရွေးကောက်ပွဲမှာလည်းပဲ အင်န်အယ်ဒီအရေခွံကို ခြုံပြီးတော့ ပြည်သူလူထုကို လှည့်ဖြားပြီး ၀င်တဲ့သူတွေလို့ ပြောရမယ်။ ပြည်သူ့ကိုယ်စားလှယ်တွေလည်း မဟုတ်ဘူး။ အင်န်အယ်ဒီကိုယ်စားလှယ်တွေလည်း မဟုတ်ဘူး လို့ ပြောချင်ပါတယ်။

(ဓာတ်ပုံ – အင်တာနက်၊ ဂျင်ဝက်နဲ့ သန်းရွှေ အတူတွေ့ရစဉ်၊ ၂၀၀၉ သြဂုတ်)

ဂျင်ဝက်အတွက် နိဂုံး – မဆိုင်တဲ့ အပေါက်က ဂလိုင်နဲ့ ခေါက်တဲ့ တကောက်ကြွက်

ဂျင်ဝက်ရဲ့ စကားတွေ၊ သဘောထားတွေ ကြည့်လိုက်လို့ ရှိရင် အမှားအယွင်းတွေ အများကြီးပါတယ်။ သူတဦးတည်း ပုဂ္ဂလိကအနေနဲ့ မှားတာက ကိစ္စမရှိပေမယ့် အခုဟာက အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်ကြီးတို့၊ အမေရိကန်အထက်လွှတ်တော်အမတ်ကြီးတို့ ဆိုပြီးတော့ ဒါမျိုးတွေ လျှောက်ပြောရင်၊ မြန်မာပြည်ကို စေတနာထားပြီးတော့ ပြောတာပါ ဆိုပြီးတော့ ပြောနေရင်တော့ ကျနော်က ဒါမျိုး လက်မခံနိုင်ဘူး။ အဓိပ္ပါယ်မရှိတဲ့ စကားတွေ၊ ဘာမှ အဓိပ္ပါယ်မရှိတာတွေကို လုပ်တယ်။
မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာများကို ကူညီဖြေရှင်းလိုရင် ဖြေရှင်းဖို့ သူ့မှာ သြဇာသိက္ခာ ရှိနိုင်သလောက် ရှိရဲ့သားနဲ့ မှန်ကန်တဲ့နေရာမှာ အသုံးမချဘူး။ စစ်အစိုးရဖက်က ဘက်လိုက်ပြီးတော့ သူရဲ့ သြဇာတွေ သိက္ခာတွေကို အလွဲသုံးလိုက်တယ်။ မဆိုင်တဲ့ အပေါက်က ဂလိုင်နဲ့ ခေါက်တယ် လို့ ပြောချင်တယ်။ သူပြောနေတဲ့ ရွေးကောက်ပွဲကိစ္စက မြန်မာပြည်နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက် မဟုတ်ဘူးဗျ။ အဓိကပြဿနာက ၂၀၀၈ အခြေခံဥပဒေဖြစ်တယ်။ စစ်ကျွန်ဘ၀ကို အားပေးတဲ့ အခြေခံဥပဒေ ဖြစ်တယ်။ စစ်အာဏာရှင် သက်ဆိုးရှည်မယ့် အခြေခံဥပဒေဖြစ်တယ်။ သူကိုယ်တိုင်ကလည်း ၀န်ခံထားပြီးသား ဖြစ်တယ်။
၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေး၊ ဆွေးနွေးညှိနှိုင်းရေး၊ နို့မဟုတ်ရင်လည်း အကုန်လုံး အစကနေ အသစ်ပြန်လည် ရေးဆွဲရေးတို့ကို မပြောဘဲနဲ့ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့်၊ အတည်ပြုမယ့် ရွေးကောက်ပွဲကြီးကို ကောင်းလှပါချည်ရယ့်၊ ၀င်ကြပါလှည့် ဆိုပြီး ကြော်ငြာမောင်းခတ်နေတာကတော့ အကျိုးမရှိဘူး၊ မဆိုင်တဲ့အပေါက်က ဂလိုင်နဲ့ ခေါက်နေတာပဲ လို့ ပြောလိုက်ချင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts