လူများ၊ ရုပ်ပုံလွှာများ

ထူးဆန်းထွေလာ ဆိုနီယာ

Spring Flowers
နိုဝင်ဘာ ၁၉၊ ၂၀၁၂
 ၁၉၄၆….အီတလီမြောက်ပိုင်းက လူစီယာနာ ဆိုတဲ့မြို့ငယ်လေးတစ်ခုမှာ အန်တိုနီယာ ဆိုတဲ့မိန်းကလေးတစ်ယောက်ကို မွေးခဲ့တယ်။ အဖေလက်သမား ၊ အမေက ကလေးသုံးယောက်ကိုထိန်းကျောင်းတဲ့သာမန်အိမ်ရှင်မပါ ။  အန်တိုနီယာဟာ အနီးအနားက ဘုရားကျောင်းတစ်ခုမှာ ပညာသင်ပြီး ကလေးဘ၀ကို သူလိုငါလိုဘဲ ဖြတ်သန်းခဲ့တယ် ။ အီတလီစစ်စစ်တွေက မွေးပြီး ကက်သလစ်ဘာသာဝင်မိသားစုထဲမှာ ကြီးပြင်းခဲ့တဲ့အဲဒီသေးသေးကွေးကွေး ကလေးမလေးဟာ သူ့ရဲ့အသက် ၂၀ ကျော်နောက်ပိုင်း ဘ၀တစ်ခုလုံးကို ဘာသာမတူ၊ လူမျိုးမတူ၊ ယဉ်ကျေးမှုမတူတဲ့နေရာတစ်ခုက ထိတ်ထိတ်ကြဲ နိုင်ငံရေးမိသားစုတစ်စုထဲမှာ ဖြတ်သန်းသွားရလိမ့်မယ်လို့ဘယ်သူက ထင်ခဲ့မှာတဲ့လဲ ။ သူ့ကို မွေးခဲ့တဲ့အီတလီနဲ့သူအခုနေနေတဲ့အိန္ဒိယဟာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ဘာသာတရား ဘာများဆိုင်ပါသလဲ ။

အဲလို ဘာမှမဆိုင်သော်လည်း အီတလီ သူကလေး  အန်တိုနီယာဟာ  လက်ရှိမှာ လူဦးရေ သန်း ၁၂၀၀ ရှိတဲ့အိန္ဒိယရဲ့ The most powerful woman  ပါတဲ့။ လွန်ခဲ့တဲ့လအနည်းငယ်က အိန္ဒိယ၀န်ကြီးချုပ် မတ်မိုဟန်ဆင်းလာတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကို အလည်အပတ်လာဖို့လက်ရှိ အာဏာရ ကွန်ဂရက်စ်ပါတီ ဥက္ကဌက ဖိတ်ကြားစာ ထည့်ပေးလိုက်တယ်ဆိုတဲ့သတင်းကို စာဖတ်သူများ မှတ်မိမယ် ထင်ပါရဲ့။ အဲဒီဖိတ်ကြားချက်အရ မနေ့ကဘဲ ဒေါ်စု အိန္ဒိယကိုသွားပါပြီ။  ဖိတ်ကြားသူကတော့ယခင်က အီတလီသူကလေး အန်တိုနီယာတဖြစ်လဲ  ဆိုနီယာ ဂန္ဒီပါဘဲ ။

● ငယ်ဘ၀ အမည်  – အန်တိုနီယာ မိုင်နို။
● လက်ရှိနာမည် – ဆိုနီယာ ဂန္ဒီ။
● လက်ရှိမိသားစု – နေရူး ဂန္ဒီ မိသားစု။
● နေရူးဂန္ဒီမိသားစုနဲ့တော်စပ်ပုံ – အိန္ဒိယရဲ့ပထမဦးဆုံး အမျိုးသမီး ၀န်ကြီးချုပ် အင်ဒီယာဂန္ဒီရဲ့ချွေးမ အိန္ဒိယရဲ့ခြောက်ယောက်မြောက် ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီရဲ့ဇနီး။
● လက်ရှိ ရာထူး – ကမ္ဘာ့သက်တမ်းအရှည်ဆုံး  ဒီမိုကရက်တစ်ပါတီတစ်ခုဖြစ်တဲ့ အိန္ဒိယ ကွန်းဂရက်စ်ပါတီဥက္ကဌ။
● သား – ရဟူး ဂန္ဒီ
● သမီး – ပရီယန်ကာ ဗေဒါ

အန်တိုနီယာ ဟာ အသက် ၁၈ နှစ်မှာ အင်္ဂလန်က တက္ကသိုလ်တွေ ၊ ကျောင်းတွေ ပေါလှတဲ့Cambridge မြို့ကလေးမှာ အင်္ဂလိပ်စာ သွားသင်သတဲ့။  ကျောင်းသူအဖြစ်နဲ့အားလပ်ချိန်မှာ ဂရိစားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးဝင်လုပ်ရင်း သူ့ဖူးစာရှင် ရာဂျစ်ဂန္ဒီနဲ့ဆုံဆည်း ခဲ့တယ်။ ဒါဟာ သူလိုငါလို ရိုးစင်းတဲ့ဘ၀ကို ပိုင်ဆိုင်တဲ့အီတာလျံမိန်းကလေး အန်တိုနီယာဘ၀ကနေ ရှုပ်ထွေးပွေလီပြီး သိရခက်တဲ့အင်ဒီယာ ဂန္ဒီဘ၀ထဲ ၀င်ဖို့အစလို့လည်း ပြောလို့ရတယ် ။ ရာဂျစ်ဂန္ဒီနဲ့တွေ့ပြီး လေးနှစ်အကြာ ၁၉၆၈ မှာ အန်တိုနီယာဟာ ဆိုနီယာဂန္ဒီ ဆိုတဲ့နာမည်နဲ့အိန္ဒိယရဲ့ပါဝါအကြီးဆုံး နိုင်ငံရေးမိသားစုဖြစ်တဲ့နေရူး-ဂန္ဒီမိသားစုထဲကို ချွေးမအနေနဲ့ရောက်သွားပါတော့တယ် ။

ဒီနေရာမှာ နေရူး-ဂန္ဒီမိသားစုအကြောင်းကို နည်းနည်း ပြောပြချင်ပါတယ်။  အိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုကို ဦးဆောင်ခဲ့သူ ဂျဝါဟလာ နေရူး ဆိုတာကို သိကြမှာပါ ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တစ်ခေတ်တည်း၊ ခင်မင်ရင်းနှီးသူ ဖြစ်တယ် ။ နေရူးဟာ အကြမ်းမဖက်ရေးဝါဒကို ဦးဆောင်သူ မဟတ္တမဂန္ဒီရဲ့တပည့်ဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုမှာ အခရာဖြစ်တဲ့ ကွန်ဂရက်စ်ပါတီကို ဦးဆောင်ခဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ ၁၈၈၅  မှာ တည်ထောင်ခဲ့တဲ့Congress Party ဟာ လက်ရှိအာဏာရ ပါတီလည်း ဖြစ် ၊ အိန္ဒိယမှာ သက်တမ်းအရှည်ဆုံး ပါတီလည်း ဖြစ်ပါတယ်။

ဘိလပ်ပြန် ပညာတတ်ရှေ့နေကလေး နေရူးဟာ မဟတ္တမဂန္ဒီ ဦးဆောင်တဲ့အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှုမှာ စွမ်းစွမ်းတမံပါဝင်ရင်း ကွန်းဂရက်စ်ပါတီရဲ့ခေါင်းဆောင်ပိုင်းကို ရောက်လာခဲ့တယ် ။ အင်္ဂလိပ်တွေက ကွန်းဂရက်စ်ပါတီကို  မတရားအသင်း ကြေငြာလိုက်တဲ့နောက် နေရူးဟာ ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်ပမာ ၀င်ထွက်ရင်း နိုင်ငံရေးကို တစိုက်မတ်မတ် ဆက်လုပ်ခဲ့တယ် ။  ထောင်ကျနေစဉ်အတွင်းမှာ သူဟာ သူ့ရဲ့တစ်ဦးတည်းသောသမီး အင်ဒီရာနေရူး ကို  ထောင်ထဲကနေ ရေးခဲ့တဲ့စာတွေဟာကမ္ဘာကျော်ပါတယ် ။ အဲဒီစာတွေဟာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း  ၆၀၀၀ လောက်သမိုင်းက စပြီး သူထောင်ကျနေတဲ့အချိန်ထိ ကမ္ဘာ့သမိုင်းကြောင်းကို ရှင်းပြထားတာပါ ။ အင်ဒီရာရဲ့အသက် ၁၃ မွေးနေ့အတွက် လက်ဆောင်အဖြစ် စရေးခဲ့ပြီး သမီးကို ကမ္ဘာ့သမိုင်းနဲ့မိတ်ဆက်ပေးဖို့ရည်ရွယ်ခဲ့တာဖြစ်တယ် ။  ‘’  လူတွေဟာ ဘာကြောင့်အခုလို ပြုမူနေထိုင်တယ်ဆိုတာ သိဖို့ကမ္ဘာ့သမိုင်းကို သိမှ နားလည်လွယ်မယ် ‘’  လို့နေရူးက ဆိုပါတယ် ။

နေရူးဟာ ဘာကိုးကားချက်စာအုပ်မှ မပါဘဲ သမီးဆီကို ကျရာထောင်ကနေ အဲဒီလို လက်တန်းရေးတဲ့စာပေါင်း  ၁၉၆  စောင်တိတိ ရှိတယ် ။ ဂရိ ၊ ရောမ ယဉ်ကျေးမှုတွေက အစ အာရှအလယ် ၊ အာသောက ၊ ဂျင်ဂျစ်ခန် ၊ ဂန္ဒီ ၊ လီနင်အဆုံး စုံလင်နေအောင် ပါပါသတဲ့။ ကမ္ဘာပေါ်က စစ်ပွဲအမျိုးမျိုး ၊ အစိုးရ စနစ်အမျိုးမျိုးအကြောင်း အသေးစိတ်ပါတဲ့အဲဒီစာတွေဟာ နေရူးရဲ့သမိုင်းနဲ့နိုင်ငံရေးထိုးထွင်းဥာဏ်တွေကို ဖော်ပြနေခဲ့တယ် ။ သူဟာ လွတ်လပ်ရေးရအပြီးမှာ အိန္ဒိယရဲ့ပထမဆုံး ၀န်ကြီးချုပ် ဖြစ်လာပါတယ် ။  ဒီလိုနဲ့ငယ်စဉ်ကတည်းက နိုင်ငံရေးနဲ့အကျွမ်းဝင်နေတဲ့အင်ဒီရာဟာ အရွယ်ရောက်လို့  Oxford   မှာ ပညာသင်တုန်း သူတို့မိသားစုနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ဖယ်ရို့ဇ် ဂန်ဒီ  Feroze Gandhi  ဆိုသူနဲ့အိမ်ထောင်ကျခဲ့တယ် ။ ဒါကြောင့်အင်ဒီရာနေရူး ကနေ အင်ဒီရာ ဂန္ဒီဆိုတဲ့နာမည်ရလာခဲ့တာပါ ။ ဒီလိုနဲ့အရင်က နေရူးမိသားစုနာမည်ဟာ နေရူး -ဂန္ဒီမိသားစု  Nehru-Gandhi Family  ဆိုပြီး ဖြစ်လာခဲ့တယ် ။ ( မဟတ္တမဂန္ဒီနဲ့နာမည်ချင်းတူသာတာသာ ဖြစ်တယ် ။ သွေးသားမတော်စပ်ဘူး ဆိုတာကို ပြောချင်တာပါ  ) ။

အင်ဒီရာနဲ့ဖယ်ရို့ဇ်တို့ကနေ ရာဂျစ် ဂန္ဒီ နဲ့ဆန်ဂျေ ဂန္ဒီ ဆိုပြီး သားနှစ်ယောက်ထွန်းကားခဲ့တယ် ။ သားတွေအရွယ်ကောင်းကောင်းမရောက်ခင် အဖေလုပ်သူ ဖယ်ရို့ဇ်ဟာ နှလုံးရောဂါဖောက်ပြီး ဆုံးပါသွားခဲ့တယ် ။ မဆုံးခင်မှာ သူနဲ့အင်ဒီရာတို့ရဲ့အိမ်ထောင်ရေးဟာ ပြိုကွဲလုနီးပါး ဖြစ်နေခဲ့ပြီ ။ အကြောင်းကတော့ဖယ်ရို့ဇ်ကိုယ်တိုင်ဟာလည်း ဂျာနယ်လစ်တစ်ယောက် ဖြစ်ပြီး အိန္ဒိယသတင်းစာနှစ်စောင်ကို ထုတ်ဝေသူ အရေးပါ အရာရောက်ခဲ့သူ နိုင်ငံရေးသမားတစ်ယောက်ပါ ။

ဒါပေမယ့် ယောက္ခမလုပ်သူ ၀န်ကြီးချုပ် နေရူးနဲ့သဘောထားချင်းမတိုက်ဆိုင်ရာကနေ အဖုအထစ်တွေ စဖြစ်ရင်း အိမ်ထောင်ရေးကို ထိခိုက်လာခဲ့တယ်။  အစက ဘယ်ဘက်လိုက်ရမှန်းမသိ ကြားညပ်နေခဲ့တဲ့အင်ဒီရာဟာ နောက်ဆုံးမှာ အဖေ့ခြေရာနင်းတဲ့သမီးပီပီ အဖေဖက်က ရပ်တည်ခဲ့တယ် ၊ ဖယ်ရို့ဇ် ဂန္ဒီ ဆုံးတော့သူနဲ့အင်ဒီရာတို့ဟာ တရားဝင်မကွာရသေးပေမယ့်အတူမနေကြတော့တဲ့ဘ၀ကို ရောက်နေခဲ့ပါပြီ ။ အဲဒီနောက်တော့အဖေရဲ့အရိပ်ပမာ ဖြစ်နေတဲ့အင်ဒီရာဟာ  ၁၉၆၆ ကနေ  ၁၉၇၇ ထိ သက်တမ်း သုံးခုဆက်တိုက် ၀န်ကြီးချုပ်ဖြစ်လာခဲ့တယ် ။ ( တကယ်က ၀န်ကြီးချုပ် ၄ ခါဖြစ်တာပါ ၊ ဆက်တိုက်က သုံးခါ )

အီတလီသူကလေး ဆိုနီယာဟာ ရာဂျစ်ဂန္ဒီနဲ့အိမ်ထောင်ကျပြီးနောက် အဲလို နိုင်ငံရေး အရှိန်အ၀ါကြီးတဲ့နေရူး-ဂန္ဒီ မိသားစုကြီးထဲကို  ၀န်ကြီးချုပ် အင်ဒီရာရဲ့ချွေးမအဖြစ် ရောက်လာခဲ့တယ် ။ ဒါပေမယ့်သူတို့လင်မယားဟာ အစပိုင်းမှာ နိုင်ငံရေးနဲ မပတ်သက်ခဲ့ပါဘူး  ။  ဆိုနီယာဟာ ယောက္ခမ၀န်ကြီးချုပ်အပါအ၀င် သူတို့အားလုံးပေါင်းနေတဲ့အိမ်ကြီးကို တတပ်တအား စီမံခန့်ခွဲပြီး အိမ်ရှင်မတစ်ယောက် ၊ မိခင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တယ် ။ တစ်ပြည်တစ်ရွာမှာ ခင်ပွန်း ရာဂျစ် ဂန္ဒီရဲ့မျက်နှာဟာ သူ့အတွက် ကမ္ဘာဖြစ်ပြီး ကလေးတွေဟာ သူ့ရဲ့ဘ၀ ဆိုရင် မမှားပါဘူး ။

ယောက္ခမလုပ်သူ အင်ဒီရာ ဂန္ဒီက အစကတော့ဘာသာမတူ၊ လူမျိုးမတူလို့သူ့သားမင်္ဂလာဖက်ကို သဘောမတွေ့ခဲ့ဘူးလို့ဆိုတယ်။ ဒါပေမယ့်တကယ်တမ်း ယူလာတော့လည်း တပြည်သူ ဆိုနီယာကို  ကောင်းကောင်းဆက်ဆံခဲ့သတဲ့။ ‘’ ဘာမှ အားမငယ်နဲ့သမီး။ ဒီက လူတွေအားလုံး မင်းကို ချစ်ကြတယ် ‘’ ဆိုတဲ့ယောက္ခမရဲ့စကားဟာ သူ့ကို တအားဖြစ်စေခဲ့တယ်လို့ဆိုနီယာက ဟိုးအရင် ရှားရှားပါးပါး ပေးခဲ့ဖူးတဲ့အင်တာဗျူးတစ်ခုမှာ ဆိုတယ်  ။

စကားက အစမတူတဲ့နေရာတစ်ခုမှာ ဆိုနီယာဟာ အီတလီသူပီပီ အီတာလျံအစားအသောက်တွေချက် ၊ ဆာရီဝတ်ပြီး ကလေးထိန်း အိမ်ရှင်မလုပ်ရင်း အိမ်ထောင်သက် ဆယ်နှစ်ကျော်လောက် ခပ်အေးအေးနေနိုင်ခဲ့တယ် ။ ရာဂျစ် ဂန္ဒီကလည်း အဲဒီအချိန်က နိုင်ငံရေးထဲ ပါလေ့မရှိဘဲ အိန္ဒိယ လေကြောင်းမှာ လေယာဉ်မှုးလုပ်နေခဲ့တယ်လေ ။ ဒီတော့ဆိုနီယာဟာ တခါတလေ ယောက္ခမရဲ့မဲဆွယ်ပွဲခရီးစဉ်တွေမှာ အဖော်လိုက်တာကလွဲလို့နိုင်ငံရေးထဲ ၀င်မပါခဲ့။ အင်ဒီယာဂန္ဒီက နိုင်ငံရေးအတွက် မျှော်လင့်ချက်ထား အားကိုးသူက သားကြီး ရာဂျစ် မဟုတ်ဘဲ  သားငယ်ဖြစ်တဲ့ဆန်ဂျေ ဂန္ဒီပါတဲ့။

အင်ဒီရာဟာ ၀န်ကြီးချုပ်ဖြစ်စဉ်အတွင်းမှာ သူ့အဖေနေရူးရဲ့လမ်းစဉ်အတိုင်း ဒီမိုကရေစီဖော်ဆောင်ရေးကို လုပ်ခဲ့တယ် ။  လူထုထောက်ခံမှုကိုလည်း များစွာရခဲ့ပါရဲ့။ ဒါပေမယ့်တစ်ကြိမ်မှာတော့သူဟာ အာဏာရှင်အဖြစ်သမိုင်းတွင်မယ့်လုပ်ရပ်တစ်ခုကို လုပ်ခဲ့တယ် ။ အဲဒါကတော့၁၉၇၁  ရွေးကောက်ပွဲမှာ သူဟာ မဲခိုးပြီး နိုင်တာဖြစ်တယ်လို့အတိုက်အခံတွေက စွပ်စွဲရာက စတာပါဘဲ ။  အဲဒီကိစ္စနဲ့ပတ်သက်ပြီး အတိုက်အခံဘက်က အင်ဒီရာ ကို  ၁၉၇၅  မှာ တရားစွဲခဲ့တယ် ။ တရားရုံးက စစ်ဆေးပြီးနောက် မှန်တယ်လို့အတည်ပြုလိုက်ပြီး အင်ဒီရာရဲ့ရွေးကောက်ပွဲ ရလာဘ်ကို ပယ်ဖျက်လိုက်ပါတယ် ။  နောက်ထပ် ၆ နှစ် ရွေးကောက်ပွဲ မ၀င်ဖို့လည်း တားမြစ်ခဲ့တယ် ။ ( သူများနိုင်ငံများ အဲဒီလို တရားရေးမဏ္ဍိုင် ရှိသကိုး )

အဲဒီကနေစပြီး အင်ဒီရာကိုဆန့်ကျင်တဲ့ဆန္ဒပြမှုတွေ နေရာအနှံ့ပေါ်လာခဲ့တယ် ။ တခြားသော နိုင်ငံရေး စီးပွားရေး ပြသာနာတွေကလည်း တောက်လျှောက်ဖြစ်လာခဲ့တယ် ။  ဒီလို မငြိမ်သက်မှုတွေကို  အကြောင်းပြပြီး  အင်ဒီရာဟာ သူ့ရဲ့အာဏာကို သုံးပြီး  တိုင်းပြည်ကို အရေးပေါ်အခြေအနေကြေငြာလိုက်တယ် ။ အဲဒီနောက်  အတိုက်အခံမှန်သမျကို နှိမ်နင်းပါတော့တယ် ။  အရင် ဒီမိုကရေစီ ဖော်ဆောင်သူ အင်ဒီရာဟာ အဲဒီလို ဒီမိုကရေစီကို မျက်ကွယ်ပြုပြီး အာဏာရှင် ဆန်ဆန်  သုံးနှစ်ကျော် အုပ်ချုပ်ခဲ့တယ် ။  ဒီကာလအတွင်းမှာ အင်ဒီရာ ယုံကြည်အားထားခဲ့သူတွေက သားငယ် ဆန်ဂျေနဲ့လူယုံအနည်းကိုသာပါ ။ ဒီလိုနဲ့ဆန်ဂျေဟာ အရေးပေါ်ကာလမှာ ပိုပြီး အာဏာရှိလာခဲ့တယ် ။ လူတိုင်းက ဆန်ဂျေဟာ တစ်နေ့အမေ့ခြေရာနင်းမယ့်ဝန်ကြီးချုပ်လောင်းလို့သတ်မှတ်ထားရလောက်အောင် ထင်ပေါ်ခဲ့တယ်။ အစိုးရအတွင်းမှာ ဆန်ဂျေ ပြီးမှ ပြီးတယ် ၊ ဆန်ဂျေနဲ့မတည့်လို့မဖြစ်ဘူး ဆိုတဲ့အထိ အလွန်အကျွံ ပေါက်ရောက်နေခဲ့သတဲ့။ အမေနဲ့သားတစ်တွဲတွဲ နဲ့အဲဒီလို သွားလိုက်တာ ၁၉၈၀ မှာ ဆန်ဂျေ ရုတ်တရက် လေယာဉ်ပျက်ကျပြီး ဆုံးသွားတဲ့အခါ အင်ဒီရာဟာ အရုပ်ကြိုးပြတ် ကျန်ခဲ့ပါတယ် ။ အစိုးရတွင်းမှာ ရာထူးမယ်မယ်ရရ မရှိဘဲ ပါဝါရှိလွန်းမက ရှိနေတဲ့ဆန်ဂျေသေတာ သွေးရိုးသားရိုးလားလို့သံသယရှိသူတွေလည်း ရှိတယ်လို့ဆိုတယ် ။

စကားချပ်။  ။  ဒါက ဆန်ဂျေနဲ့သူ့မိန်းမ မာနက်ကာ ဂန္ဒီ Maneka Gandhi ရဲ့ပုံပါ  ။ ( မာနက်ကာဟာ အိမ်ထောင်မကျခင်တုန်းက မော်ဒယ်တစ်ယောက်ပါ ။  အိမ်ထောင်ကျပြီးနောက် ဆန်ဂျေနည်းတူ  ကွန်ဂရက်ပါတီမှ လူငယ်အဖွဲ့မှာ ထဲထဲဝင်ဝင် ပါဝင်လာခဲ့တယ် ။ ဆန်ဂျေကွယ်လွန်ပြီးနောက် ယောက္ခမလုပ်သူ အင်ဒီရာနဲ့သဘောထားကွဲလွဲပြီး ၁၉၈၃ မှာ သူမက တစ်ပါတီထောင်ပါတယ် ။ ၁၉၈၄ ရွေးကောက်ပွဲမှာ ဆန်ဂျေနာမည်နဲ့ဝင်ပြိုင်ပေမယ့်ရာဂျစ်ဂန္ဒီက နိုင်သွားခဲ့တယ် ။ ၁၉၈၈ မှာ သူမဟာ ကွန်းဂရက်စ်ပါတီရဲ့အတိုက်အခံပါတီတစ်ခုနဲ့ပူးပေါင်းပြီး အဲဒီ Janata Dal လို့ခေါ်တဲ့အဲဒီပါတီမှာ အထွေထွေ အတွင်းရေးမှုးဖြစ်လာခဲ့တယ် ။ ၁၉၈၉ မှာ Janata Dal ပါတီက ရွေးကောက်ပွဲကို နိုင်တဲ့အတွက် သူမဟာ အသက် ၃၃ နှစ်မှာ အိန္ဒိယရဲ့အသက်အငယ်ဆုံး ၀န်ကြီး ဖြစ်လာခဲ့တယ် ။ အခုဆိုရင် သူမဟာ အစိုးရ လေးဆက်မှာ ၀န်ကြီးဖြစ်ခဲ့ပြီးပါပြီ ။ သမိုင်းဆိုင်ရာ စကားလုံးများကို လေ့လာတဲ့Etymology ဘာသာရပ် ၊ ဥပဒေ နဲ့တိရစ္ဆာန်အခွင့်အရေး စတဲ့နယ်ပယ်တွေမှာ စာအုပ်ပေါင်းများစွာ ရေးခဲ့သူလည်း ဖြစ်ပါတယ် ။ ယခုလည်း တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူ ၊ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး လှုပ်ရှားသူနဲ့ဂျာနယ်လစ်တစ်ယောက်အနေနဲ့နိုင်ငံရေးထဲမှာ ပါဝင်နေဆဲ ပါ ။ )

အသက် ၃၃ နှစ်နဲ့ဆန်ဂျေသေတော့သူ့မိန်းမ မာနက်ကာ ဂန္ဒီဟာ သားဦးလေးကို မွေးပြီး ရက်တစ်ရာလောက်ဘဲ ရှိသေးတယ် ။ ဒီရင်ကျိုးရတဲ့အဖြစ်ဟာ မိခင် အင်ဒီရာ ဂန္ဒီကို အရှိုက်က ထိုးလိုက်သလို အားပြတ်လဲမတတ် ဖြစ်စေခဲ့တယ် ။ သားငယ်ဆုံးတဲ့နောက် သားကြီး ရာဂျစ်ဂန္ဒီနဲ့ဆိုနီယာတို့ရဲ့နိုင်ငံရေးနဲ့တိုက်ရိုက်မပတ်သက်သေးတဲ့ဘ၀ဟာလည်း မဖြစ်မနေ ပတ်သက်ဖို့ဖြစ်လာပါတော့တယ် ။ ၁၉၈၂ မှာ ရာဂျစ်ဂန္ဒီဟာ သေသူညီအစား အမေရဲ့အတိုင်ပင်ခံ အကြံပေးဖြစ်လာဖို့နိုင်ငံရေးထဲ ၀င်ခဲ့ပါတော့တယ် ။ အခြေအနေက သူတို့ကို ပွေလီရှုပ်ထွေးတဲ့အိန္ဒိယနိုင်ငံရေးထဲကို တွန်းပို့လိုက်ပါပြီ ။ နေရူး-ဂန္ဒီမိသားစုကြီးထဲမှာ ရာဂျစ်ဂန္ဒီဟာ လက်ရှိအခြေအနေအရ တစ်ဦးတည်းသော နိုင်ငံရေးအမွေဆက်ခံသူ မဟုတ်လား ။

ဒီလိုနဲ့ရာဂျစ် ဂန္ဒီဟာ ဆန်ဂျေရဲ့မဲဆန္ဒနယ်ကနေ ၀င်ပြိုင်ပြီး နိုင်ငံရေးထဲရောက်လာပါတယ်။  အင်ဒီရာဟာ ကျန်ခဲ့တဲ့တစ်ဦးတည်းသောသား ရာဂျစ်ကို အားကိုးယုံကြည်လာပြီး ၀န်ကြီးချုပ်ဖြစ်ဖို့မြေတောင်မြှောက်ပေးခဲ့တယ် ။ ဆန်ဂျေဦးဆောင်ခဲ့တဲ့( ကွန်းဂရက်စ်ပါတီကြီးရဲ့)  လူငယ်အဖွဲ့မှာ ရာဂျစ်ဟာ ဥက္ကဌဖြစ်လာခဲ့တယ် ။ ဒီလိုနဲ့ဆိုနီယာနဲ့ရာဂျစ်ဂန္ဒီတို့အိမ်ထောင်ရေးဟာ အဖုအထစ်ကလေးတွေ ရှိလာခဲ့တယ် လို့သတင်းတွေ ပေါ်ထွက်လာခဲ့တယ် ။ အရင်က နိုင်ငံရေးကို စိတ်မ၀င်စားခဲ့တဲ့လင်ယောက်ျား၊  လူမမယ် သားသမီး ၂ ယောက်ရဲ့ ဖခင်  နိုင်ငံရေးထဲကို ခြေပစ်လက်ပစ်ဝင်သွားရတော့ဒါတွေဟာ မဖြစ်မနေ ပေါ်လာတတ်တဲ့မိသားစု ပြသာနာတွေဘဲ မဟုတ်လား ။ ဒါပေမယ့်သူတို့ဘ၀ဟာ အခုမှ လှုပ်ခါရှုပ်ထွေးဖို့အစဘဲရှိပါသေးတယ် ။

၁၉၈၄ မှာ ၀န်ကြီးချုပ် အင်ဒီယာဂန္ဒီဟာ သူ့လူယုံ ကိုယ်ရံတော် နှစ်ယောက်ရဲ့လုပ်ကြံတာခံလိုက်ရပါတယ် ။ အိန္ဒိယရဲ့လူမျိုးရေး အကွဲအပြဲတစ်ခုဖြစ်တဲ့ဆစ်ခ်အကြမ်းဖက်ခွဲထွက်ရေးသမားတွေကို နှိမ်နင်းဖို့အတွက် အင်ဒီရာက စစ်တပ်ကို သုံးခဲ့လို့ လူပေါင်းများစွာ သေခဲ့တယ် ။  ဒါကို မကျေနပ်တဲ့ဆစ်ခ်လူမျိုး လူယုံတွေက လက်စားချေခဲ့တာပါ  ( အင်ဒီရာ ဂန္ဒီ လုပ်ကြံခံရစေတဲ့ ကြယ်ပြာစစ်ဆင်ရေး  Operation Blue Star အကြောင်းရေးထားတဲ့ ‘’ လက်စားဆိုတာ အချေမတတ်ရင် ‘’ ကို   ဒီမှာ ဖတ်ပါ   )

အင်ဒီရာ ဂန္ဒီသေဆုံးရခြင်းဟာ ဆိုနီယာတို့မိသားစုတင်မက အိန္ဒိယ တစ်နိုင်ငံလုံးအတွက် အစားထိုးလို့မရတဲ့ဆုံးရှုံးမှုဖြစ်သလို နိုင်ငံရေး မတည်ငြိမ်မှုတွေဆက်တိုက်ဖြစ်လာခဲ့တယ်။ အင်ဒီရာကို ရန်ငြိုးနဲ့သတ်တာက ဆစ်ခ် လူမျိုး ဘော်ဒီဂတ်တွေမို့အင်ဒီရာ သေပြီး နောက်သုံးလေးရက်အတွင်းမှာ ဟိန္ဒူတွေဟာ ဆစ်ခ် တွေကို လက်စားချေပြန်သတ်ခဲ့တယ်။ အဲဒီလူသတ်ပွဲမှာ ဆစ် ခ် ၃၀၀၀ လောက် သေရပြီး ၂၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ရတယ် ။ အမေလုပ်ကြံခံရတော့နိုင်ငံခြားကို ခဏရောက်နေတဲ့ရာဂျစ် ဂန္ဒီဟာ အမောတကော ပြန်ရောက်ချလာပြီး ရက်ချင်းဘဲ ၀န်ကြီးချုပ်အဖြစ်ကြမ်းကြိမ်ပါတယ် ။ ဒါပေမယ့်အမေကို ရုတ်တရက်ဆုံးရှုံးလိုက်ရသူ ၀န်ကြီးချုပ်အသစ်စက်စက်ဟာ အခြေအနေကို ထိန်းဖို့နေနေသာသာ သူ့ဟာသူတောင် ဆောက်တည်ရာရပုံ မပေါ် ။ သုံးလေးရက်အတွင်းမှာ ဆက်တိုက်အသတ်ခံနေရတဲ့ဆစ်ခ် တွေကို လျစ်လျူရှုတယ်ဆိုပြီး ဝေဖန်ခြင်း အကြီးအကျယ် ခံရပါတယ် ။ သို့ပေမယ့်သူက အမေသေတဲ့လအတွင်းလုပ်တဲ့အင်တာဗျူးတစ်ခုမှာ ဆိုဖြစ်အောင် ဆိုလိုက်ပါသေးတယ် ….’’  သစ်ပင်ကြီးတစ်ပင်လဲရင် အောက်က မြေသား တုန်ခါသွားတာ အဆန်းမှ မဟုတ်တာ ‘’ တဲ့။

အိန္ဒိယနိုင်ငံကြီးကို သိမ့်သိမ့်တုန် ရိုက်ခတ်ခဲ့တဲ့အင်ဒီရာဂန္ဒီသေဆုံးခြင်းဟာ ဆိုနီယာကိုလည်း အတော်ရိုက်ခတ်ခဲ့ပါတယ် ။ အကြောင်းကတော့လုပ်ကြံမှုမှာ ဆိုနီယာပါဝင်ပတ်သက်တယ် ဆိုပြီး သတင်းထွက်လာလို့ပါဘဲ ။ လုပ်ကြံသူတွေ ပစ်တဲ့သေနတ်ဒဏ်ရာနဲ့မျောနေတဲ့ယောက္ခမကို ဆေးရုံခေါ်သွားခဲ့တာ ဆိုနီယာပါ ၊ အဲဒီလို ခေါ်သွားရာမှာ အိမ်နဲ့နီးတဲ့ဆေးရုံကို မခေါ်ဘဲ နည်းနည်းဝေးတဲ့ဆေးရုံကို ခေါ်သွားလို့မသင်္ကာသူစာရင်းထဲ ပါသွားခဲ့သတဲ့ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေ လုပ်ပေမယ့်အထောက်အထား မခိုင်လုံလို့ဘာမှတော့မဖြစ်ခဲ့ပါ ။  သူက အင်တာဗျူးတစ်ခုမှာ ဆိုတယ် ……… ‘’ ကျမတို့အားလုံး ဒီလို ကိစ္စအတွက် စိတ်ထဲမှာ ပြင်ဆင်ထားပြီးသားပါ ၊ ကျမယောက္ခမဟာ ကြယ်ပြာစစ်ဆင်ရေး အပြီးမှာ မကြာမတင် အသတ်ခံရတော့မယ်ဆိုတာ ကြိုသိနေတယ်  ၊ ကျမတို့အားလုံးကို ခေါ်ပြီး သူသာ အသတ်ခံရရင် ဘာတွေ ဆက်လုပ်သင့်တယ်ဆိုတာ ညွှန်ကြားချက်တွေ ပေးခဲ့ပါတယ် ‘’  လို့ဆိုတယ် ။

ရာဂျစ်ဂန္ဒီ ၀န်ကြီးချုပ်ရာထူးကို မဖြစ်မနေယူရတော့မယ်ဆိုတော့ဆိုနီယာဟာ အစမှာ ခါးခါးသီးသီးကန့်ကွက်ခဲ့သတဲ့။ ‘’ ရှင်သာ ၀န်ကြီးချုပ်ဖြစ်ရင် ရှင့်ကိုလည်း တနေ့သတ်ကြမှာဘဲ ‘’  လို့သူက ငိုယိုတောင်းပန်တော့ ရာဂျစ်ဂန္ဒီက  ‘’ ဘယ်နည်းနဲ့မဆို ငါက အသတ်ခံရမယ့်သူဘဲကွာ ‘’  လို့ပြန်ပြောသတဲ့။ ( အောင်မလေးလေး ………..ဒီထက် ကြည်နူးရွှင်ပြစရာ ဇာတ်လမ်းလေးများ ရေးစရာ မရှိတော့ဘူးလား ၊ တချိန်လုံး သတ်နေကြတော့တာဘဲ   ()း

ရာဂျစ်ဂန္ဒီဟာ သူ့အမေလက်ထက်မှာ ရောတိရော့ရဲ ဖြစ်လာခဲ့တဲ့ကွန်ဂရက်စ်ပါတီကို ၁၉၈၄ မှာ သူဝန်ကြီးချုပ်ဖြစ်တော့ပြန်လည်စုစည်းနိုင်ခဲ့တယ် ။ အိန္ဒိယရဲ့စီးပွားရေးကို တိုးတက်အောင် အတိုင်းအတာတစ်ခုထိ လုပ်နိုင်ခဲ့တယ် ။ အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို အရင်ထက် ပိုလုပ်ပြီး ပညာရေး နဲ့အိုင်တီဘက်မှာ မြှင့်တင်မှုတွေ လုပ်နိုင်ခဲ့တယ် ။

ဒါပေမယ့်၁၉၈၇ နောက်ပိုင်းမှာ သူ့ရဲ့ဂုဏ်သိက္ခာကျစရာ အကြောင်းတစ်ခု ဖန်လာခဲ့တယ် ။ အဲဒါကတော့ဆွီဒင်လက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဟာ အာဏာရကွန်ဂရက်စ်ပါတီက ရာဂျစ်ဂန္ဒီအပါအ၀င် အာဏာရှိသူတွေကို နင်းကန် လာဘ်ထိုးပြီး အိန္ဒိယကို အမြောက်တွေ အရောင်းအ၀ယ်လုပ်ခဲ့တယ် ဆိုတဲ့သတင်းထွက်လာတာပါ ။ ဒီအမှုမှာပါတဲ့အမေရိကန်ဒေါ်လာ ၁၂  သန်းကျော်ဆိုတဲ့လာဘ် ပမာဏဟာ ထိုခေတ် အိန္ဒိယသမိုင်းမှာ မရှိဖူးလောက်အောင် များတာမို့ရာဂျစ်ဂန္ဒီတစ်ယောက် ကုန်းကောက်စရာမရှိအောင် သိက္ခာကျရုံမက ၁၉၈၉ ရွေးကောက်ပွဲမှာ ရှုံးခဲ့တယ် ။

ဒီအမှုကို စစ်ဆေးနေစဉ်  ၁၉၉၁ မှာဘဲ ရာဂျစ်ဂန္ဒီဟာ သီရိလင်္ကာက တမီးလ်သူပုန်တွေ လုပ်ကြံလို့သေရပြန်ပါတယ် ။ နောက်ရွေးကောက်ပွဲအတွက် ပြည်နယ်တစ်ခုမှာ မဲဆွယ်နေတဲ့သူ့ကို တမီးလ်သူပုန်မိန်းကလေးတစ်ယောက်က အသေခံဗုန်းခွဲသတ်ခဲ့တာပါ ။ အကြောင်းကတော့ရာဂျစ်ဂန္ဒီဟာ သီရီလင်္ကာအစိုးရနဲ့တမီးလ်သူပုန်တွေကြားမှာဖြစ်နေတဲ့ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့မျှော်လင့်ပြီး အိန္ဒိယ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေကို သီရိလင်္ကာကို ပို့ခဲ့တယ် ။ ငြိမ်းချမ်းရေးတပ်ရဲ့ရည်ရွယ်ချက်က တမီးလ်းသူပုန်ရယ်မှမဟုတ်ဘဲ သီရိလင်္ကာထဲက ရှိသမျှအကြမ်းဖက်တပ်ဖွဲ့တွေကို သီရိလင်္ကာအစိုးရစစ်တပ်နဲ့ပေါင်းပြီး လက်နက်ဖြုတ်ဖို့ပါ ။ အစပိုင်းမှာ ပြင်းထန်တဲ့တိုက်ပွဲတွေထဲ ပါဖို့အစီအစဉ်မရှိပေမယ့်တမီးလ်တွေက လုံးဝ လက်နက်မချတာကြောင့်မကြာခင်မှာဘဲ ငြိမ်းချမ်းရေးတပ်နဲ့တမီးလ်တွေကြား တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပါတော့တယ် ။ နှစ်ဖက်လုံး အသေအပျောက်များလှတဲ့အဲဒီတိုက်ပွဲတွေရဲ့ရလာဘ်တစ်ခုကတော့၁၉၉၁ မှာ ရာဂျစ်ဂန္ဒီ လုပ်ကြံခံလိုက်ရတာပါဘဲ ။ ( အဲဒီတမီးလ်သူပုန်တွေကို ၂၀၀၉ ကျမှ သီရိလင်္ကာစစ်တပ်က အနိုင်တိုက်လိုက်နိုင်တာပါ ။ ရာဂျစ်ဂန္ဒီ သေတဲ့အချိန်မှာ ပွဲကြမ်းလို့ကောင်းတုန်းရှိသေး ။)

ရာဂျစ်ဂန္ဒီ လုပ်ကြံခံရတော့ကွန်းဂရက်စ်ပါတီက ဆိုနီယာကို ပါတီခေါင်းဆောင်လုပ်ဖို့တိုက်တွန်းပါတယ် ။ ဒါပေမယ့်ယောက္ခမရော ၊ ယောက်ျားပါ ပိုးစိုးပက်စက်သေတာကို မြင်ခဲ့ရပြီးနောက်တော့ဆိုနီယာဟာ နိုင်ငံရေးကို စိတ်ကုန်သွားသလားမသိ  ( မကုန်ဘဲ ခံနိုင်စရာလားနော် )  ရာထူးကို အပြတ် ငြင်းခဲ့တယ် ။ သူ့ကလေးတွေရဲ့လုံခြုံရေးကိုလည်း ထည့်စဉ်စားရဦးမယ်လေ ။  ဒီလိုနဲ့သူဟာ ခင်ပွန်းသေပြီး ( ၇ ) နှစ်လောက် နိုင်ငံရေးကို လုံးဝ ကျောခိုင်းခဲ့တယ် ။  ဒီကြားထဲမှာတော့ကွန်ဂရက်စ်ပါတီဟာ တဖြည်းဖြည်းနဲ့လုံးပါးပါးလာပါပြီ ။  အသစ်တက်လာတဲ့ဝန်ကြီးချုပ်တွေဟာ ကွန်းဂရက်စ်ပါတီကို မစုစည်းထားနိုင်ဘဲ ပါတီတွင်းတိုက်ပွဲတွေ ပြင်းထန်လာခဲ့တယ် ၊ ပါတီဘဏ္ဍာတွေ တစတစ လျော့ပါးလာခဲ့တယ် ။ အရေးပါတဲ့ပါတီခေါင်းဆောင်တချို့နှုတ်ထွက်ကုန်ပြီး ၁၉၉၆  ရွေးကောက်ပွဲမှာ ကွန်းဂရက်စ်ပါတီ ရှုံးတဲ့အထိ ဖြစ်လာခဲ့တယ်  ။ မျက်စိရှေ့မှာ အစိတ်စိတ်အမွှာမွှာဖြစ်လာနေတဲ့ကွန်ဂရက်စ်ပါတီကြီးကို ကယ်တင်ဖို့ ၁၉၉၇ မှာ ဆိုနီယာဟာာ ပါတီဝင်ဖြစ်လာပြီး  ထောက်ခံမှုအပြတ်ရတာကြောင့် နှစ်လအတွင်းမှာ ပါတီခေါင်းဆောင် ဖြစ်လာခဲ့ပါတယ် ။

သူကပြောတယ် ‘’ ကျမတို့မိသားစုဟာ ကွန်းဂရက်စ်ပါတီအတွက် အသက်ရှင်ပြီး ပါတီအတွက်ဘဲ အသက်ပေးခဲ့ကြတာပါ ။ ဒီပါတီကြီး ကျမမျက်စိရှေ့မှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲလာတာကို ထိုင်ကြည့်နေရမှာ သရဲဘောကြောင်တယ်လို့ကျမခံစားရတယ် ။  ပါတီခေါင်းဆောင်ပိုင်းကလည်း ကျမကိုလာပြီး ခဏခဏ ဖျောင်းဖျတယ်လေ ။ ဒါကြောင့်သမိုင်းဝင်မိသားစုတာဝန်ကို ယူဖို့ဆုံးဖြတ်လိုက်တာပါ  ‘’  တဲ့။

ဒါပေမယ့်သူမရဲ့နိုင်ငံခြားဇစ်မြစ်ကြောင့်ဝန်ကြီးချုပ်ရာထူးကို တက်လှမ်းရာမှာ အမျိုးမျိုးသော အတိုက်အခိုက်တွေက စောင့်ကြိုနေပါတယ် ။ ၁၉၉၉ မှာ ပါတီတွင်းခေါင်းဆောင် သုံးယောက်က နိုင်ငံခြားသွေးပါတဲ့သူမကို ၀န်ကြီးချုပ်ရာထူးနဲ့မထိုက်တန်ဘူး လို့ကန့်ကွက်တဲ့အတွက် သူမက ပါတီခေါင်းဆောင်အဖြစ်က နှုတ်ထွက်ပေးမယ်လို့ဆိုပါတယ် ။ ဒါပေမယ့်ဒီလိုဆိုလိုက်တာဟာ သူမကို ထောက်ခံသူသာ ပိုများသွားစေခဲ့ပြီး အဲဒီပါတီဝင် သုံးယောက်လုံးကို ပါတီက ထုတ်ခြင်းခံလိုက်ရတယ် ၊ ဒီတော့အထုတ်ခံလိုက်ရသူတွေဟာ Nationalist Congress Party ဆိုတဲ့အတိုက်အခံပါတီတစ်ခုကို ထောင်သွားခဲ့ကြတယ် ။

၂၀၀၄  ရွေးကောက်ပွဲမှာ ဆိုနီယာဟာ အပြင်းအထန်မဲဆွယ်မှုတွေကို လုပ်ခဲ့ပြီး မဲအပြတ်အသတ်နဲ့နိုင်ခဲ့လို ၀န်ကြီးချုပ်ရာထူးကို ယူမယ်ဆိုရင် ရတဲ့အနေအထားကို ရောက်လာခဲ့တယ်  ။ ဒါပေမယ့်အတိုက်အခံ ပါတီဘက်က ထုံးစံအတိုင်း အကြီးအကျယ် ကန့်ကွက်မှု တွေ လုပ်ခဲ့တယ် ။  ‘’  ၀န်ကြီးချုပ် ဖြစ်ရဲ ဖြစ်ကြည့်၊ မင်းကို ကတုံးတုန်းပစ်ပြီး မြေကြီးပေါ် အိပ်ခိုင်းပစ်မယ် ‘’ လို့ အတိုက်အခံ ပါတီခေါင်းဆောင်တစ်ယောက်က ခြိမ်းခြောက်သတဲ့။ ဒါက ခြိမ်းခြောက်မှုများထဲက တစ်ခုသာ ရှိပါသေးတယ် ။ နောက်တစ်ခုကတော့သူဟာ အိမ်ထောင်ကျကတည်းက သူ့မွေးရပ်မြေ အီတလီကို စွန့်ပြီး အိန္ဒိယမှာ အခြေချခဲ့သူဖြစ်ပေမယ့်သူ့ရဲ့နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းဒွိဟာဟာလည်း အတိုက်အခံအတွက် အမြဲတမ်းအသုံးချကန့်ကွက်စရာ ဖြစ်နေခဲ့တယ် ။ ၁၉၅၅ ခုနှစ်မှာပြဌာန်းခဲ့တဲ့အိန္ဒိယရဲ့နိုင်ငံသားဥပဒေအရ သူမဟာ ၀န်ကြီးချုပ်ရာထူးကို ယူလို့မရဘူးလို့ဆိုပြီး အတိုက်အခံဘက်က တရားရုံးထိ တက်ပြီး ကန့်ကွက်ခဲ့တယ် ။ တရားရုံးချုပ်က စစ်ဆေးမှုတွေ လုပ်ပြီး အဲဒီကန့်ကွက်ချက်ကို ပယ်ချလိုက်ပေမယ့်ဆိုနီယာကတော့ဆုံးဖြတ်ချက်ကို ချပြီးသွားခဲ့ပါပြီ ။

ရွေးကောက်ပွဲပြီး ရက်အနည်းငယ်အကြာမှာ သူမဟာ ၀န်ကြီးချုပ်ရာထူးကို ကွန်ဂရက်စ်ပါတီထဲမှာ နာမည်ကောင်းရှိပြီး အပြောင်းအလဲကို လိုလားသူလို့နာမည်ထွက်တဲ့အရင်က ဘဏ္ဍရေးဝန်ကြီးလည်း ဖြစ်တဲ့မာမိုဟန်ဆင်းကို ပေးခဲ့ပါတယ် ။

ဒီအတိုချုံးကို ဖတ်ကြည့်ပြီး ဆိုနီယာရဲ့ဘ၀ဟာ ဆန့်ကျင်ဖက် ဒွိဟတွေနဲ့အပြည့်နဲ့ဆိုတာ စာဖတ်သူ ရိပ်မိလောက်ပါပြီ ။ သူဟာ နိုင်ငံခေါင်းဆောင် အဖြစ် ၀က်ဝက်ကွဲထောက်ခံမှုရသလို အစိတ်စိတ်အမွှာမွှာကွဲစပြုနေတဲ့ကွန်းဂရက်စ်ပါတီကို ပြန်လည်စည်းရုံးတည်ထောင်ပေးနိုင်ခဲ့တယ် ။  တဖက်ကလည်း လျို့လျို့ဝှက်ဝှက်နေတတ်သူ ၊ နိုင်ငံခေါင်းဆောင် ဖြစ်ပေမယ့်ပွင့်လင်းမြင်သာမှုမရှိသူအဖြစ် အင်မတန် ဝေဖန်ခံရသူပါ ။  ဥပမာပြောရရင် ၂၀၁၀ မှာ သူဟာ ကင်ဆာရောဂါကိုကုဖို့ဆိုပြီး နယူးယောက်ကို သွားပေမယ့်ဘယ်ဆေးရုံမှာ ခွဲစိတ်မယ်ဆိုတာကို ယနေ့ထိ ပြောကြားခြင်းမရှိပါဘူး ။ ဒါဟာ ဒီမိုကရေစီနိုင်ငံအိန္ဒိယရဲ့လွတ်လပ်တဲ့မီဒီယာမှာ အတော် ငြင်းခုန်စရာကိစ္စတစ်ခုဖြစ်ခဲ့တယ်  ။ ပြည်သူ့အခွန်ငွေနဲ့ဆေးကုတာကို ပြည်သူကို အသိမပေးဘူး ၊ ကိုယ့်ကိုထောက်ခံတဲ့ပြည်သူကို လေးစားမှုမရှိဘူး စသည်ဖြင့်ပွက်လောရိုက်ခဲ့တယ် ။ အင်တာဗျူးတွေလည်း ပေးလေ့မရှိဘဲ သူနဲ့တွေ့ခွင့်ရဖို့အတော်ခက်တယ်လို့လည်း နာမည်ကြီးပါတယ် ။

ဖိလစ်ပိုင်အာဏာရှင် ဖယ်ဒီနန်မားကို့စ်နဲ့အီမဲဒါးလ်မားကို့စ်ကို မှတ်မိကြမယ် ထင်ပါတယ် ။ မဖတ်ရသေးရင်  ဒီနေရာကို နှိပ်ပါ > ၁၉၉၁ မှာ ဆွစ်ဇာလန် မဂဇင်းတစ်စောင်မှာ ပါတဲ့ဆောင်းပါးတစ်ပုဒ်အရ သက်ဆိုင်ရာက အီမဲဒါးအပါအ၀င် ဆင်းရဲတဲ့နိုင်ငံ ၁၄ ခုရဲ့ခေါင်းဆောင်များ ဆွစ်စ်ဇာလန်ဘဏ်စာရင်းကို စစ်ပါသတဲ့။ ရည်ရွယ်ချက်ကတော့အီမဲဒါးတို့ရဲ့ငွေမဲတွေကို ဖမ်းဖို့လုပ်တာပါ ။ အဲဒီမှာ ယုံထောင်ကြောင်မိဆိုသလို ရာဂျစ်ဂန္ဒီရဲ့ဘဏ်စရင်းထဲမှာ အမေရိကန်ဒေါ်လာ  သန်း ၂၂၀၀ နဲ့ညီတဲ့ဆွစ်ဇာလန်ငွေတွေကို တွေ့တယ်လို့ဆိုပါတယ် ။ ကွန်းဂရက်စ်ပါတီရဲ့အတိုက်အခံတွေဟာ  ဒီနေ့ထိ အဲဒီကိစ္စကို ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေကြဆဲ ။ အရေးယူဖော်ထုတ်ဖို့လည်း အကြိမ်ကြိမ်ကြိုးစားကြဆဲ ။ ကွန်းဂရက်စ်ပါတီကလည်း လုံးဝငြင်းဆန်ကြဆဲပါ ။

နောက်တစ်ခု နာမည်ကြီးတဲ့စွပ်စွဲချက်ကတော့ရာဂျစ်ဂန္ဒီဟာ  KGB လို့ခေါ်တဲ့ရုရှားကွန်မြူနစ် လျို့ဝှက်ထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးခဲ့ပြီး KGB ရဲ့ငွေကြေးထောက်ပံ့မှုကို ရခဲ့သတဲ့။ ၁၉၉၂ တုန်းက အိန္ဒိယသတင်းစာနှစ်စောင်ကနေ ဖော်ထုတ်ကြေငြာလိုက်တဲ့ဒီကိစ္စကို ရုရှားအစိုးရ အတည်ပြုပေးလိုက်တယ်လို့ဆိုပါတယ် ။ ဒီကိစ္စဟာ နိုင်ငံတော်သစ္စာဖောက်မှုမည်တယ်ဆိုပြီး ရာဂျစ်ဂန္ဒီသေပြီး အနှစ်နှစ်ဆယ်ကျော်တဲ့အခုထိ ဆိုနီယာတစ်ယောက်  အဝေဖန်ခံနေရဆဲပါ ။ တခြားစွပ်စွဲဝေဖန်ခံရမှုတွေလည်း များစွာရှိပါသေးတယ် ။

Sonia Gandhhi နာမည်နဲ့အထ္တုပ္ပတ္တိတွေလည်း အခုဆို အတော်ထွက်ခဲ့ပြီးပါပြီ ။ ဒါပေမယ့်အဲဒီစာရေးဆရာတွေကို တခါမှ လက်ခံတွေ့ဆုံပြီး အင်တာဗျူးပေးခဲ့ခြင်းမရှိဘူး လို့ဆိုနီယာက အတိအလင်း ပြောထားပါတယ် ။ သူ့မိသားစုဝင်တချို့ကတော့အဲဒီအထ္တုပ္ပတ္တိတွေမှာ ဖန်တီးလုပ်ကြံထားတာတွေနဲ့ပြည့်နေတယ်လို့ကန့်ကွက်စကား ဆိုပါတယ် ။

ဘာဘဲဖြစ်ဖြစ် ဆိုနီယာဟာ အတိုက်အခံ ရန်သူများစွာကြားထဲကဘဲ ကမ္ဘာ့ထိပ်တန်းပါဝါအရှိဆုံး အမျိုးသမီးများထဲမှာ ပါဝင်နေဆဲပါ ။ အခုထိလည်း ၀န်ကြီးချုပ်မဟုတ်ပေမယ့်အာဏာရကွန်းဂရက်စ်ပါတီမှာ ၀န်ကြီးချုပ်ထက် ပိုပြီး အာဏာရှိသူလို့အားလုံးက လက်ခံထားရသူပါဘဲ ။ သူ့သား ရဟူးဂန္ဒီဟာလွှတ်တော် အမတ်တစ်ယောက်ဖြစ်ပြီး ကွန်းဂရက်စ်ပါတီမှာ လက်ရှိ အထွေထွေအတွင်းရေးမှုးဖြစ်ပါတယ် ။ အပြောင်းအလဲကို လိုလားသူ လူငယ်တွေ ကြားမှာ အရမ်းပေါ်ပြူလာဖြစ်သူတစ်ယောက်ဖြစ်ပြီး သိပ်မကြာခင်ကာလမှာ ၀န်ကြီးချုပ်ဖြစ်လာမယ်ဆိုပြီးတော့ခန့်မှန်းထားကြသူတစ်ယောက်လည်း ဖြစ်တယ် ။ သူရော သူ့ညီမ ပရီယန်ကာပါ ငယ်ငယ်ကတည်းက လုံခြုံရေးအရ အိမ်မှာဘဲ စာသင်ခဲ့ကြရတယ် ။ ရဟူးက နောက်ပိုင်းမှာ  Cambridge တက္ကသိုလ် သွားတက်တော့လုံခြုံရေးအရ နာမည်တုယူပြီး သင်ရသတဲ့။ သူ့Identity အစစ်ကို တက္ကသိုလ် ဆိုင်ရာ officials တွေနဲ့သူ့လုံခြုံရေးကို တာဝန်ယူရသူတွေကလွဲလို့ဘယ်သူမှာ မသိဘူး ဆိုပါတယ် ။

သမီး Priyanka က Rahul ထက် ပို လူကြိုက်များပြီး ပြည်သူကြားမှာ ပိုပြီး ပေါ်ပြူလာဖြစ်ပါတယ် ။ အမေနဲ့အစ်ကိုတို့ရဲ့campagin officer နဲ့အကြံပေးလည်း ဖြစ်တယ် ။ ဒါပေမယ့် ကလေး ၂ ယောက်အမေလည်းဖြစ် ၊ မိသားစုအရေးကြောင့်သူ့အစ်ကိုလောက် နိုင်ငံရေးမှာ မျှော်လင့်ချက် မရှိပါ ။ တိုတိုပြောရရင်တော့သူတို့ဟာ ဆိုနီယာရဲ့အယုံကြည်အားအထားရဆုံး နှစ်ယောက်ဆိုရင် မမှားပါဘူး ။

ဒီလောက်ဆိုရင် ကံကြမ္မာထူးတဲ့အီတလီသူတဖြစ်လဲ ဆိုနီယာဂန္ဒီရဲ့အကြောင်းကို စာဖတ်သူများ အရိပ်အမြွတ်သိပြီလို့ယုံကြည်မိပါကြောင်း ။

(၀န်ခံချက် ။   ။ အချိန်အခက်အခဲကြောင့်အရင်ကလို အပိုင်း ၁ တွေ ၂ တွေ မရေးနိုင်လို့ဒီ Note ကို လုံးဝ အားမရပါဘူး ၊ ရေးမယ်ဆိုပြီး မှန်းထားတာ ဟိုးအရင် မာမိုဟန်ဆင်း မြန်မာပြည်ကိုလာပြီး ဒေါ်စုနဲ့တွေ့ကတည်းပါ ။ အကြောင်းအမျိုးမျိုးနဲ့မရေးဖြစ်ခဲ့။ ခုမှ ၀ရုန်းသုံးကား ထ ရေးပြီး အသည်းအသန် ချုံ့ရေးထားတာပါ။ နေရူး-ဂန္ဒီမိသားစုအကြောင်း လှစ်ဟပြရုံသက်သက်သာလို့စာဖတ်သူများက သဘော ထားကြီးကြီးထားပေးကြပါနော် ။ )

Ref:
spring-flowers  FACEBOOK


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts