>Burmese in Australia protest against Regime’s 2010 Election

>

သြစတြေးလျနိုင်ငံ၊ မြို့တော်ကင်ဘာရာတွင် နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဥပဒေကို ဆန့်ကျင်ဆန္ဒပြ

မိုးမခအထောက်တော် (ကင်ဘာရာ)
ဧပြီ ၃၊ ၂၀၁၀
          မတ်လ ၃၁က မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းများ၊ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူများက သြစတြေးလျမြို့တော် ကင်ဘာရာတွင် ဖွင့်လှစ်ထားသည့် နအဖစစ်အစိုးရ၏ သံရုံးရှေ့တွင် နအဖစစ်အစိုးရ ၏ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ဆန္ဒပြပွဲကို ကျင်းပခဲ့ကြသည်။
ယင်းဆန္ဒပြပွဲအခန်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (သြစတြေးလျဌာနခွဲ)၏ ဥက္ကဋ္ဌ ဦးမောင်မောင်အေး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မန္တလေးအရှေ့မြောက်မြို့နယ်)၊ Mon National Democratic Front (Liberated Area) ကိုယ်စား နိုင်ဖေသိန်းဇာ၊ Joint Action Committee for Democracy in Burma (JACDB) ကိုယ်စား မွန်အမျိုးသား မင်းသက်နိုင်တို့နှင့် ဆန္ဒပြပွဲလာပရိသတ်များက ၎င်းတို့၏ သဘောထားများနှင့် အဖွဲ့အစည်းသဘောထားများကို ဖော်ထုတ် ပြောဆိုခဲ့ကြသည်။ ဖတ်ကြားခဲ့ပြီး ဆန္ဒပြပွဲတက်ရောက်လာကြသူများ မှလည်း မိမိတို့ တဦးချင်းစီ၏ ဆန္ဒသဘောထားများကို ဖေါ်ထုတ်ခဲ့ကြပါသည်။ JACDB တွင် NLD-LA (Australia), Australian Karen Organization, Mon National Council, ABSDF (Australia) အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရေးစိတ်ဝင်စားသူများနှင့် ဖွဲ့စည်းထားသည့် ကော်မတီတရပ်ဖြစ်ပြီး Burma Campaign Sydney နှင့် မြန်မာလူငယ်များအဖွဲ့ချုပ်တို့လည်း အဆိုပါဆန္ဒပြပွဲကို  ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

ဆန္ဒပြပွဲ၏ အဓိကရလဒ်အဖြစ် သြစတြေးလျရှိ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများက နအဖစစ်အစိုးရ ဒီမိုကရေစီနည်းမကျသည့် ၂၀၀၈ အခြေခံဥပဒေ၊ မတရားသည့် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေနှင့် စစ်အစိုးရမှ ဆောင်ရွက်ရန် စီစဉ်နေသည့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ညီတညာတည်း ရှုံ့ချ ကန့်ကွက်ခဲ့ကြပြီး ၂၀၁၀ခုနှစ်၊ မတ်လ (၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုဦးစီးအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ်လည်း ထောက်ခံကြောင်း တညီတညာတည်း ဆန္ဒဖေါ်ထုတ်နိုင်ခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts