>Khaing Mar Kyaw Zaw – 20

>

နယ်စပ်လမ်းက ဝမ်းတထွာ – ၂ဝ

ရေဒီယိုဖရီးအေးရှား ပင်တိုင်အစီအစဉ်
ခိုင်မာကျော်ဇော
ဧပြီ ၃၊ ၂၀၁၀
သောတရှင်များရှင်
အိန္ဒိယ-မြန်မာနယ်စပ်က မိုးရေးမြို့ဟာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း တမူးမြို့နဲ့ ယှဉ်တွဲတည်ရှိနေတဲ့ အိန္ဒိယနိုင်ငံရဲ့ မြို့ငယ်လေး တမြို့ပါ။ လူဦးရေ(၁)သောင်းခွဲလောက် မှီတင်းနေထိုင်တဲ့ မိုးရေးမြို့မှာ တဝက်ကျော်ဟာ ဦးနေဝင်း အိမ်စောင့် အစိုးရလက်ထက်က စစ်ကိုင်းတိုင်း ကလေး၊ ကဘော်ချိုင့်ဝှမ်းနဲ့ ခန္တီး၊ ဟုမ်းမလင်း နယ်ဘက်ကနေ မောင်းထုတ်ခံခဲ့တဲ့ မြန်မာ ပြည်ဖွား ကူကီတိုင်းရင်းသားတွေ ဖြစ်ပါတယ်။
မိုးရေးမြို့မှာ ကူးကီတိုင်းရင်းသားတွေနဲ့အတူ ရောထွေးယှက်တင် နေထိုင်ကြတာက အိန္ဒိယနိုင်ငံသား ကသည်းလူမျိုး များ၊ ဟိန္ဒူ၊ မွတ်စလင်များ၊ တမီးလ်လူမျိုးနဲ့ မြန်မာနိုင်ငံဘက်ကလာကြတဲ့ မြန်မာနဲ့ ချင်းတိုင်းရင်းသား အနည်းငယ်တို့ ဖြစ်ပါတယ်။
နိုင်ငံခြား၊ လူမျိုးခြား၊ ဘာသာခြားတွေ ရောထွေးယှက်တင် နေထိုင်ကြတဲ့ မိုးရေးမြို့မှာ အခြားနယ်စပ်ဒေသတွေနဲ့ မတူတဲ့ ထူးခြားချက်တွေ အများကြီးရှိပါတယ်။ မိုးရေးကို မြို့လို့သာသတ်မှတ်ထားပေမယ့် တကယ်တမ်းကျတော့ မိုးရေးဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတခုရဲ့ အရွယ်၊ အနေအထား လောက်ပဲရှိတာပါ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီိး ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး၊ ရေ၊ မီး အခြေအနေတွေကလည်း တချို့ဒုက္ခသည်စခန်းတွေ ထက်တောင် နိမ့်ကျ ကြပ်တည်း နေပါသေးတယ်။
ရွာကြီးတရွာ အရွယ်သာသာရှိတဲ့ မိုးရေးမှာ အိန္ဒိယ ဗဟိုစစ်တပ်။ မဏိပူပြည်နယ် တပ်။ ကသည်း သူပုန်။  ကူကီး သူပုန်။  နာဂသူပုန်နဲ့ မြို့နယ်ရဲတပ်တွေက နေရာအနှံ့မှာ တပ်ဖြန့် ထားကြတာပါ။ လက်နက်ကိုင်အဖွဲ့တွေကလည်း တဖွဲ့နဲ့တ ဖွဲ့ အမြဲရန်စောင် နေကြာတာမို့ တိုက်ပွဲခေါ်သံတွေ၊ သေနတ်သံတွေ၊ ဗုံးသံတွေလည်း မိုးရေးမှာ အချိန်မရွေး ကြားရနိုင်ပါတယ်။
လက်နက်ကိုင်တွေနဲ့ ပုန်းခိုကျင်းတွေပေါတဲ့ မိုးရေးမှာ အိမ်တိုင်းလိုလိုက ယောင်္ကျားတယောက် မဟုတ် တယောက် ဟာ စစ်တပ်၊ ဒါမှမဟုတ် သူပုန်အဖွဲ့ တဖွဲ့ဖွဲ့နဲ့ တနည်းမဟုတ်တနည်း ပတ်သက်ဆက်နွယ်နေကြပါတယ်။ အမျိုးသားရေး အခြေခံတဲ့ သူပုန်တပ်ဖွဲ့တွေကလွဲလို့ အိန္ဒိယ ဗဟိုစစ်တပ်။ မဏိပူပြည်နယ်တပ်။ မြို့နယ်ရဲတပ်ဖွဲ့ တဖွဲ့ဖွဲ့မှာ စစ်မှုထမ်း တာကလည်း မိုးရေးက ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တခုလို့ ပြောလို့ရနိုင်ပါတယ်။
ကုန်ရောင်းကုန်ဝယ် လုပ်သူတွေ၊ အိမ်ဆိုင်လေးတွေဖွင့်ပြီိး ဈေးရောင်းသူတွေ၊ တခေါ်စာကျယ်ဝန်းတဲ့ မြို့လေးထဲမှာ (၃)ဘီးပြေးသူပြေး၊ ကုန်တင်ကုန်ထမ်းနဲ့ ကြုံရာကျဘမ်း အလုပ်တွေလုပ်ပြီး မိသားစုဝမ်းရေး လုံးပမ်းနေကြသူတွေ ရှိသလို ရာသီစာ သီးနှံတွေကို စိုက်ကြပျိုးကြတဲ့ လယ်မြေပိုင်သူ တချို့လည်း မိုးရေးမှာ ရှိပါတယ်။
မြေကွက်ငယ်လေးတကွက်ကို အမှီပြုပြီး စိုက်ပျိုးစားသောက်နေကြတဲ့ ကူကီး မိသားစုတစုကတော့ ခန္တီးနယ်ဘက်က နေ လွန်ခဲ့တဲ့နှစ်ပေါင်း (၄ဝ)ကျော်က မိုးရေးကို ရောက်လာကြသူတွေပါ။ သူတို့ကတော့ (၃)ဧကကျော် ကျယ်ဝန်းတဲ့ လယ် မြေမှာ စပါးချိန်မှာ စပါးစိုက်သလို မုန့်ညှင်းမုန့်လာ ရာသီစာလေးတွေ စိုက်ပျိုးပြီးတော့ မိဘဘိုးဘွား၊ သားသမီးမြေးမြစ်တွေနဲ့ စုစုဝေးဝေးနေ ထိုင်ကြတာပါ။ မိုးရေးကိုရောက်တာ ဆယ်စုနှစ် (၄)စုကျော်ပြီိမို့ အိန္ဒိယနိုင်ငံသားတွေလည်း ဖြစ်နေကြပါပြီ။ ဒါပေမယ့်လည်း ဖုန်ထူ၊ ရေရှားပြီး လုပ်စားကိုင်းစားရ ခက်ခဲတဲ့ မိုးရေးမှာ သူတို့ မပျော်ကြပါဘူး။
“ဒီကို ကျနော်တို့ ပြေးလာတုန်းက ကျနော့်မှာ ကလေး(၂)ယောက်ပဲ ရှိသေးတယ်။ ဒီရောက်မှ နောက်ထပ်(၂) ယောက်ထပ်မွေးတာ။ ပါလာတဲ့ကလေးတွေကလည်း အရမ်းငယ်သေးတယ်။ အလွန်ဆုံးရှိမှ ၂နှစ်၊ ၃ နှစ်ပေါ့။ သူတို့က မွေးတဲ့ ကျနော့်မြေးတွေဆို ကျနော်တို့ နယ်တွေ၊ ရွာတွေ အကြောင်းပြောရင် ပုံပြင်တွေလိုပဲ နားထောင်ကြတာ။ ကျနော်တို့က ကိုယ့် တိုင်းပြည် ကိုယ့်ရပ်ရွာမှာ နှစ်ပေါင်းများစွာနေလာခဲ့တာဆိုတော့ ကိုယ့်ဇာတိ ကိုယ့်ရပ်ရွာကိုပဲ လွမ်းတယ်။ ကိုယ့်တိုင်းပြည် မှာပဲ ကိုယ်နေချင်တယ်။ ဒီမှာနေရတာ ဘယ်လိုမှ မပျော်ဘူး”လို့ ကူကီးအဖိုးအိုတဦးက သူ့ခံစားချက်တချို့ကို အန်ထုတ်လာ ပါတယ်။
လယ်ထဲ မဆင်းနိုင်တော့တဲ့ ကူကီးအဖိုးအိုဟာ ပလပ်စတစ်ရောင်စုံကြိုးတွေနဲ့ ထမင်းစားပွဲထိုးတဲ့ အလုပ်ကို ကိုယ် တိုင်လည်းလုပ်သလို သားသမီးတွေကိုလည်း လက်ဆင့်ကမ်း သင်ပြပေးနေသူပါ။ သားသမီး(၄)ယောက်၊ သားသမီိးတွေက မွေးတဲ့ မြေးမြစ်(၅)ယောက်၊ အဖိုးအဖွား (၂)ဦးပါပေါင်းရင် (၁၁)ယောက်။ အဲ့ဒီ မိသားစုအတွက် သူတို့ပိုင်တဲ့ မြေကွက်က ထွက်တဲ့ ထွက်ကုန်နဲ့ ဘယ်လိုမှ စားမလောက်ပါဘူး။ ဒါကြောင့် ဇာတိနယ်က တတ်မြောက်လာတဲ့ လက်မှုအတတ်ပညာနဲ့ တဖက်တလမ်းက ဝင်ငွေရှာရတာလို့ ကူကီးအဖိုးအိုက ပြောပါတယ်။
တပတ်ကျော်ကြာ ယက်လုပ်ရတဲ့ ထမင်းစားပွဲတလုံးကို ရောင်းရင်တော့ ယူပီး ငွေ ၄ဝဝ၊ ၅ဝဝ ရတယ်လို့ သူတို့က ဆိုပါတယ်။ ဒီဝင်ငွေဟာ သူတို့မိသားစုအတွက် အတော့်ကို ခုမိခံမိတဲ့ ဝင်ငွေပါပဲ။ ဒါပေမယ့်လည်း သူတို့ တပတ်တခါ ထမင်းစားပွဲ တလုံးထိုးလို့ ရနေတာတော့ မဟုတ်ပါဘူး။ စားပွဲထိုးဖို့အတွက် ပလပ်စတစ်ရောင်စုံကြိုးတွေကို အလွယ်တကူ ဝယ်လို့ရပေမယ့် စားပွဲအောက်ခြေအတွက် လိုအပ်တဲ့ သက်ရင့်ဝါး ရဖို့ကိုကတော့ တောတောင်ထဲမှာ သူတို့ ရှာခုတ်ရတာပါ။
သစ်ပင်ပါးတဲ့ တောတောင်မှာ သက်ရင့် ဝါးဖို့ကလည်း ကျောက်ခဲကို ရေညှစ်တာထက် ပိုလို့ခက်ခဲပါတယ်။ တနေ ကုန်ရှာလို့ ဝါးတချောင်းမတွေ့တဲ့ နေ့တွေမှာ ထင်းခြောက်ရှာပြီး သူတို့ အိမ်ပြန်လာကြပါတယ်။ စစ်သားနဲ့ပုန်းခိုကျင်းတွေက လွဲပြီး အရာရာရှားပါးတဲ့ မိုးရေးမှာ ထင်းခြောက်ဆိုတာကလည်း သူတို့အတွက်တော့ ငွေပဲမဟုတ်ပါလား။
သောတရှင်များ ကျန်းမာရွင်လန်းကြပါစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts