>Win Myat –ံHow can "politics" changes "life" in Burma

>

“တိုင်းပြည်ရေး”က “၀မ်းရေး”ကို ဘယ်လိုပြောင်းလဲစေမှာလဲ

ဝင်းမြတ်၊
ဒီဇင်ဘာ ၈၊ ၂၀၀၉
ဆိုက်ကားဆရာ ဦးအုန်းသီး
အုန်းသီး (၇၀နှစ်)က သူ့နာမည်အရင်းကိုပြောပြချင်သူမဟုတ်သလို သူ့ဘ၀ဇာတ်ကြောင်းကိုလည်း သိပ်ပြန်ပြောပြချင်ဟန် မတူဘူး။ ရန်ကုန်မြို့ရဲ့လမ်းတွေပေါ်မှာ သူ ဆိုက်ကား နင်းလာတာနှစ်ပေါင်းသုံးဆယ်ကျော်ရှိခဲ့ပြီ။ ဆိုက်ကားသမားဘ၀ မရောက်ခဲ့ခင်တုန်းကတော့ သူ့ဘ၀က သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်ကြီးဖြစ်ခဲ့ဖူးတာပေါ့။
၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ သူဦးစီးလုပ်ကိုင်ပြီး သူ့မိဘတွေပိုင်ဆိုင်တဲ့ သွင်းကုန် ထုတ်ကုန်လုပ်ငန်းကို ပြည်သူပိုင်သိမ်းခံခဲ့ရတယ်။ အဲဒီခေတ်အခါကတန်ဖိုးကျပ်ငွေနှစ်သိန်းခန့်တန်တဲ့ ရုံးခန်းနဲ့အိမ်ကို ငွေကျပ် ၇၅၀၀ လျှော်ကြေးသာပြန်ရခဲ့တယ်။
`အဲဒီကတည်းက ဘ၀ကတစ်ဆစ်ချိုးပြောင်းသွားခဲ့တာ ´ လို့ သူ့ရဲ့ေ၀၀ါးနေတဲ့ မျက်လုံးတွေကို လက်နဲ့ပွတ်ပြီးပြောတယ်။
သူက အတန်းပညာ လေးတန်း အထိ သင်ယူခဲ့ဖူးတာကြောင့် အတန်းပညာ မတတ်တဲ့သူ့မိဘရဲ့လုပ်ငန်းတွေမှာ ဘဏ်ငွေသွင်းငွေထုတ်ကို သူကပဲကြီးကြပ်ခဲ့တယ်။ တကယ်တန်း ကိုယ်ပိုင်လုပ်ငန်း ပျောက်သွားတဲ့အခါ သူတတ်တဲ့ပညာနဲ့ မယ်မယ်ရရ  လုပ်ကိုင်စရာမရှိခဲ့ဘူး လို့ဆိုပါတယ်။
`နိုင်ငံရေးဆိုတာသိလည်းမသိဘူး။ နားလည်းမလည်ဘူး´ လို့ နိုင်ငံရေး အပေါ်သူ့အမြင်ကိုပြောပြတယ်။
သူက လာမည့်၂၀၁၀ ရွေးကောက်ပွဲဆိုတာကိုလည်း သူ့အနေနဲ့ သေသေချာချာ ဘာမှမသိသလို ဘာမှလည်း မျှော်လင့်ထားသူမဟုတ်ဘူးလို့ဆိုတယ်။ အခြေခံဥပဒေ အတည်ပြု ထောက်ခံမဲ ပေးတုန်းကလည်း သူက ပါဝင်ခဲ့သူမဟုတ်ပါဘူး။
ရုံးဝန်ထမ်း မဌေး
အစိုးရ၀န်ထမ်း ရုံးစာရေးတစ်ဦးဖြစ်တဲ့ မဌေး (၂၄နှစ်) ကလည်း အုန်းသီးလိုပဲ ၂၀၁၀ ရွေးကောက်ပွဲကနေ သူတို့လိုအခြေခံ လူတန်းစားတွေအတွက် ဘယ်လိုသက်ရောက်မှု ရှိလာမလဲဆိုတာ စိတ်ဝင်စားသူ မဟုတ်လှပါဘူး။
လက်ရှိ တလ ၀င်ငွေ ကျပ် ၂၈,၀၀၀ ထက်ပိုရနိုင်ပြီး အနာဂတ်အတွက် စိတ်ချသေချာတဲ့ အလုပ်အကိုင်ကောင်းကောင်း တစ်ခုရရှိဖို့ကို ၂၀၁၀ ရွေးကောက်ပွဲထက် မြန်မာစာနဲ့ဘွဲ့ရထားတဲ့သူမက ပိုစိတ်ဝင်စားတယ်လို့ဆိုပါတယ်။
`ဂျာနယ်တွေမှာ နိုင်ငံခြားမှာ အဆင်မပြေတဲ့ အလုပ်သမားတွေအကြောင်းတွေ ဖတ်ရပေမယ့် ကိုယ်သွားရင်များ အဆင်ပြေမလား လို့ တွေးမိတယ်´ လို့ သူကပြောတယ်။
သူနဲ့ စကားပြောနေတဲ့အချိန်မှာ အခြားသော အရပ်သူအရပ်သားတွေလိုပဲ `နိုင်ငံရေး´ ဆိုတဲ့စကားလုံးကိုကြားတိုင်းသူက လေသံကိုနည်းနည်းနှိမ့်ပြီး ပြောလေ့ရှိသလို ဘေးဘီဝဲယာကိုလည်း မျက်လုံးလေးဝှေ့ပြီးကြည့်တတ်တယ်
ပြီးတော့သူမက လေသံတိုးတိုးလေးနဲ့ မေးပါသေးတယ်။
`နိုင်ငံရေးဆိုတာဘာလဲ။ သမီးတို့နဲ့ ဆိုင်လို့လား။ နိုင်ငံရေးသမားတွေပဲ နိုင်ငံရေး လုပ်ကြတာမဟုတ်လား´
အငြိမ်းစားပါမောက္ခ ဦးမော်သန်း
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှာ နှစ်ပတ်တစ်ကြိမ်ပြုလုပ်တဲ့ ဟောပြောပွဲတစ်ခုမှာ ပွဲတက်ရောက်လာတဲ့ ပရိတ်သတ်တစ်ဦးရဲ့နိုင်ငံရေးဆိုတာဘာလဲဆိုတဲ့မေးခွန်းကို စီးပွားရေးတက္ကသိုလ်က အငြိမ်းစားပါမောက္ခတစ်ဦးဖြစ်တဲ့ ဆရာဦးမော်သန်းက အခုလိုပြန်လည် ဖြေကြားသွားခဲ့ဖူးပါတယ်။
`နိုင်ငံကောင်းအောင်လုပ်သမျှ၊ ပြောသမျှ၊ တွေးသမျှ၊ ကြံသမျှ အားလုံးသည် နိုင်ငံရေးပင်ဖြစ်ပါသည်´ … တဲ့။
အမည်တော့ မဖော်ချင်သည့် တက္ကသိုလ်ဆရာ၏ နိုင်ငံရေး
တက္ကသိုလ်ကျောင်းဆရာတစ်ဦးဖြစ်ခဲ့ဖူး ပြီးလက်ရှိအချိန်မှာအခါအားလျော်စွာ ပညာဒါနအစီအစဉ်တွေမှာ အင်္ဂလိပ်ဘာသာသင်ကြားပို့ပေးနေတဲ့ကျောင်းဆရာတစ်ယောက်က
“ နိုင်ငံထဲမှာနေထိုင်တဲ့ပြည်သူတွေ နေ့စဉ်လှုပ်ရှား  ဆောင်ရွက်နေတာတွေဟာ အဲဒိနိုင်ငံရဲ့အရေးပဲ။ မိမိနေထိုင်တဲ့အိမ်ရဲ့အရေးဟာ အိမ်မှာနေထိုင်တဲ့ မိသားစုအားလုံးနဲ့ဆိုင်သလို နိုင်ငံရေးဆိုတာ ပြည်သူအားလုံးနဲ့ဆိုင်ပါတယ်”
လို့ သူ့ရဲ့နိုင်ငံရေးအမြင်ကိုဖွင့်ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
“၂၀၁၀ ခုနှစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးသွားမှာဖြစ်တယ် …”
လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြံ့ခိုင်ရေးအသင်းရဲ့ သင်းလုံးကျွတ်ညီလာခံမှာပြောကြားသွားခဲ့ပေမယ့် လက်ရှိအချိန်ထိ ရွေးကောက်ပွဲဥပဒေ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။
နိုင်ငံရေးကို ဘေးက လေ့လာစောင့်ကြည့်သူ
နအဖ အစိုးရအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ သူတို့က အတိုက်အခံလို့ ယူဆသူမှန်သမျှ တဦးတလေမှ ရွေးကောက်ခံရပြီး လွှတ်တော်ထဲဝင်မလာစေချင်လို့ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ဖို့ အချိန်ဆွဲနေတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တဦးက ပြောပါတယ်။
“သူတို့ အနိုင်မရမှာကို စိုးရိမ်လို့ဟုတ်ဟန်မတူဘူး၊ အခြေခံဥပဒေအရလည်း အပေါ်စီးက အားလုံးယူထားပြီ၊ ရွေးကောက်ပွဲမှာလည်း သူတို့ပြောတာ အားလုံး  ချွင်းချက်မရှိလက်ခံမယ့် နိုင်ငံရေး သမားလိုမျိုးသာ ရွေးကောက်ခံရဖို့ကြိုးစားနေတာ …”
လို့ အဲဒီပုဂ္ဂိုလ်ကပဲ ပြောပါတယ်။
အုန်းသီးတို့၏ အသံ
အုန်းသီးအတွက်တော့ နိုင်ငံရေးထက်ဝမ်းရေးကိုသူကနေ့စဉ်ထိတွေ့နေရတယ်လို့ပြောတယ်။
“ဆိုက်ကားမနင်းရတဲ့နေ့ ဆို နေထိုင်မကောင်းဖြစ်မှာပဲ။ လဲသွားပြီးတော့ ပြန်ထနိုင်မှာ မဟုတ်တော့ဘူး။ တစ်နေ့ကို အုံနာခ ၇၀၀ ရအောင် အရင်ရှာရတယ်။ ပိုတော့မှ စားဖို့အတွက်ရတာပေါ့။ တစ်ခါတစ်လေ ဆိုက်ကားပြင်ရတဲ့နေ့တွေဆိုရင်တော့ မမှန်တော့ဘူးပေါ့”
လို့ သူက လက်နဲ့ပါးစပ်ကိုခွံ့တဲ့ဟန် လုပ်ပြရင်းပြောတယ်။
အုန်းသီးအသက်လေးဆယ်အရွယ်မှာ သူ့ဇနီးကွယ်လွန်သွားပေမယ့် သမီးကိုငှဲ့ကွက်ပြီး နောက်အိမ်ထောင် မပြုခဲ့ပါဘူး။ စစ်တပ်က တပ်ကြပ်ကြီးတစ်ဦးနဲ့အကြောင်းပါပြီး နယ်အနှံလိုက်ပါသွားနေရတဲ့ သူ့ရဲ့တစ်ဦးတည်းသောသမီးနဲ့ တွေ့ချင်ပေမယ့်  နှစ်ဦးစလုံးရဲ့ဝင်ငွေက ယနေ့ခေတ်လမ်း ခရီးစရိတ်ကို မတွန်းလှန်နိုင်တာကြောင့် မတွေ့ရတာငါးနှစ်ရှိခဲ့ပြီ။
အုန်းသီးရဲ့မျက်လုံးအိမ်ထဲမှာ အရည်ကြည်တစ်ချို့တွေ့နေရတယ်။ သောက်လက်စ လက်ဖက်ရည်ခွက်ကို အကုန်မော့လိုက်ပြီး ဆိုင်ထဲကမထွက်သွားခင် သူ့ရဲ့အမြင်ကိုပြောသွားခဲ့တယ်။
“နိုင်ငံရေးအပြောင်းအလဲဖြစ်တဲ့အခါတွေမှာ ကိုယ့်ဘ၀မှာ တိုးတက်ခဲ့တာ မရှိဘူး။ အသက်တွေလည်းကြီးနေပါပြီ။ နေ့တိုင်း အလုပ်လုပ်မှ စားရမယ်။ ပျော်အောင် နေမယ်။ အိပ်ရေးဝအောင် အိပ်မယ်။ အချိန်တန်ရင် ဘုရားသခင်က လာခေါ်သွားမှာပါ”။

(ဓာတ်ပုံ – မိုးမခ)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts