>Moe Sal Nay – The Run Away Day

>

ပြေးခဲ့ခြင်းများ မနက်ဖန်
မိုးစဲနေ
ဇန်န၀ါရီ ၁၂၊ ၂၀၁၀
ငယ်ငယ်တုန်းက စာမရရင်ရိုက်တဲ့ကျောင်းမှာ မနေချင်ဘူး အမေ …
သားကို မေမေစာသင်ပေးရင်လဲ ရရဲ့သားလို့
နည်းနည်းကြီးလာတော့ ကျောင်းကပြေး…
အဖေကို မူဆိုလိုနီထင်လို့ အိမ်ကပြေး
အချစ်ကတော့ ကျနော့်ဆီက ပြေးတာတာအမေ…
အာဏာရှင်တွေကို ခုခံဖို့
လွယ်အိတ်နဲ့ အမှန်တရားက လွဲလို့ဘာမှမရှိတဲ့ အခါ
ထောင်ကတော့ မပြေးနိုင်ပါဘူး … အမေ
အမေ့ရပ်ဝန်းလေးမှာ တ၀ဲလည်လည်
အမေ့ကိုလှည့်ပတ်ပြီးလည်း ပြေးခဲ့တယ် … အမေ
ပြေးပြီးရင်းပြေး မနားတမ်းပြေး မမောတမ်းတော့ မပြေးနိုင်ပါဘူး အမေ
အမေ မရှိတဲ့အရပ်ဆီ အမေ့ကိုထားပြီးပြေး
အမေ မပါပဲ
ကျနော်ဘယ်လို နားရမှာလဲအမေ
အမေ့ထောင်ဝင်စာထုတ်လေး မစားရတော့ပေမယ့်
သားအလှည့်မှာ …
အမေ့ကိုလည်း ထောင်ဝင်စာလေး မှန်မှန်မပို့နိုင်ပါဘူး အမေ။
အခု …
အမေကြိုက်တဲ့ လက်ဖက်ရည်လေး ဈေးတက်သွားပြီတဲ့ …
အမေကြိုက်တဲ့ လက်ဖက်ရည်လေး ဈေးတက်သွားခဲ့ပြီ။         ။
ဇန်န၀ါရီ ၈၊ ၂၀၁၀

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts