ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – မြေစာပုံ မြေစာပင်နှင့် မောင်မိုးသူ

  မောင်မိုးသူ – မြေစာပုံ မြေစာပင်နှင့် မောင်မိုးသူ
(မိုးမခ) နိုဝင်ဘာလ  ၂၇၊ ၂၀၁၅

မော်ဒန်သတင်းဂျာနယ်ပါ မောင်မိုးသူ ဆောင်းပါးဖြစ်ပါသည်။

`ဖားကန့်မြေ မြေစာပုံပြိုကျမှု သေဆုံးသူ ၁၁၃ ဦးအထိရှိနေ ´ ဆိုတဲ့သတင်းကို ကုမုဒြာဂျာနယ် မျက်နှာဖုံးမှာ ဖတ်ရပါတယ်။

ဖားကန့် ကျောက်စိမ်းမြေအကြောင်း သတင်းဌာနတခုရဲ့ ဖော်ပြချက်ကို ဖတ်မိပါတယ်။ အဲသည် ကျောက်စိမ်းမြေကို ကြိုင် မိသားစုရယ်၊ ထိပ်တန်းခေါင်းဆောင်တယောက်ရယ်၊ မူးယစ်ဆေးဝါးပိုင်ရှင် တယောက်ရယ် အပိုင်စီးပြီး တရုတ်ကို ဘီလျံနဲ့ ချီပြီး ရောင်းချနေတဲ့သတင်း ဖော်ပြခဲ့ပါတယ်။ သက်ဆိုင်ရာက ဖြေရှင်းမှုတွေလည်း လုပ်တာမတွေ့ခဲ့ရပါဘူး။

ဖားကန့်မြေက မြေစာပုံတွေအကြောင်းကိုတော့ DVB က တို့ပြည် တို့မြေအစီအစဉ်မှာ စတင် တွေ့ဖူးမြင်ဖူးရခြင်း ဖြစ်ပါတယ်။ ဖားကန့်ကျောက်စိမ်းမြေပြဿနာကြီး ပေါ်ပေါက်လာပြီးနောက် တို့ပြည် တို့မြေရဲ့ ဖားကန့်အစီအစဉ်ကို မကြာခဏ ပြန်ပြန်ပြ လို့ မောင်မိုးသူလည်း မကြာခဏ ကြည့်ဖြစ်ရပါတယ်။ ဖားကန့်ကို မရောက်ဖူးလို့ ရောက်ချင်တာကြောင့်လည်း ပါနိုင်တာပေါ့။

အဲသည် သတင်းထဲမှာ မောင်မိုးသူ စာတွေထဲမှာ ဖတ်ဖူးရောက်ဖူးချင်လှတဲ့ ဖားကန့်ရဲ့ ဥရုချောင်းရဲ့ မရှုမလှကြုံရတဲ့ဘဝကို မြင်တွေ့ရပါတယ်။ ဖားကန့်မှာ ရောက်နေကြတဲ့ ကြီးမားတဲ့ စက်ယန္တရားကြီးတွေဟာ ဘယ်ကနေ ဘယ်ပုံ လိုင်စင်အရယူပြီး ကချင်ပြည်နယ် ဖားကန့်မြေမှာ ရောက်ရှိနေတာပါလိမ့်လို့လည်း တွေးမိပါတယ်။ အဲသည် ယန္တရားကြီးတွေနဲ့ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေရှိကြောင်းလည်း သိရ ကြားရပါတယ်။ ဖားကန့်မြေမှာရှိတဲ့ တောင်တွေလည်း မရှိတော့ဘူးတဲ့။

ဖားကန့်ရဲ့ ဥရုချောင်းဆိုတာကြားဖူး မြင်ဖူးတာက ကြည်လင်အေးမြတဲ့ ဥရုချောင်းဟာ ယခုတော့  ညစ်ထေးစုတ်ပြတ်နေတာကို တွေ့ရပါတယ်။ အဲသည် ဖားကန့်အကြောင်း တို့ပြည် တို့မြေအစီအစဉ်မှာ ရင်ထုမနာမြင်ရတဲ့ မြင်ကွင်းကတော့ ယန္တရားကြီး တွေနဲ့ ဖားကန့်မြေက ကျောက်စိမ်းများကို ရွေးချယ် တူးယူပြီးတဲ့နောက် ပိုနေတဲ့ မြေစာတွေကို တောင်လိုမြင့်မားတဲ့ မြေစာ ပုံကြီးပေါ်မှာ စွန့်ပစ်စုပုံတဲ့ မြင်ကွင်း ဖြစ်ပါတယ်။ အဲသည်လို ယန္တရားကြီးတွေက မြေစာတွေ ပုံသွန်လိုက်ရင်ထောင် သောင်း မကသော လူအုပ်ကြီးက အဲသည်သွန်ချလိုက်တဲ့ မြေစာပုံကြီးထဲကို အလုအယက်တိုးဝှေ့ပြီး အဲသည် မြေစာပုံကြီးထဲက ကျောက်တစ်စုံတစ်ရာများ ရလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ လုပ်ကိုင်သူတွေကို အင်တာဗျူးလုပ်တဲ့အခါမှာတော့ ပုံထဲ ကရတဲ့အခါက  အပုံ ၁၀၀ မှာ တခါလို့ ဆိုပါတယ်။ ဒါပေမဲ့ ဖားကန့်နယ်မြေကို ကျောက်စိမ်းသူဌေး လောပန်ကြီးများ ဖြစ်လာ မလားဆိုတဲ့ ထင်တလုံးနဲ့ မွေးရပ်မြေကို စွန့်ခွာပြီး ရွှေ့ပြောင်းလုပ်သားအဖြစ်ရောက်လာကြတဲ့သူတွေ ဖြစ်ပါတယ်။ ကျောက် ရလို့ လောပန်ဖြစ်မဖြစ် မသေချာပေမဲ့ မူးယစ်ဆေးဝါးစွဲတာကတော့ အသေအချာပဲလို့ မိခင်တယောက်ရဲ့ ရင်ဖွင့်သံကို ကြားလိုက်ရပါတယ်။

အဲသည်လို ရွှေ့ပြောင်းလုပ်သားတွေ နားခိုရာကတော့ သူတို့ရဲ့မျှော်လင့်ချက် မြေစာပုံကြီးရဲ့ ခြေရင်းမှာ တဲကလေးတွေ ထိုးပြီး နေကြတာ ဖြစ်ပါတယ်။ ဒါ ယခု ဖားကန့် ကျောက်စိမ်းမြေမှာ အဲသည်ပြိုကျတဲ့ မြေစာပုံရဲ့ ခြေရင်းမှာ တဲကလေးတွေ ၇၀ လောက်ရှိဆိုပဲ။ တဲတတဲမှာ သုံးလေးယောက် နေကြသတဲ့။ မြေစာပုံပြိုကျတဲ့ အချိန် အိပ်မောကျနေချိန်ဖြစ်လို့ အတော် များများ မြေစာပုံအောက်မှာ ပိပြီး သေဆုံးရတာ ဖြစ်ပါတယ်။ ယခု နောက်ဆုံးရ သတင်းတွေအရ သေဆုံးသူ ၁၁၃ ဦးရှိပြီလို့ သိရပါတယ်။ ဆက်လက်ရှာဖွေနေရဆဲဖြစ်လို့ သေဆုံးသူဦးရေဟာ တိုးမြှင့်လာဖွယ်ရှိကြောင်း သတင်းများက ဆိုပါတယ်။

သေဆုံးကြသူများဟာ ဖားကန့်မြေကနယ်မြေခံတွေ မဟုတ်ကြဘဲ ဖားကန့်ကို လောပန်ဖြစ်နိုးနိုးနဲ့ ရောက်လာကြတဲ့ ရွှေ့ ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လယ်သိမ်းယာသိမ်းတွေ ဖြစ်ရာကနေပြီး ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကြတဲ့နေရာတွေဟာ နယ်စပ်ဒေသ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တိုင်းရင်းသားဒေသများက ဖြစ်ပါတယ်။ တချို့နယ် မြေတွေမှာ အိမ်မှာ ကျန်ရစ်သူတွေက သက်ကြီးရွယ်အိုများနဲ့ လူမမည်ကလေးများ ဖြစ်ကြပြီး လုပ်နိုင်ကိုင်နိုင် သူမှန်သမျှ နိုင်ငံရပ်ခြား အဓိကအားဖြင့် ထိုင်းကို ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ နယ်စပ်ဒေသများ မဟုတ်ဘဲ ထိုင်းတို့ မလေးရှားတို့ သွားကြသလို အလယ်ပိုင်းဒေသက ရွှေ့ပြောင်းလုပ်သားတွေကတော့ ရွှေတူးဖော်ရေး လုပ်ငန်း၊ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများရှိရာကို သွားရောက်လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။

အဲသည် ဖားကန့်တို့ ရွှေတွင်းဒေသတွေမှာ ကျောက်စိမ်းရတာ၊ရွှေရတာ မသေချာပေမဲ့ မူးယစ်ဆေးဝါးကတော့ အလွယ် တကူရလို့ မူးယစ်ဆေးဝါးစွဲသူတွေ ဖြစ်ဖို့က အသေအချာ ဖြစ်ပါတယ်။

ကျောက်စိမ်းလုပ်ငန်း၊ ရွှေလုပ်ငန်း၊ မိုးကုတ်ကျောက်လုပ်ငန်း တို့ကို အစိုးရနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်ကြီးများက ရှေးတုန်း က တူးဖော်ကြသလို မဟုတ်ဘဲ စက်ယန္တရားများနဲ့ တူးဖော်ကြပြီး စိတ်တိုင်းကျ ရှာဖွေလို့ပြီးရင် ပိုတဲ့မြေစာတွေကို ဖားကန့်မှာ မြေစာပုံပေါ် စွန့်ပစ်သလို ရွှေတွင်းမှာလည်း အဲသည်လိုစွန့်ပစ်ကြပြီး မိုးကုတ်ကျောက်တူးဖော်ရာမှာလည်း စွန့်ပစ်ကျောက် တုံးများတွေထဲက လက်လုပ်လက်စားများက ရှေးရိုးအတိုင်း ရှာဖွေနေကြရတာ ဖြစ်ပါတယ်။

တကယ်တော့ မြေစာပုံခြေရင်းမှာ တဲထိုးနေထိုင်ကြသူများဟာ မြန်မာနိုင်ငံသားမြေစာပင်များ ဖြစ်ပါတယ်။ ယန္တရားများနဲ့ တူးဖော်ပြီး နိုင်ငံခြားကို ဘီလျံပေါင်းများစွာတန်တဲ့ ကျောက်စိမ်းတွေကို ရောင်းချကြသူများကတော့ အာဏပိုင်အဖွဲ့အစည်းက လုပ်ပိုင်ခွင့်ပေးထားတဲ့လုပ်ငန်းရှင်များနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချသူများက ဦးစီးနေကြပါတယ်။ ဩော် ဒါကြောင့် ဖားကန့်နယ်၊ ရွှေတွင်းနယ်၊ မိုးကုတ်နယ်တွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ အဆမတန် များပြားလာတာ ဖြစ်ပါတယ်။

မြေစာပုံပြိုလို့ လူပေါင်း ၁၁၃ ဦး သေဆုံးပြီး ဆက်ပြီးတိုးဦးမယ်လို့ ဆိုကြပါတယ်။ သေဆုံးသူ အားလုံးဟာ မြန်မာနိုင်ငံသား မြေစာပင်များ ဖြစ်ပါတယ်။

မြေစာပုံ မြေစာပင်နှင့် မောင်မိုးသူပါ။

photo credit :salweennews.org


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts