>Maung Swan Yi – The Story about 2 Win Pe’s

>

အလွမ်းဖျောက်

“၀င်းဖေနှစ်ယောက် လေပြေ”
(ဒါရိုက်တာ ပန်းချီဆရာဝင်းဖေနဲ့ ကဗျာဆရာ ၀င်းဖေ မောင်စွမ်းရည်) တို့အကြောင်း
မောင်စွမ်းရည်
ဇန်န၀ါရီ ၁၂၊ ၂၀၁၀
မန္တလေးတောင်
မြွေကြီးနှစ်ကောင်
ပါးပျဉ်းထောင်
တောင်ခြေရင်းမှာ
ဝင်းဖေ နှစ်ယောက်။
တယောက်က ပန်းချီဆရာ
တယောက်က ကဗျာဆရာ
သူ့နေရာနဲ့သူ၊ လူတလုံး သူတလုံး
“ဖုန်း” မရ  “ရုံး” မရပေမဲ့
မကုန်းမကွရပဲ
ပြုံးပြသူတွေ အများကြီး။
ဝင်းဖေ(၁) ရော
ဝင်းဖေ(၂) ရော
အမှတ် (၁) ကျောင်းထွက်
မန်းကနက်မှာ၊ ပေါ်ဦးသက်နဲ့ သူငယ်ချင်း
မြန်မာမင်းသာ၊ ရှိသေးပါရင်
မဟာ အမတ်၊ ဖျာတချပ်နဲ့
ကဗျာတပ်မှုး ပန်းချီမှုး လို့
နှစ်ဦးအမတ် ဘယ်သူကပ်ရဲမလဲ။
ခုခေတ်ကတော့ လူထုခေတ်လေ
ခေတ်ရဲ့အလိုက်၊ လူထုတိုက်မှာ
ကဗျာဝင်းဖေ၊ ကဗျာတွေရေးပြီး
ပန်းချီဝင်းဖေ၊ ပန်းချီတွေရေးခဲ့တယ်။
အမှတ်(၁) ကျောင်းကထွက်
တက္ကသိုလ်ရောက်တော့
တယောက်က မြို့ထဲကလာ၊
တယောက်က ကျောင်းထဲကသွား
အသွားနဲ့အလာ၊ လမ်းမှာလွဲပေမဲ့
မြို့ထဲက လက်ဖက်ရည်ဆိုင် အတူထိုင်ကြလေရဲ့။
မန်းတက္ကသိုလ်တက် ကျောင်းလစ်ဖက်တွေ
တက္ကသိုလ်ဆွေးဆွေး လူဆွေးဆွေး
အေးဆေးပလေး၊ ကျောင်းပြေးရင်းက
ဘွဲ့မရခင်၊ မိန်းမရပုံ တူလိုက်သေး။
သူတို့မိန်းမ၊ နှစ်ယောက်ကလဲ
ရှေးကရေစက်၊ ကျောင်းတက်အတူ
ရွှေညာသူတွေ၊ အဆောင်တူမို့
ရွှေမန်းဆောင်သူ၊ သရဖူတွေပ၊
လူတွေလှသလောက်၊ စိတ်လဲလှသတဲ့
စိတ်လဲလှသလောက်၊ ယောက်ကျားနှစ်ဖေါ်
ခေါင်းမဖေါ်ဝံ့၊ အတော်ချစ်တယ်ဆိုကဘဲ။
ပန်းချီဆရာ၊ ကဗျာမှတပါး
ပတ္တလား၊ စန္ဒယား၊ အားလုံးတီးမှုတ်
စည်းခုပ်စောင်းငြင်း၊ မကင်းညနေ
ဂီတမွေ့သူ။
ကဗျာဆရာမှာ ကဗျာမှတပါး
စည်းဝါးလက်ခုပ်၊ လေမှုတ်လေချွန်
ဘာမှ မစွန်ဘူး။
ပန်းချီဝင်းဖေ၊ အောက်ပြေ ဆင်းတော့
ကဗျာဝင်းဖေလဲ၊ အောက်ပြေဆင်းသတဲ့။
ပန်းချီဆရာ၊ စာပေရုပ်ရှင်
သဘင်ဂီတ၊ စွယ်စုံရတိုင်း
ဆုရ ဒါရိုက်တာ၊ ဖြစ်ခဲ့ပါရော။
ကဗျာဆရာ၊ စာပေရုပ်ရှင်
သဘင်ဂီတ၊ ဘာမှမရဘူး
သူရတာက၊ ထက်ရှချွန်စူး
စာပေဆူးနဲ့ ဟိုစူးဒီရှ
တနေ့ကျတော့၊
ဆုရကဗျာဆရာ၊ ဖြစ်လို့လာသကော။
ပန်းချီဆရာရော၊ ကဗျာဆရာပါ
ပညာမစုံ၊ ကြင်ရာစုံတော့
ဂဠုန်ဆားချက်၊ ကျောင်းကထွက်ပြီး
အသက်မွေးဝမ်းကျောင်း၊ လျှောက်လွှာမတောင်းတဲ့
ကျောင်းဆရာအလုပ်၊ လွယ်ကာလုပ်တော့
လုပ်တိုင်းဖြစ်လာ၊ ၎င်းအညာမှာ
ကျောင်းဆရာတို့၊ ဟောင်းအဖာနဲ့
ညောင်းညာပျင်းရိ တအိအိ၊
တယောက်က၊ အရှေ့ကျူံးထိပ်၊ တနောင်းရိပ်မှာ၊ ပန်တျာကျောင်းထဲက၊ ကျောင်းဆရာ
နောက်တယောက်က၊ အနောက်ကျူံးထိပ် ကုက္ကိုရိပ်က၊ ပရိုက်ပိတ်ကျောင်း၊ ကျူရှင်ဆရာ
ဥပုသ် တနင်္ဂနွေ၊ ကျောင်းတွေအားရင်
နာရီစင်နောက်၊ ဈေးပေါက်မှာ
ကွန်းထောက်နားနေ၊ လက်ဖက်ရည်ဆိုင်မှာ
အာလူးတွေဖုတ်၊ လက်ဖက်သုပ်စား
နှစ်ကိုယ်ကြားပေါ့၊ ကျားဘငြိမ်းက
“ ဦးလှ ချန်ထား၊ ပုံပြင်များ” နဲ့
ပြောကြားဧည့်ခံ၊ အားလုံးပြန်မှ၊ သူပြန်ရ၊
မြို့မအသင်း၊ လူကြီးမင်းများ
တရားနာဖေါ်၊ “ ဦးအေးကျော်၊ ဦးဖူးအံ့” တဲ့
တအံ့တအား၊ ကွမ်းရာဝါးရင်း
စကားတီးတိုး၊ ကျားကြီးထိုးရင်း
မရိုးနိုင်တဲ့ စကားဝိုင်း။
ဝိုင်းကြီးထဲမှာ၊ ပန်တျာဝင်းဖေ၊ ကဗျာဝင်းဖေ
နှစ်ဖေစလုံး၊ ကုန်းကွကုန်းကွ
လုံးဝမပျက်၊ မှန်မှန်တက်။
ဒင်းတို့ နှစ်ယောက်ကို
ဗမာပြည်ထက်အောက်၊
မျက်စိနောက်ထင့်၊ အနောက်နိုင်ငံ
အမေရိကန် တက္ကသိုလ်၊ အိုင်အိုဝါက
ဆရာနှစ်ပါး၊ လာမလားလို့
ဖတ်ကြား ပံ့ပိုး၊
ဖဲလိုရှစ်တဲ့၊ စကောလားရှစ်တဲ့
တစ်ရှစ် သုံးလ၊ သုံးလ တယောက်
တယောက်တလှည့်၊ ကြွပါဘိတဲ့။
ဖဲလိုးရှစ်အပြီး၊ ၀င်းဖေကြီးက
“ ဖရီးအေးရှား” သွားရင်းဟန်လွှဲ
“လေပစ်ပွဲ” မှာ နွဲလိုက်ပြန်တော့။
နောက်ချန်ဝင်းဖေ၊ ဘာနေမလဲ၊ အာရ်အက်ဖ်အေ
လေပစ်ပွဲကို၊ ကပွဲ ကလမ်း
သူဝင်စမ်းမတဲ့၊ တခန်း တကဏ္ဍ
အမေရိကမှာ၊
ဝါရှင်တန်တယောက်၊ နယူးယောက်တဦး
ဟိုသည်ကူး။
ဝင်းဖေကြီးက၊ အသက်ကြီးတော့
သက်ကြီးစကား သက်ငယ်ကြားစေ
ဗွီအိုအေတဲ့၊ “လေစင်” ပြောင်းတော့
၎င်း နောက်ဆွယ် “မောင်ဖေငယ်” လဲ
သက်ငယ်ကြားစေ၊
နန်းစကားနဲ့၊ မန်းသားတွေ
“လေစင်” ပြောင်းကြ၊ ကံဟောင်းမကုန်
လေမှာဆုံခဲ့၊
နိပွန်နိုင်ငံ၊ ဂျပန်ပြည်
သာကီနွယ်ဖွား၊ “ဘီရူးမာ” များက
နှစ်ပါးဆရာ၊ ကြွခဲ့ပါတဲ့
ပန်တျာ၊ ကံတျာ၊ စေတနာမွန်
ဝေဆာလွန်လို၊ စာချွန်ပို့တော့
နှစ်ကိုယ့် တစိတ်၊ ဖိတ်စာစုံတွဲ
“အဲယားတိကက်” ခုံချင်းဆက်။
ပန်းချီဝင်းဖေ၊ အမေရိကန်မှာ
ပန်တျာဝေတုန်း၊ “ပေါ်ဦး” ဆုံးတော့
ယူကျူံးမရ။
ကဗျာဝင်းဖေ၊ အမေရိကန်မှာ
အလင်္ကာဝေတုန်း၊ တင်မိုးဆုံးတော့ ယူကျုံးမရ။
ဘ၀သံသရာ၊ ကံကြမ္မာနှစ်မူ
တူမှတူလို့၊ အတူဝမ်းနည်း၊ ကြေကွဲရ။
တခါတခါ၊ အလွမ်းနာနဲ့
သူလာကိုယ်စောင့်၊ သူစောင့်ကိုယ်သွား
နှစ်ယောက်သားတို့၊ စကားလက်ဆုံ
ပြောမကုန်ဘူး၊ သံကုန်ဟစ်ကြွေး
“မြို့မတေး” နဲ့၊ ရှေးဟောင်းနှောင်းဖြစ်
လွမ်းအားသစ်ကြ၊ ငယ်ချစ်မန်းမြေ
မြစ်ရေ၀န်းလည် ရွှေပြည်ကိုသာ
တရှာတော့မိ၊ သတိချူပ်ဖြေ
ဝင်းဖေနှစ်ယောက်၊ အ၀ါတောက်ရောက်ချိန်
နီးလို့ လာသလေ …
“မြို့မနဲ့ တူကွ၊ လိုက်ပါရစေ”
ဆုကိုချွေရင်း၊ မျက်ရေယိုရွှဲ၊ နှလုံးကွဲပေါ့
ကဲ- ၀င်းဖေနှစ်ယောက်
ပုလင်းတွေဖေါက်
အလွမ်းပြေ သောက်ကြစို့
စင်းစင်းသေ မလောက် မှောက်စေသတည်း။
(၂၀၀၉ ဒီဇင်ဘာ ၁၅)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts