>Poets in Burma to host World Poetry Day for the whole week


>

မြန်မာပြည်က ကဗျာဆရာများက ကမ္ဘာကဗျာနေ့ကို ဂုဏ်ပြုကြမည်
မိုးမခအထောက်တော် ၀၀၃
မတ် ၃၊ ၂၀၁၀
မြန်မာပြည်တွင်းရှိ မြို့နယ် အသီးသီးက ကဗျာဆရာများသည် နှစ်စဉ် မတ်လရောက်တိုင်း ကမ္ဘာ့ကဗျာနေ့ကို မိမိအစီအစဉ်အဖြစ် အမှတ်တရကျင်းပကြလေ့ရှိရာ၊ ယခု ၂၀၁၀ တွင် ပြည်တွင်းကဗျာဆရာများနှင့် စာနယ်ဇင်းသမားများ ပူးတွဲပြီး ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် ကဗျာရက်သတ္တပတ် အထူးအစီအစဉ်တခုအဖြစ် ကျင်းပကြမည် ဆိုသည်။
ကဗျာစာအုပ် အထူးရောင်းပွဲနှင့် ရာစုသစ် ၁၀ စုနှစ် ကဗျာစာအုပ်ပြပွဲ (၂၀၀၀ – ၂၀၀၉) ကို မတ်လ ၁၉ မှ ၂၂ ရက်အထိ ကျင်းပကြမည် ဖြစ်ရာ စာအုပ်ရောင်းပွဲကို စာပေလောက – ၅ စာအုပ်ဆိုင်တွင်၎င်း၊ ကဗျာပြပွဲကို ပန်းဆိုးတန်းပန်းချီပြခန်းတွင်၎င်း ကျင်းပကြမည် ဖြစ်သည်ဟု ဖိတ်စာက ဆိုထားသည်။
ကဗျာစာအုပ်ရောင်းပွဲနေရာတွင် ကဗျာဆရာများက စာတမ်းဖတ်ခြင်း၊ ကဗျာရွတ်ခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်ပြီး ကဗျာပြပွဲနေရာတွင် ကဗျာများကို လက်ရေးမူဖြင့် ဘောင်သွင်းပြသခြင်း၊ ကဗျာဆရာကိုယ်တိုင်က လက်မှတ်ထိုး ရောင်းချခြင်းတို့ ပြုလုပ်မည်ဟု ဆိုသည်။
ကဗျာဆရာများ၏ ပြပွဲ ပြခန်းအဖြစ် ယခင်က အဖြူရောင်သက်တံ ကဗျာရွတ်ပွဲကို ၂၀၀၇ သံဃာ့အရေးတော်ပုံ မတိုင်မီက ၂ ကြိမ် ရုပ်ရှင်၊ သရုပ်ဆောင်၊ မိုဒယ်များ အခြား စာနယ်ဇင်းသမားများနှင့် ပူးတွဲ ကျင်းပခဲ့ဖူးသည်။ ထိုအချိန်က ယခု အဖမ်းဆီးခံနေရသည့် ကဗျာဆရာ စောဝေနှင့် ပြည်ပသို့ ထွက်ခွာလာသူ ကဗျာဆရာ အောင်ဝေးတို့က ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထိုပွဲတော်များတွင် ကဗျာရွတ်ဆိုခဲ့ကြသူ ကဗျာဆရာများလည်း ယခု ကဗျာရက်သတ္တပတ်ပွဲကို ဆက်လက်ဆင်နွှဲကြမည် ဟု ဆိုသည်။
“ကဗျာဆိုတာက မိမိနဲ့ ချစ်သူတွေအားလုံးအတွက် သီချင်းတပုဒ်ပဲ။ ပြီးတော့ သဘောချင်း မညီသူတွေအတွက် စိန်ခေါ်စစ်ချီသံ။ ကဗျာဟာ အလှဆင်တဲ့ တေးသွား၊ တက်ကြွရဲရင့်တဲ့ ခွန်အား၊ ပြီးတော့ တရားမျှတမှုရဲ့ ဓားသွား တခုလည်းဖြစ်တယ်။ မောင်ခိုင်မာ ရေးခဲ့သလို မသေတဲ့ ငှက်ဟာ ကဗျာ ဆိုသလိုပေါ့။ ပြီးတော့ ကဗျာဆရာတွေဟာ အဲသလို ရူးသွပ်ယုံကြည်သူတွေ ဖြစ်ပါတယ်။” ဟု မိုးမခမိတ်ဆွေ ကဗျာဆရာတဦးက မှတ်ချက်စာ ရေးပို့ခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts