>MoeMaKa Reader in Rangoon – Brain Freeze in Rangoon

>

brain-drain.jpg
စာဖတ်သူတွေရေးတဲ့စာ
ဦးနှောက်စားခိုင်းတာလား၊ ဦးနှောက်ဖောက်စားတာလား
မိုးမခစာဖတ်သူတဦး (ရန်ကုန်)
ဇန်န၀ါရီ ၁၃၊ ၂၀၁၀
မိုးမခမင်းများခင်ဗျား
          စာရေးလိုက်ပြန်ပါပြီ။ ရန်ကုန်မှာ ပညာရှင်တွေ ပညာရှိတွေရဲ့ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ အလွန် ခေတ်စားပါတယ်။ ကြာလည်း ကြာပါပြီ။ ငါးလုပ်ငန်း၊ ပုဇွန်လုပ်ငန်း၊ ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင်များ စသည် စသည် အသင်းတွေက ပညာရှင်တွေ၊ ပညာတတ်တွေ၊ ၀န်ထမ်းကြီးတွေကို ဖိတ်ခေါ်ပြီး ဟောပြောပွဲတွေကို ခန်းမကြီးတွေမှာ ကျင်းပနေကြတာ အတော် အောင်မြင်ပါတယ်။ ကျနော်တို့လည်း ခဏ ခဏ သွားတက်ပါတယ်။ ဂျာနယ်တွေမှာ အဲသည် ဟောပြောပွဲတွေ အကြောင်း တော်တော်ပါလာပါတယ်။
          တလောကတော့ စာပေတိုက်ပိုင်ရှင်တယောက်က အလုပ်ရုံဆွေးနွေးပွဲလုပ်တယ်။ ဘယ်မှာလဲတော့ မသိဘူး။ ကျနော်တို့က ဓာတ်ပုံတွေ၊ အသံသွင်းထားတာတွေ ပြန်နားထောင်ရတာပါ။ (ခိုးပြီး သွင်းလာတာ၊ ရိုက်ထားတာလို့ ဆိုတယ်)။ လူတွေကို ပညာတွေ ပေးရင်း ဝေငှရင်းကနေ စစ်အစိုးရကို ဒူးထောက်ဖို့၊ အနိုင်ပေးဖို့ (ခုထိ စစ်အစိုးရဟာ မနိုင်သေးဘူးပေါ့ …) ၂၀၀၈ အခြေခံဥပဒေတို့၊ ၂၀၁၀ ရွေးကောက်ပွဲတို့ကို စကားဝိုင်းထဲ ထည့်ပြီး ပညာပေးတော့တာပါပဲ။ အဲဒါကို ရေးမလို့ အချိန်ကြာသွားတော့ မရေးဖြစ်တော့ပါ။
          အခုကျပြန်တော့ အသွင်တမျိုးပြောင်းသွားပြန်တယ်။ ဒါကြောင့် ဒီစာကို ကမန်းကတန်း ရေးလိုက်ပါတယ်။ အရင်တုံးက စစ်အစိုးရဟာ ပြည်သူကို ဘောလုံးကွင်းထဲ မောင်းသွင်းပြီး ကြွေးကြော်သံတွေ အော်ခိုင်းနေရာကနေ၊ လူတွေကို သူတို့ဝါဒဖြန့်မှိုင်းတွေနဲ့ ဦးနှောက်တွေကို ဆေးကြောနေတာကနေ၊ သူတို့နဲ့ ကြည်ဖြူတဲ့ ပညာရှိသူတော်ကောင်းများကို ရှေ့တန်းကတင်ပြီး သူတို့ပြောစေချင်တာကို သကြားအုပ်ခိုင်းနေရာကနေ နောက်တဆင့် တက်လာတဲ့ သဘောမို့လို့ ရေးတာပါ။
          အခုတွေ့ရတဲ့ ဆွေးနွေးပွဲတွေကတော့ သင်တန်းပုံသဏ္ဍာန်ဖြစ်လာပါတယ်။ သင်တန်းကြေးလည်း ပေးချင် ပေးရတယ်လို့ ဆိုပါတယ်။ အချိန်ကတော့ ၁ ပတ်၊ ၂ ပတ်လောက်ကြာတယ် လို့ ပြောတယ်။ အခုလိုရေးနေတော့ ကျနော်က လေဖမ်းပြီး ရေးနေတယ်လို့ မိုးမခမင်းတွေက ဆိုချင်မယ်။ ကျနော်က အိုင်ဒီယာကို ပြောချင်တာမို့ပါ။ အတိအကျတွေက သတင်းလုပ်ချင်တဲ့အခါ လှမ်းမေးပါ။ ဖြေပါ့မယ်။
          ဟောပြောပွဲ၊ မေးခွန်းထုတ်ခွင့်၊ ဆွေးနွေးပွဲနဲ့ သင်တန်း စတာတွေဟာ အကောင်းမြင်ပြီး ကြိုဆိုချင်စရာ ဖြစ်ပါတယ်။ ကျနော်လည်း ကြိုဆိုပါတယ်။ ခင်ဗျားတို့တွေဖက်က ပြောပြောနေတဲ့ ဒီမိုကရေစီကျင့်စဉ်တို့၊ ပတ်ဝန်းကျင်တို့ ဖန်တီးတဲ့သဘောမို့လို့ ကျနော်တို့ကလည်း နိုက်ကလပ်တက်၊ အနှိပ်ခံနေတဲ့ကြားကနေ အဲသည်လို ဟောပြောပွဲတွေ၊ သင်တန်းတွေ သွားပြီး တက်လို့ စိတ်ကြီးဝင်ကြည့်မိတာပါ။
          သို့သော် အခုသင်တန်းတွေမှာ မေးလာတဲ့ မေးခွန်းတွေ၊ ဖွင့်ပေးတဲ့ ဆွေးနွေးပွဲလမ်းကြောင်းတွေက ပရိသတ်ရဲ့ ရင်ဖွင့်သံကို တောင်းဆို၊ ညှစ်ထုတ်လာတဲ့သဘောတွေ ဖြစ်လာတယ်။ ခေါင်းစဉ်တွေ ချပေးပြီး ဆွေးနွေးခိုင်းလာပါတယ်။ ပရိသတ်ကြီးကလည်း ကျနော်တို့ အပါအ၀င် အားတက်သရော ပြောမိ ဆိုမိ ရင်ဖွင့်မိကြတာပေါ့လေ။ အစိုးရတို့၊ စီးပွားရေးတို့၊ ရွေးကောက်ပွဲတို့၊ နိုင်ငံတော်တို့ စတဲ့ အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ဆွေးနွေးခွင့် ရတယ်ဆိုပြီး ကျနော်တို့တတွေက ပြောကြတော့တာပါပဲ။
          နောက်ကျတော့မှ ကျနော်တို့ ပြန်စဉ်းစားကြည့်မိတော့ – ဒီလူတွေက ကျနော်တို့ဆီက မေးခွန်းတွေ၊ အဖြေတွေ၊ ဆွေးနွေးချက်တွေကို မှတ်တမ်းတင် သိမ်းဆည်းပြီး သူတို့ရှေ့လျောက်မယ့် လမ်းကြောင်းအတွက် ပြင်ဆင်နေတာပါကလား ဆိုပြီးတော့ အသိက ၀င်လာမိပါတယ်။ ကျနော်တို့တွေရဲ့ တခြားဖက်က အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေကိုတော့ သည်လိုပွဲမျိုးတွေ ကျင်းပနိုင်ခွင့် မပေးဘဲနဲ့ သူတို့ချည်း ကျင်းပပြီး ပြောခိုင်း၊ ရင်ဖွင့်ခိုင်း၊ ဆွေးနွေးခိုင်းနေတာ၊ မှတ်တမ်းတင်သုံးသပ်နေကြတာဟာ တဖက်သပ်များ ကျမနေဘူးလားလို့ မေးခွန်း ဖြစ်လာမိလို့ပါ။
          ခင်ဗျားတို့ အနောက်နိုင်ငံတွေမှာ အဲသလို ဆွေးနွေးပွဲတွေ၊ သင်တန်းတွေမှာ ပရိသတ်ရဲ့ ပါဝင်ဆင်နွှဲမှုကို နှိုးဆွပေးပြီး ပါတီတွေ၊ အဖွဲ့တွေ၊ လုပ်ငန်းရှင်တွေက သဘောထားတွေ၊ ထင်မြင်ချက်တွေ ကောက်ခံကြတယ်။ အဲသည်အချက်တွေကို မူတည်ပြီး သူတို့စီမံကိန်းတွေအတွက် တွက်ချက်ဆွေးနွေးကြတယ်လို့ ပြောပါတယ်။ အခု ကျနော်တို့ဆီက စစ်အစိုးရနဲ့ ပုလဲနံပ သင့်သူတွေက အဲသလိုမျိုး လုပ်လာကြတော့ ကျနော်တို့ စားသုံးသူတွေလည်း အသုံးချခံရတဲ့သဘော ဖြစ်မနေဘူးလားခင်ဗျား။
          ကျနော်တို့က အကောင်းမမြင်တာချည်းပဲလို့ ပြောချင်မလားပဲ။ ကျနော်တို့ စစ်အစိုးရက မီးလာအောင် လုပ်မပေးနိုင်သော်လည်း၊ မီးစက်တွေ၊ ဓာတ်ဆီတွေ အရောင်းဖြစ်အောင်၊ ဈေးတက်အောင် လုပ်နိုင်တဲ့ အစိုးရဆိုတော့ – တကယ် တာရှည်အသုံးဝင်မယ့် လျှပ်စစ်မီးရောင်နောက် ကျနော်တို့ မလိုက်နိုင်ကြတော့ဘဲ မီးစက်တွေအောက်က တံလျှပ်ကို ရေထင် မိကြမှာကို စိုးမိလို့ပါ။
          လူငယ်တွေ၊ တချို့သော အဖွဲ့အစည်းတွေ၊ ပညာတတ်အလွှာတွေက သည်လိုမျိုး သူတို့စီစဉ်တဲ့ပွဲတွေက သူတို့ချပေးတဲ့ ခေါင်းစဉ်တွေကို လွတ်လွတ်လပ်လပ် အာပေါင်အာရင်းသန်သန်နဲ့ ရင်ဖွင့်လိုက်ရတာကို နှစ်ချိုက်တယ်လို့ ဆိုကြပါတယ်။ သူတို့ ပြောဆိုကြတာတွေကို မှတ်သားထားပြီး ပရိသတ်အကျိုးကို လုပ်ပေးမှာလား၊ သူတို့အကျိုးစီးပွားကို ဆက်လုပ်သွားမှာလား ဆိုတာကိုတော့ စောင့်ကြည့်ကြဖို့ပဲ ရှိတယ် ထင်ပါတယ်။
          ခင်ဗျားတို့တွေဆီမှာကော အဲသလို ဆွေးနွေးကြသလား၊ သင်တန်းတွေကော လုပ်ကြသလား။ အဲသလိုလုပ်ရင်ကော ပရိသတ်ကြီးတွေက လာရောက် အားပေးကြသလား။ ကျနော်တို့ကတော့ မထင် …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts