>Rangoon Street Journalist – Chicken Flu and Human Flu in Burma

>

ရန်ကုန်ရှုခင်း – မတ်လ ပထမပတ်
ကြက်တုပ်ကွေး၊ လူတုပ်ကွေး
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
မတ် ၃၊ ၂၀၁၀
ကမ္ဘာတ၀ှမ်းလုံးကို ထိတ်လန့်စေခဲ့တဲ့ ၀က်တုပ်ကွေး သို့မဟုတ် နောက်ပိုင်း လူတုပ်ကွေးလို့ ပြောင်းခေါ်ကြတဲ့ ကူးစက်ရောဂါကို မကြာသေးမီသီတင်းပတ်မှာ ဖြစ်ပွားတဲ့လူနာ ပြန်လည်တွေ့ရှိလာပြီး အရင်ဖြစ်ခါစ ဇွန်၊ ဇူလိုင်လများကလို ကြောက်လန့်တာတွေ မရှိတော့ပဲ အနည်းငယ် သတိပြုမိရုံပဲ ရှိပါတော့တယ်။
ဒါကလည်း လူတုပ်ကွေးရောဂါနဲ့ မြန်မာနိုင်ငံမှာ လူအသေအပျောက် မရှိသေးလို့၊ ဖြစ်ပွားတဲ့ အရေအတွက်လည်း နည်းပါးတာကြောင့် လူအများက သိပ်မစိုးရိမ်ကြတော့တဲ့ သဘောပါ။
ပထမ တကြိမ်ဖြစ်ပွားတဲ့ လူနာတွေတွေ့ရှိတုန်းက မီဒီယာတွေဖြစ်တဲ့ သတင်းစာ၊ ဂျာနယ်တွေမှာ အကျယ်တ၀င့် ဖေါ်ပြကြ၊ လူတွေကလည်း သေနိုင်တဲ့ရောဂါ ကူးစက်မှာစိုးလို့ ပါးစပ်နှာခေါင်းစည်းတွေနဲ့ ကာကွယ်ကြနဲ့ လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် အဲဒီနောက်မှာ တုပ်ကွေးအဖျားနဲ့ သေပျောက်သူမရှိတာတွေ့ ကြတော့ ယခုနောက်ပိုင်း သိပ်ပြီး မစိုးရိမ်ကြတော့တာပါ။
အဲလိုမစိုးရိမ်ကြတော့လည်း အချို့ဂျာနယ်တွေက လူတွေ သတိပြုဂရုစိုက်မှု အားနည်းလာ ဆိုတဲ့သဘောမျိုးတွေ ရေးသားကြပြန်ပါတယ်။ သတင်းရေးစရာ ရှုထောင့်ရှားလို့ ပြောင်းပြန်ရှုထောင့်ကနေ ပြန်ရေးတဲ့သဘောများလား မသိပါ။
လူအများတုံ့ပြန်ရာမှာ  မလိုအပ်ပဲ စိုးရိမ်လွန်ကဲတာမျိုး မရှိတာဟာ သဘာဝလည်းကျပါတယ်။ လူတုပ်ကွေးမဟုတ်ပဲ အခြားသောကူးစက်ရောဂါ၊ အဖျားရောဂါတွေနဲ့ မြန်မာနိုင်ငံမှာ သေဆုံး နေရတာတွေ အများအပြားပါ။ အဲဒီဟာတွေနဲ့ စာလိုက်ရင် လူတုပ်ကွေးဆိုတာဟာ အကျိုးသက်ရောက်မှု အားဖြင့် မသိသာမထင်ရှား လှပါဘူး။ အခြားသော ကူးစက်ရောဂါတွေဖြစ်တဲ့ ငှက်ဖျား၊ အိတ်ခ်ျအိုင်ဗီ၊ တီဘီရောဂါတွေနဲ့ တနှစ်ကို လူဦးရေ သောင်းဂဏန်းနဲ့ သေဆုံးနေကြရပါတယ်။
အဆိုပါ လူတုပ်ကွေးလိုပဲ ကြက်ငှက်တွေမှာ ဖြစ်ပွားပြီး လူတွေဆီကူးစက်နိုင်တဲ့ အိတ်ခ်ျဖိုက်အန်ဝမ်း (H5N1) ကြက်တုပ်ကွေးကလည်း ယခုလိုခြောက်သွေ့ရာသီ နွေအပူရှိန် စတင်ခါစ ဖေဖေါ်ဝါရီနဲ့ မတ်လတွေမှာ ဖြစ်လေ့ရှိပါတယ်။ ယခုနှစ်လည်း ဖေဖေါ်ဝါရီလ လယ်လောက်မှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က ကြက်ခြံမှာ စတင်တွေ့ရှိပြန်ပါတယ်။ ကြက်ကောင်ရေ ၂ထောင်ကျော်ပဲ သုတ်သင်ရတာမို့ ယခင်နှစ်များက ဖြစ်ပွားတာနဲ့ နှိုင်းယှဉ်ရင် အလွန်ပဲ နည်းပါးပါသေးတယ်။
ဖြစ်ပွားတဲ့ မြို့နယ်တွေမှာပဲ ကြက်သား၊ ကြက်ဥ ရောင်းချခွင့် ယာယီအာဖြင့် ပိတ်ပင်လိုက်ပြီး ကျန်မြို့နယ်များမှာတော့ ပုံမှန်အတိုင်းပဲ စားသောက်လျက်ရှိကြပါတယ်။ အများနဲ့ဆိုင်တဲ့ အလှူတွေလုပ်ရာမှာသာ ကြက်သားကို အနည်းငယ်ရှောင်ကြတယ်လို့လည်း ကြက်သားဒန်ပေါက်ရောင်းသူတွေက ပြောပါတယ်။ လက်လီ ကြက်ဈေး တပိသာမှာ ကျပ် ၁ထောင်ကနေ ၁၅၀၀ ကျပ်ဝန်းကျင်ကျဆင်းသွားတာ လည်းတွေ့ရကြားသိနေရပါတယ်။
ကြက်ကိုရှောင်သူတွေက ပုဇွန်ကိုဝယ်စားကြလို့ ပုဇွန်ဈေးက တပိသာကျပ် ၇၀၀၀မှ ၈၀၀၀ကျော် ၉၀၀၀ အထိ ရုတ်တရက် တက်သွားတယ်လို့ ဈေးဝယ်ထွက်ရတဲ့ အိမ်ရှင်မတွေက ပြောပါတယ်။ ကျောင်းတွေပိတ်လို့ ရှင်ပြုရဟန်းခံ လုပ်ကြမယ့် အလှူအတန်း ရာသီမှာ ကြက်တုပ်ကွေး အသံကြားရတာ ကြက်မွေးမြူသူတွေ အတွက်ကံသိပ်မကောင်းဘူးလို့ ဆိုရမှာပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts