ကဗျာ

ဌေးဝင်း (ဂျာမဏီ) – နီစွေး တဲ့ ကျောင်းသား သွေး

ဌေးဝင်း (ဂျာမဏီ) – နီစွေး တဲ့ ကျောင်းသား သွေး
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၅

၁၉၂၀

အဖိုး အဖွား တို့ရဲ့

ယူနီဗာစီတီ အက် ဥပဒေ ကို မနာခံ

တော်လှန်တဲ့ ကျောင်းသား သပိတ်

ငါ့အဖိုး ဦးဘဦး

အခြား ကျောင်းသား ၁၀ ဦးနဲ့ အတူ

ဦးဆောင် ဦးရွက် ပြုခဲ့တယ် ။

၁၉၃၆ ၊ ၁၉၃၈

နှစ်တွေသာ ပြောင်းပေမဲ့

ဒို့ ကျောင်းသား ဇာနည်

နယ်ချဲ့ ကို ဘာမထီလို့

ဗဟိန်း ၊ အောင်ဆန်း ၊ အောင်ကျော်တို့

ကျောင်းသားသွေးကို ပြခဲ့တယ် ။

၁၉၆၂

ကောက်ကျစ် ယုတ်မာ

စစ်အာဏာရှင် စံနစ် အစပြု

ကျောင်းသား ထုကို ရန်ပြု လုပ်ကြံ

အာခံ တုပြိုင်

ဇူလိုင် ၇ ရက် သွေးနဲ့

ကျောင်းသား တို့ စတေးခဲ့ကြတယ် ။

၁၉၇၄ ၊ ၇၅ ၊ ၇၆

ရောက်ပြန်ပေါ့ ငါတို့ ကျောင်းသား အလှည့်

မနွဲ့ ကြစတမ်းမို့

စစ်အာဏာရှင် ဆန့်ကျင်ရေး

သမိုင်းပေး တာဝန်ကို

ငါ့ပုခုန်း ပေါ် ထမ်းခဲ့တယ် ။

၁၉၈၈

ကျောင်းသား အရေးတော်ပုံ

လူထု အရေးတော်ပုံ

ဂုဏ်ရောင် ပြောင်ခဲ့တဲ့ သမိုင်း မို့

ရာဇ ဝင် မရိုင်းစေရ

မိခင် အလံတော် အောက်က

စစ်အာဏာရှင် ဆန့်ကျင်ရေး

ဒီမိုကရေစီရေး

မနှေး ကြစတမ်းမို့

သွေးသောက် ကျောင်းသား တို့နဲ့ အတူ

သမိုင်း မှန်ကူ တကွက်

ဖြည့်စွက် လှုပ်ရှားခဲ့တယ် ။

၁၉၉၁ – ၉၆

အလံ မလှဲ စတမ်း

ဒို့ ကျောင်းသား အားစွမ်းနဲ့

၂၀၀၇

ကျောင်းသား သမ္မဂ္ဂ အလံတော်ကို

သွေးသစ် လောင်းလို့

မြင့်မြင့် မားမား ၊ ဝင့်ဝင့် ကြွားကြွား

လွှင့်ထူခဲ့ကြတယ် ။

ယခု ၂၀၁၅ (၉၅ နှစ် အကြာ)

ကျောင်းသား တို့ အခန်း ကဏ္ဍ

ရိုင်းပြတဲ့ စစ်အာဏာရှင်

ဆန့်ကျင် တော်လှန်

ကျွန်ပညာရေး စံနစ်ထဲ

နွံမနစ် စေဘို့

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး

သွေး ချွေး စတေး

ဝေးဝေး ချီတက်

လက်ဆင့်ကမ်း

ရဲရဲ လှမ်းခဲ့

နီစွေးတဲ့

ကျောင်းသားသွေးကို

အဝေးရပ်မှ

လှိုက်လှိုက် လှဲလှဲ

ဂုဏ်ပြု ပါတယ်

ကျောင်းသား ရဲဘော် အပေါင်းတို့ ။ ။
(photo – thet swe, facebook)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts