>The Private Clinic compenstated 1000 Lakh of Kyats for dead patient – sources said

>

မခိုင်ရွှန်းလဲ့ရည် သေဆုံးခဲ့ရမှုတွင် မိသားစုက လျော်ကြေး သိန်း ၁ထောင်ရ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၁၈၊ ၂၀၀၉
 

          နိုဝင်ဘာလတွင် မီဒီယာများတွင် ရေးသားဖေါ်ပြခဲ့ကြသည့် ရွှေဂုံတိုင် အထူးကုဆေးခန်းတွင် သေဆုံးခဲ့ရသည့် မခိုင်ရွှန်းလဲ့ရည် ကိစ္စရပ်အတွက် S S C ခေါ် ရွှေဂုံတိုင်အထူးကုဆေးခန်းမှ သေဆုံးသူမိသားစုသို့ ကျပ်သိန်း၁ထောင် လျော်ကြေးပေးအပ်ခဲ့ပြီး ထိုကိစ္စနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းများ ဂျာနယ်များက ရေးသားသော်လည်း  ထပ်မံဖေါ်ပြခြင်း မပြုတော့ရန်ကို စာပေစိစစ်ရေးက ဂျာနယ်များကို တားဆီးထားသည်ဟု သိရသည်။
          အောက်တိုဘာလကုန်က ခွဲစိတ်ကုဆရာဝန်ဒေါက်တာကြည်စိုး၏ ကုသမှုကြောင့် မသေဆုံးသင့်ပဲ သေဆုံးခဲ့ရသည့်  ဆေးအသက် ၁၅နှစ် အရွယ် မခိုင်ရွှန်းလဲ့ရည်ကိစ္စ ပြည်တွင်းထုတ် ဂျာနယ်များတွင် ဖေါ်ပြပါရှိခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံဆေးကောင်စီမှ စုံစမ်းစစ်ဆေးပြီး တပတ်ကျော်အကြာတွင် ခွဲစိတ်ကုဆရာဝန်ကို ဆေးကုခွင့်လိုင်စင် ၅နှစ်ရပ်ဆိုင်းခဲ့ပြီး S S C ဆေးခန်းကိုပြင်းထန်စွာသတိပေးကာ လူနာရှင်မိသားစုကိုလည်း တောင်းပန်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
          ထိုသို့ဆုံးဖြတ်ပြီးနောက် အထူးကုဆေးခန်းဘက်မှ လူနာရှင်မိသားစုသို့ ယခုကဲ့သို့ နစ်နာကြေး သိန်း၁ထောင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
          လူနာရှင်မိသားစုမှ သတင်းများဖေါ်ပြပေးခဲ့သည့် ပြည်တွင်းဂျာနယ်များကို ကျေးဇူးတင်သည့် အနေဖြင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကို မီးစက် (ဂျင်နရေတာ) လှူဒါန်းလိုသည်ဟု ကမ်းလှမ်းခဲ့သော်လည်း ပြန်ကြားရေးဝန်ကြီးဌါနက ချုပ်ကိုင်ထားသည့် စာနယ်ဇင်းအဖွဲ့က လက်မခံခဲ့ကြောင်း ပြည်တွင်းဂျာနယ်မှ အယ်ဒီတာတဦးက ပြောဆိုသည်။
          ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ် တစောင်ဖြစ်သည့် လျှပ်တပြက်ဂျာနယ်တွင် ဆရာဝန်နှင့် ဆေးခန်း၏ပေါ့လျော့မှုကြောင့် လူနာသေဆုံးရမှုကိစ္စကို ပထမဆုံး ဖေါ်ပြခွင့်ပေးခြင်းသည် အလွန်ရှားပါးသည့် အဖြစ်အပျက်တရပ်အဖြစ် ရှုမြင်ကြပြီး နောက်နောင် အလားတူကိစ္စရပ်များ ဖေါ်ပြခွင့်ရမရကိုမူ ရှင်းလင်းစွာမသိရှိနိုင်ဟု ပြည်တွင်းသတင်းအယ်ဒီတာ တဦးကပြောသည်။
          ယခုလို ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းနှင့် ကုသသူ အကြားဖြစ်ပွားသည့် ကိစ္စရပ်များကို ဖေါ်ပြခွင့်ပေးသင့်သည်ဟု ပြည်တွင်းဂျာနယ်လစ်များက ပြောဆိုသည်။
          “နအဖ အစိုးရအနေနဲ့ စစ်အစိုးရကို ဝေဘန်တာလည်းမဟုတ် ၊ အစိုးရဌာနကို ဝေဘန်တာလည်းမဟုတ် ပုဂ္ဂလိကကဏ္ဍမှာ ရှိတဲ့မမျှတတဲ့ ကိစ္စရပ်မျိုး၊ စားသုံးသူအခွင့်အရေးလို ကိစ္စရပ်မျိုးကို ရေးသားခွင့်ပေးသင့်တယ်လို့ ထင်တယ်”
          ဟု ပြောဆိုသည်။
          ပြန်ကြားရေး ၀န်ကြီးဌါနလက်အောက်မှ ဌါနခွဲတခုဖြစ်သည့် စာပေစိစစ်ရေးဌါနသည် အစိုးရ၏ ပေါ်လစီ၊ ၀န်ကြီးဌါနများကို ထိပါးသည့်  သတင်းများကို ဖေါ်ပြခြင်းမပြုရန် အစဉ်အမြဲ စိစစ်ဖြတ်တောက် နေသကဲ့သို့ စစ်အစိုးရနှင့် နီးစပ်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးများ၏ အကျိုးစီးပွားကိုလည်း သတင်းများ ဖြတ်တောက်ခြင်းဖြင့် ကာကွယ်ပေးလျက်ရှိသည်ကို တွေ့ရသည်။


(ဓာတ်ပုံ – အက်စ်အက်စ်စီနှင့် မခိုင်ရွှန်းလဲ့ရည်အကြောင်း ရေးသားဖေါ်ပြခဲ့ကြသည့် ဂျာနယ်များ။ ဂျာနယ်ရောင်းသူတဦးက ယခုလိုရေးခွင့်အနည်းငယ်ရသည့် ကာလတွင် ဂျာနယ် အရောင်းတက်ခဲ့သည်ဟု ပြောဆိုပြီး ဂျာနယ်ဈေးကွက် ပိုအသက်ဝင်လာအောင် ယခုထက်ပိုလွတ်လွတ်လပ်လပ် ရေးခွင့်ပြုသင့်သည်ဟု သူ့လက်တွေ့ဘ၀ကိုနှင့် ယှဉ်ပြီးဝေဘန်ပြောဆိုသည်။ ယခုရေးခွင့်ရသည်မှာ တမတ် (၄ပုံတပုံ) မျှပင်မရှိသေးဟုလည်း လမ်းဘေးတွင် ဂျာနယ်ရောင်းသူက မှတ်ချက်ပေးခဲ့သည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts