>Ko Lwan Thu – From Hmine Until Moe – poem book launched

>

“အမေ”နှင့် “မှိုင်း” မှသည် “မိုး” ထိအောင် အခမ်းအနား မြင်ကွင်း

ကိုလွမ်းသူ၊ ဓာတ်ပုံသတင်း
ဒီဇင်ဘာ ၈၊ ၂၀၀၉
          ပြီးခဲ့တဲ့ နိုဝင်ဘာလ  ၂၉ ရက်က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကလေးက မြက်ခင်းပြင်လေးတခုမှာ အမေမာ (ဆရာမကြီးလူထုဒေါ်အမာ) ရဲ့ ၉၄ နှစ်မြောက်မွေးနေ့ အခမ်းအနားနဲ့  ဆရာမောင်စွမ်းရည် ရေးသားဖွဲ့သီတဲ့ ကဗျာများကို စုစည်းထုတ်ဝေတဲ့ ‘မှိုင်းမှသည် မိုးထိအောင်’ ကဗျာစာအုပ် ထုတ်ဝေဖြန်ချိမ့ယ် မိတ်ဆက်ပွဲလေးကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
မြို့ ခံ၊ နယ်ခံ စာရေးဆရာ၊ ကဗျာဆရာတွေ၊ စာနယ်ဇင်းသမားတွေ၊ မီဒီယာလောကသားတွေ၊ စာပေ၀ါသနာရှင်တွေနဲ့ အမေမာနဲ့ ဆရာမောင်စွမ်းရည်တို့ကို ကြည်ညိုလေးစားကြတဲ့ မိတ်ဆွေသင်္ဂဟတွေနဲ့ ဆရာမောင်စွမ်းရည်ရဲ့ကဗျာစာအုပ်ကို ထုတ်ဝေတဲ့ ဓူဝံစာပေက ရဲဘော်တွေ တက်ရောက်ခဲ့ကြပါတယ်။
     ကဗျာဆရာမောင်လွမ်းဏီက ဒီကနေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး နှုတ်ခွန်းဆက် အဖွင့်စကားပြောကြားရာမှာ
“အမေမာ ဆုံးပါးကွယ်လွန်သွားပေမယ့် အမေမာဟာ ကျနော်တို့နဲ့ အမြဲတမ်း ရှိနေပြီးတော့ ထာဝရ ရှင်သန်နေတယ်လို့  ကျနော်တို့ က ခံစားကြရတယ်ပေါ့နော့။ နောက် အဲဒီ အမေ့ရဲ့  မွေးနေ့ မှာပဲ ကျနော်တို့ အမေ့ကို အောက်မေ့ ဂါရဝပြုရင်း အမေ့သားတယောက်ဖြစ်တဲ့ ဆရာစွမ်းရဲ့ ‘မှိုင်းမှသည် မိုးထိအောင်’ စာအုပ်ကလေး ထုတ်ဝေရတဲ့အတွက်လည်း ကျနော်တို့ ကြည်ညိုရင်းစွဲနဲ့ ဂုဏ်ယူ ဝမ်းမြောက်ရတယ်ပေါ့။ နောက်တချက်ကလည်း ကျနော်တို့ ပြောချင်တာက  ကျနော်တို့က ဒီလို စာဆိုတော်ရာသီမှာ စာပေလှုပ်ရှားမှု ဆိုတဲ့ အသွင်လက္ခဏာမျိုး ခံယူပြီးတော့ ကျင်းပတာဖြစ်ပါတယ်”
လို့ပြောသွားခဲ့ပါတယ် ။
ဓူဝံစာပေတိုက်ရဲ့ ကိုယ်စား ဒီဇိုင်းဆရာ ကိုသီဟမောင်မောင်၊ ကိုဈာန်၊ ကဗျာဆရာနှင်းခါးမိုးတို့ကလည်း အသီးသီး မင်္ဂလာစကားများပြောကြပြီး၊ ဓူဝံစာပေတိုက်ရဲ့ ရှေ့ ဆက်လက်ဆောင်ရွက် ထုတ်ဝေသွားမယ့် ကိစ္စရပ်များကို ရှင်းလင်းပြောပြသွားကြပါတယ်။
ကဗျာဆရာနှင်းခါးမိုးက
“အမေ လူထုဒေါ်အမာကလည်း ကျနော်တို့  ဗမာစာပေအပေါ်မှာရော ဒီဗမာပြည် အပေါ်မှာပါ  ကျေးဇူးရှိခဲ့တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့အတွက် အမေ့ရဲ့ မွေးနေ့ မှာ အမေ့မွေးနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ ၊ အမှတ်တရအနေနဲ့ ဒီ ဆရာမောင်စွမ်းရည်ကလည်း ဒီကျေးးဇူးတင်ထိုက်သူတွေ ဂါရဝပြထိုက်သူတွေအပေါ်မှာ သူရည်စူးပြီး ရေးခဲ့တဲ့ ကဗျာစာအုပ်လေး ဖြစ်တဲ့အတွက် ဒါလေးကို ဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ထူးထူးခြားခြား လုပ်ခွင့်ရခဲ့ပါတယ်”
လို့ပြောဆိုသွားခဲ့ပါတယ်။
        တက်ရောက်လာကြတဲ့ စာရေးဆရာများထဲက ဆရာဂါမဏိက ဓူဝံစာပေတိုက်က ထုတ်ဝေခဲ့တဲ့ အရေးတော်ပုံ ၄ စောင်တွဲအကြောင်း။ 

ကဗျာဆရာ ဇွန်မှိုင်းက အမေ့မာမွေးနေ့ အမှတ်တရစကား။

 ကဗျာဆရာငြိမ်းဝေက ဆရာစွမ်းရဲ့ လူထုဒေါ်အမာမွေးနေ့အမှတ်တရကဗျာ မဟာလေးချိုးကြီးကို ရွတ်ဖတ်ခြင်း။

 မြန်မာပြည်သားစာစောင် တာဝန်ခံအယ်ဒီတာ ကိုမိုးကြိုးမှ ဆရာစွမ်းရဲ့ အမေ့မွေးနေ့ ကဗျာကို ရွတ်ဖတ်ခြင်း (ပုံ – ၃) ။ 

ကဗျာဆရာကမာပုလဲက သမိုင်းဆရာ ငါတို့ သန်းထွန်း ကဗျာကို ရွတ်ဖတ်ခြင်း။
စာရေးဆရာမ ခင်မင်းဇော်မှ တင်မိုးမော်ကွန်း ကဗျာတို့ကို ရွတ်ဖတ်သွားကြပါတယ်။

          ဓူဝံစာပေတိုက်ကိုယ်စား မနီနီမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားပြီးဆုံးခဲ့ပါသည်။

                    တက်ရောက်လာသူများတစိတ်တဒေသ

       အခမ်းအနားပြီးဆုံးပြီးနောက် ဆီထမင်း အမဲကြော် စမူဆာ ကော်ပြန့်ကြော်။ လက်ဘက်ရည်တို့ဖြင့် တည်ခင်းကျွေးမွေးခဲ့ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts