>Goodbye, Dictionary.com…Hello, Google Dictionary

>

ဂူဂဲလ်မှာ အဘိဓာန် တင်ထားပြီ၊ လွယ်ကူမြန်ဆန်စွာ သုံးနိုင်
မိုးမခအထောက်တော် အမှတ် ဝ၁ဝ
ဒီဇင်ဘာ ၈၊ ၂ဝဝ၉ အလွန်တရာ လွယ်ကူ ရှင်းလင်းသော အဘိဓာန်ကို www.google.com/dictionary တွင် တွေ့နိုင်သည်။


ဂူဂဲလ်က လူကြိုက်များလာဖွယ်ရှိသည့် အဘိဓာန်ကို သူ၏ ဝက်ဘ်ဆိုက်တွင် တပ်ဆင်ထားကြောင်း သောကြာနေ့က ကြေညာလိုက်ခြင်းဖြင့် အင်တာနက်အသုံးပြုသူများကို ဆွဲဆောင်လိုက်သည်။

ဂူဂဲလ်မှာ အဘိဓာန်သည် အင်္ဂလိပ်ဘာသာ တမျိုးတည်း မဟုတ်ပေ။ ဘာသာစကားပေါင်း ၂၇ မျိုး ထည့်သွင်းထားကြောင်း တွေ့ရသည်။

အနောက်နိုင်ငံများ နှင့် အာရှတွင် အသုံးများသော ဘာသာစကားများ ပါဝင်သည်။

ကမ္ဘာသုံး ဘာသာရပ်ဖြစ်သည့် တရုတ်ဘာသာ ပါဝင်သဖြင့် များစွာ အသုံးဝင်မည် ဖြစ်သည်။

အင်္ဂလိပ်-အင်္ဂလိပ်
တရုတ် – အင်္ဂလိပ်
အင်္ဂလိပ် – တရုတ်
တရုတ် – တရုတ် စသဖြင့် ဝေါဟာရများကို အပြန်အလှန် ရှာဖွေ အသုံးပြုနိုင်ပေမည်။ အင်တာနက် သုံးစွဲသူ တရုတ်လူမျိုး တဦးက ဂူဂဲလ် အဘိဓာန်ကို ပုံစံ ၄ မျိုးဖြင့် အသုံးချနိုင်သည့်သဘော ဖြစ်သည်။

အဘိဓာန်တွင် ကိုရီးယား ဘာသာ ပါဝင်သော်လည်း လည်း အာရှ၏ စူပါ ဘာသာရပ်တခု ဖြစ်သော ဂျပန်ဘာသာ ပါဝင်ခြင်း မရှိပေ။

ဂူးဂဲလ်က အဓိပ္ပာယ် ဖွင့်ဆိုချက်များအပြင် သွားရောက် လေ့လာသင့်သည့် တခြား ဝက်ဆိုက်များကိုလည်း စက္ကန့်ပိုင်းအတွင်း ဖော်ပြပေးသည်။

စစ်တုရင် (chess)၊ ခရု (snail )၊ ဆူရှီ (sushi) စသည့် ဝေါဟာရများကို ရှာဖွေလျှင် ရုပ်ပုံများကိုပါ ဖော်ပြပေးကြောင်း တွေ့ရသည်။

ဘန်ကောက်မြို့မှ ကျောင်းသူတဦးဖြစ်သူ မဖြူဖြူက ဂူဂဲလ်၏ အဘိဓာန်မှာ အသုံးပြုရ အလွန် လွယ်ကူ အဆင်ပြေသည်ဟု ဆိုသည်။

“သိပ်ကြိုက်တယ်။ သုံးရတာ အရမ်းလွယ်တယ်။ ကြော်ငြာတွေ လုံးဝ မပါတော့ ကြည့်ရတာ စိတ်ချမ်းသာတယ်” ဟု မဖြူဖြူက မိုးမခကို ပြောပြသည်။

မြန်မာဘာသာဖြင့် အနာဂတ်ကာလတွင် အသုံးပြုပါက မြန်မာတို့ အလွန် အားကိုးရမည့် စာမျက်နှာဖြစ်မည်ဟု သူက ပြောသည်။

ဂူဂဲလ် အဘိဓာန် ဝန်ဆောင်မှုလုပ်ငန်းကြောင့် တခြားသော အင်တာနက် အခြေပြု အဘိဓာန်များ၊ အီလက်ထရွန်နစ် အဘိဓာန်များ၊ အဘိဓာန် စာအုပ်များသည် သိသာစွာ လူသုံးနည်းသွားဖွယ်ရှိသည်ဟု အကဲခတ်များက သုံးသပ်ကြကြောင်း အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားသည်။

အင်တာနက် မြန်နှုန်း နိမ့်သည့် ရန်ကုန်မြို့မှာပင် ဂူဂဲလ် အဘိဓာန်က ဝန်ဆောင်မှု ကောင်းစွာ ပေးနိုင်ကြောင်း သိရသည်။

“ဒစ်ရှင်နရီ ဝက်ဆိုက်တွေထက် မြန်တယ်” ဟု ရန်ကုန်မှ မိုးမခ ဝိုင်းတော်သားတဦးက ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts