>U Win Pe to publish 2 books, one cartoon and one with paintings in 2010

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

စာရေးဆရာ၊ ပန်းချီဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ၀င်းဖေက
သူ၏ ကာတွန်းနှင့် ပန်းချီများ အမှတ်တရ စာအုပ်ထုတ်မည်

မိုးမခအထောက်တော် ၀၀၂
ဇန်န၀ါရီ ၁၃၊ ၂၀၁၀
၁၉၅၉ ခုနှစ်ကတည်းက စာနယ်ဇင်းကာတွန်းဆရာတဦးအဖြစ် မြန်မာစာပေနှင့် အနုပညာနယ်သို့ ခြေချခဲ့ပြီး ကာတွန်း၊ ပန်းချီ၊ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ရေဒီယို သတင်းစာဆရာ စသည့် စွယ်စုံရ အနုပညာသည်၊ ပညာသည်တဦးအဖြစ် ရပ်တည်နေထိုင်သူ (ဦး) ၀င်းဖေက မိမိရေးဆွဲခဲ့ပြီး စာအုပ်အဖြစ် မထုတ်ဝေရသေးသည့် ကာတွန်းများကို စုစည်းသည့် ကာတွန်းစာအုပ်တအုပ်နှင့် မိမိရေးဆွဲခဲ့သမျှ ပန်းချီကားများကို မှတ်တမ်းတင်စုစည်းထားသည့် ပန်းချီကားများနှင့်ပန်းချီစာအုပ် တအုပ် အသီးသီး ထုတ်ဝေမည်ဟု စီစဉ်နေကြောင်း မိုးမခသို့ ပြောကြားခဲ့သည်။
          လွန်ခဲ့သည့် နှစ်များမကြာမီက ခေတ်ပြိုင်စာအုပ်တိုက်မှ မိမိ၏ “ဒိုင်ယာလော့နှင့် အခြားဝတ္ထုတိုများ” ၀တ္ထုတိုပေါင်းချုပ်ကို ထုတ်ဝေခဲ့ဖူးကြောင်း၊ ယခု ၂၀၁၀ ခုနှစ်အတွင်း မိမိအစီအစဉ်ဖြင့် မိမိလက်ရာများကို အမှတ်တရစာအုပ်ထုတ်ဝေရန် စီစဉ်နေခြင်းဖြစ်ကြောင်း၊ သို့သော်လည်း မိမိကိုယ်တိုင်က အနုပညာအလုပ်များကို စိတ်ပါမှသာ အချိန်ယူပြီး လုပ်ကိုင်သည့် အကျင့်ဖြစ်နေ၍ မိတ်ဆွေများက ဘေးကနေ အတင်းအကြပ် သတိပေးတိုက်တွန်းနေဖို့ လိုကြောင်း၊ ယခုလည်း နယူးယောက်က မောင်စွမ်းရည်က မိမိကို အမြဲတန်း နားပူးနားဆာ လုပ်နေကြောင်း၊ အနီးအနားရှိ ပန်းချီကာတွန်းပညာရှင် လူငယ်များကလည်း ၀ိုင်းဝန်း အကြံပေးမှုများကို ကြိုဆိုပါကြောင်း ဆက်လက်ပြောကြားသည်။
          ဆရာက ယခုလက်ရှိ ပြည်ပစာနယ်ဇင်းကာတွန်းရေးဆွဲနေသူများကို အမြဲတန်း အားပေးဖတ်ရှုလျက်ရှိပြီး ကာတွန်း ဟန်လေးနှင့် ကာတွန်း စောငို တို့၏ လက်ရာများကို အလွန်သဘောကျကြောင်း ထုတ်ဖော်ပြောကြားသွားသည်။
          ဆရာဦးဝင်းဖေသည် ယခု မေရီလင်းပြည်နယ်တွင် အခြေချနေထိုင်လျက်ရှိပြီး ပန်းချီကားများ ရေးဆွဲလျက်ရှိသည်။ ဘီဘီစီတွင် ၀င်းဖေလွယ်အိတ်နှင့် ဗီအိုအေတွင် သက်ကြီးစကား ရေဒီယိုအစီအစဉ်တို့ကို အပတ်စဉ်ထုတ်လွှင့်လျက် ရှိသည်။ မိုးမခကလည်း ဆရာ၏ စာအုပ်များ အမြန်ဆုံးထွက်ရှိလာဖို့ သတင်းရေးသားပြီး တိုက်တွန်းနားပူလိုက်သည်။
( Photo – file photo, with Maung Swan Yi, Win Pe, Tin Moe & Mar Mar Aye – (advisers of MoeMaKa))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts