သရော်စာ မောင်မိုးသူ

မူးယစ်ဆေးဝါး နှင့် ဘကြီးမိုး

Illustrated – Aw Pi Kye

 

မူးယစ်ဆေးဝါး  နှင့် ဘကြီးမိုး

(ကုမုဒြာ သတင်းဂျာနယ်) (မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၅

မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ကမ္ဘာပေါ်မှာ နံပါတ်ဝမ်း(တစ်)၊ ဂဏန်း တစ်မချိတ်တောင် နှစ် လောက်တော့ အမြဲတမ်းချိတ်တယ်ခင်ဗျ။ကမ္ဘာပေါ်မှာ ဘိန်းအထွက်ဆုံးနိုင်ငံဟာ အာဖဂန်နစ္စတန်ဖြစ်ပြီး ဒုတိယမြောင် ဘိန်းအထွက်ဆုံးနိုင်ငံဟာ မြန်မာပြည်လို့ ဖော်ပြထားပါတယ်။သိပ်မကြာသေးပါဘူး။မူးယစ်ဆေးပြားဖမ်းမိတဲ့ သမိုင်းမှာ အာရှတိုက်ရဲ့ အမြင့်မားဆုံးစံချိန်၊ကမ္ဘာပေါ်မှာ ဒုတိယမြောက် အများဆုံးဖမ်းမိတဲ့ စံချိန်ပဲလို့ ဆိုတယ်ခင်ဗျ။

ဘကြီးမိုးဖြင့် သိပ်မကျေနပ်ခင်ပေါင်။ဘကြီးမိုးတို့ ခေါင်းဆောင်ကြီးတစ်ယောက်ပြောသလို ကြွေးကြော်သလိုပေါ့။မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမယ်ဆိုတာလိုပေါ့နော်။ တန်ရာတန်ရာ မစဉ်းစားဘူး။မြန်မာ့အားကစားက ကမ္ဘာကိုမပြောနဲ့၊အာရှမပြောနဲ့၊ အရှေ့တောင်အာရှမှာတောင် နောက်ဆုံးတန်းလောက်က ရပ်ရတာ။

ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့ခင်ဗျာ၊မူးယစ်ဆေးဝါးကိစ္စမှာတော့ မချာဘူးခင်ဗျ။နံပါတ်တစ် မဟုတ်တောင် နံပါတ်နှစ်တော့ ချိတ်ပါတယ်။ဂုဏ်ယူစရာပဲပေါ့နော်။

မူးယစ်ဆေးဝါးဆိုလို့ ဘကြီးမိုး ပထမဆုံး သုံးစွဲဖူးတာကတော့ စီးကရက်ပဲခင်ဗျ။ မင်းသား၊မင်းသမီးတွေ သောက်တာလည်း တယ်လှသကိုး။အားကျတာပေါ့။လှချင်တာကိုး၊စတိုင်ကျချင်တာကိုး။ဘကြီးမိုးကတော့ ချာပါတယ်။လှချင်လို့၊စတိုင်ကျချင်လို့ စီးကရက်သာ သောက်နေတာ ရှိုက်ပြီး မသောက်တတ်ဘူးခင်ဗျ။ဖွာရုံသာ ဖွာတတ်တာ။

ဆရာကြီးရွှေဥဒေါင်းက ဆေးတံသောက်တယ်။ရှားလော့ဟုမ်းလည်း ဆေးတံသောက်တာပဲဆိုပြီး ဘကြီးမိုးလည်း ဆေးတံတွေဝယ်ပြီး သောက်တယ်ခင်ဗျ။ရွာလွတ်ဆေးတံရော နိုင်ငံခြားဆေးတံပါပေါ့ခင်ဗျ။ဆေးတံဝယ်ရတာသာ မခက်တာ၊ဆေးတံကို ဆေးဂျီး(ချေး) ဆေးသားတက်အောင် လေ့ကျင့်ရတာကျတော့ ပါးစပ်ပေါက် အာပေါက်တယ်ခင်ဗျ။

ဘကြီးမိုး ဆေးလိပ်သောက်တာ ပြတ်သွားပြီခင်ဗျ။

သည်နေ့ပဲ ဘကြီးမိုးနဲ့ အင်းစိန် ကြိုးတိုက်မှာ အတူနေခဲ့တဲ့ သန်းဇော်နဲ့ အောင်ဇေယျတို့လာလို့ ဘကြီးမိုးတို့ ထောင်ထဲမှာတုန်းက ဘကြီးမိုးက အထူးတိုက် ၁၀ ခန်းတွဲမှာ အကြာကြီး အကြာကြီး နေခဲ့ရဖူးပါတယ်။အထူးတိုက်ဆိုတာတော့ VIP ပေါ့ခင်ဗျ။ဟိုတယ် ဝေါဟာရ အဖြစ်နဲ့ ပြောရရင် Bathroom Attach ရေချိုးခန်း၊အိမ်သာတွဲလျက်ရှိတယ်ပေါ့ခင်ဗျ။ဆိုလိုတာ တိုက်ခန်းထဲမှာပဲ ရေချိုးခန်း၊အိမ်သာပါ တွဲလျက်ရှိတာကို ပြောခင်ဗျ။

ရေချိုးခန်းမှာ ရင်ခေါင်းလောက်အမြင့်ရှိတဲ့ အုတ်အကာလေး ကာထားတယ် ခင်ဗျ။ဘကြီးမိုးတို့ ဆေးလိပ်သောက်ရင် ရေချိုးရင်းတောင် ဆေးလိပ်မီး မငြိမ်းအောင် ရေချိုးရင်း အုတ်ရိုးလေးပေါ် ဆေးပေါ့လိပ်တိုတင်လိုက်၊ရေချိုးလိုက်ပေါ့၊ဆေးပေါ့လိပ်ကို ခဏခဏထပြီး ဖွာလိုက်ပေါ့ခင်ဗျ။မီးမငြိမ်းသွားအောင်ပေါ့ခင်ဗျ။

မူးယစ်ဆေးဝါးဆိုလို့ ဘကြီးမိုး ဒုတိယ သုံးစွဲဖူးတာကတော့ အရက်ပဲခင်ဗျ။အရက်ဆိုတာလည်း ဘီယာ စသောက်ဖူးတာပါ။ဘီယာကလည်း တက္ကသိုလ်ရောက်မှ စီနီယာစာရေးဆရာကြီးတွေနဲ့ လိုက်ပြီး ဘီယာတိုက်တာကိုသောက်ရင်း ဘီယာသောက်တတ်လာတာခင်ဗျ။ဒါပေမဲ့လည်း ဒါပေမဲ့ တက္ကသိုလ်ကျောင်းသား ဘဝမှာ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ တာဝန်ယူရလေတော့ ထင်ထင်ပေါ်ပေါ်ကြီး မသောက်ရဲခဲ့ပါဘူး။တက္ကသိုလ်ကထွက်၊ထောင်ကထွက်၊စာရေးဆရာ၊အနုပညာလောကထဲ ရောက်မှ အရက်ကို ခုံခုံမင်မင် စွဲစွဲလမ်းလမ်း သောက်တတ်လာခဲ့တာဖြစ်ပါတယ်။

ဘကြီးမိုးတို့ခေတ်တုန်းကတော့  အရက်မှ မသောက်တတ်ရင် ၊မကြိုက်ရင် အနုပညာသမား မပီသဘူး၊တန်းမဟုတ်ဘူး လို့ ထင်မြင်ယူဆခဲ့ကြသလားမှ မသိတာ။ဒါကြောင့် ဒါကြောင့်ပဲ ဘကြီးမိုးရဲ့ သောက်ဖော်စားဖက် အနုပညာသည်များ ၆၀ ကျော်လောက်တွေမှာ ကွယ်လွန်ဆုံးပါးရှာကြရတာပေါ့။ဘကြီးမိုးလည်း စာရေးဆရာ၊ရုပ်ရှင်ဒါရိုက်တာ အနုပညာသည်အစမှာ အရက်ကို စွဲစွဲလမ်းလမ်း သောက်ဖော်စားဖက်များနဲ့ သောက်ခဲ့မိပါတယ်။ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာတော့ ရှစ်လေးလုံး အရေးတော်ပုံမှာ စာပေနဲ့ အနုပညာအဖွဲ့အဖြစ် လှုပ်ရှားတုန်းကတောင် ဘကြီးမိုး ကြုံရင် သောက်ဖြစ်သေးတယ်ခင်ဗျ။

ဒါပေမဲ့ အင်န်အယ်လ်ဒီ တည်ထောင်တော့ နိုင်ငံရေးသမား၊နိုင်ငံရေးခေါင်းဆောင် ဖြစ်လာတော့ အရက်မသောက်တော့ဘဲ နေခဲ့ပါတယ်။နောက် ထောင်ထဲရောက်ပေါ့ခင်ဗျ။ထောင်ထဲမှာရှိတုန်း အပြင်မှာ ကျန်ရစ်ခဲ့တဲ့ မိတ်ဆွေ သောက်ဖော်စားဖက်အနုပညာသည် စာရေးဆရာတွေ တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်ကုန်ကြတော့ ထောင်ဝင်စာလာတွေ့တဲ့ မိန်းမကိုတောင် ပြောမိသေး။ ` အမာရေ ငါလဲ အပြင်မှာရှိနေရင် သူတို့တစ်တွေလို ပဲ ဆုံးမလား မသိပါဘူး´ လို့။အဲသည်တုန်းက ဇနီးအမာက ` ကြံကြံဖန်ဖန်´ လို့ ပြောပါတယ်။

ဘကြီးမိုးရဲ့ ဇနီးအမာ ၊ဘကြီးမိုး ထောင်ထဲမှာရှိစဉ် ၉၉ ဒီဇင်ဘာမှာ ကွယ်လွန်ပါတယ်။ဘကြီးမိုးကို ဇနီးသည် ကွယ်လွန်ပြီး တစ်လအကြာမှာ ထောင်က လွှတ်ပေးပါတယ်။ ၂၀၀၀ မှပေါ့။ ၂၀၀၀ ထောင်ကလွတ်တော့ ဘကြီးမိုး နိုင်ငံရေးတာဝန် မယူတော့ပြီမို့ ဘကြီးမိုး စွဲလမ်းကြိုက်ခဲ့တဲ့ မူးယစ်ဆေးဝါး ဆိုပါစို့ အရက်ကို ပြန်သောက်ပါတယ်။ ဒါပေမဲ့လည်း ဒါပေမဲ့ အသက်ကကြီးပြီမို့ ကြိုးစားသောက်တာတောင် ညနေ ညနေ အရက်တပက်၊တပက်ခွဲလောက်ပဲ သောက်နိုင်ပါတော့တယ်။ဆေးကုပေးတဲ့ ဆရာဝန်ကလည်း ညနေ ညနေ အရက်တပက်လောက်တော့ သွေးလည်ပတ်မှုကျဲအောင်၊ကောင်းအောင်၊အစာကျေညက်အောင် သောက်လို့ ပြောရှာပါတယ်။ဘကြီးမိုး ကြိုက်မှန်း သိလို့ အလိုလိုက်တာ ဖြစ်မှာပေါ့လေ။

ဘကြီးမိုးကသာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စီးကရက်၊ဆေးလိပ်သောက်ဖူးတယ်။ဖြတ်လိုက်၊ရပ်လိုက်တယ်။အရက် သောက်ဖူးတယ်၊ကြိုက်တယ်။ပြန်သောက်တော့ မသောက်နိုင်တော့ဘူး။ဒါပေမဲ့လည်း ဒါပေမဲ့ ကိုယ်ကသာ မသောက်နိုင်တာ၊မသုံးစွဲနိုင်တာ ကိုယ့်တိုင်းပြည်က ပထမ မဟုတ်ရင်တောင် ဒုတိယဖြစ်နေတာကိုတော့ ဂုဏ်ယူနေမိပါတယ်။ အဲသည် ဂုဏ်ယူတယ်ဆိုတဲ့ စကားကလည်း ဝင်းဖေရဲ့ ကာတွန်းထဲက ယူထားတာပါ။ဝင်းဖေ လူထုမှာ ကာတွန်းရေးတုန်းက ခွေးပိုင်ရှင် တစ်ယောက်နဲ့ ကြောင်ပိုင်ရှင်တစ်ယောက်ဆုံကြတယ်။ သဘာဝကတော့ ခွေးက ကြောင်ကို နိုင်တယ်မဟုတ်လား။ဝင်းဖေ ကာတွန်းထဲမှာတော့ အဲသည်လို မဟုတ်ဘူးခင်ဗျ။ခွေးက ကြောင်ကို ကြောက်ပြီး သစ်ပင်ပေါ်တက်ပြေးတာ။သစ်ပင်ခွကြားတောင် ရောက်နေပြီ။သည်တော့ ခွေးပိုင်ရှင်က ` ဘာပဲပြောပြော ငါ့ခွေး သစ်ပင်တက်နိုင်တာ ငါ ဂုဏ်ယူတယ်ကွ ´ လို့ ပြောသကိုး၊အဲသည် ကာတွန်း ဖတ်ပြီးကတည်းက သောက်ပွဲတွေမှာ သစ်ပင်တက်နိုင်တဲ့ ခွေးပိုင်ရှင်လိုကို ဘကြီးမိုးလည်း ဂုဏ်ယူတတ်သွားတာပါ။

ဘိန်းစိုက်ပျိုးတာမှာ ကမ္ဘာပေါ်မှာ ဒုတိယ၊မူးယစ်ဆေးပြား ဖမ်းဆီးရမိတာမှာ အာရှမှာ အများဆုံး ပထမ၊ကမ္ဘာမှာ ဒုတိယ ဆိုသကိုး။သည်တော့လည်း ဘကြီးမိုး ဂုဏ်ယူရတာပေါ့ခင်ဗျ။

မူးယစ်ဆေးဝါး နှင့် ဘကြီးမိုး ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts