>Maung Swan Yi Tar Yar Min Way Book

>

တာရာမင်းဝေ အမှတ်တရစာစုများ
မောင်စွမ်းရည်
နိုဝင်ဘာ ၁၈၊ ၂၀၀၉
တာရာမင်းဝေ အမှတ်တရစာစုများ စာအုပ်ကို တာရာမင်းဝေ ကွယ်လွန်တာ ၂ နှစ်အကြာ ကာလမှာ သူ့အကိုဖြစ်သူ အောင်ဒင်က စီစဉ်ပြီး မိုးမခစာနယ်ဇင်းအဖွဲ့ က ၂၀၀၉ သြဂုတ်လထဲမှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ် ။ မိုးမခစာနယ်ဇင်းအဖွဲ့က အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှာ အခြေစိုက်ပါတယ်။ မိုးမခအဖွဲ့က ဆရာတင်မိုး အမှတ်တရစာစု၊ သတင်းစာဆရာ ကြေးမုံဦးသောင်းစာစု၊ ဟံသာဝတီဦးဝင်းတင် စာနယ်ဇင်းဆောင်းပါးများ စာအုပ် စတဲ့ အမှတ်တရ စာစုများကို ထုတ်ဝေခဲ့ပြီး၊ ခု တာရာမင်းဝေအမှတ်တရစာစုကို ဆက်လက်ထုတ်ဝေလိုက်တာဖြစ်ပါတယ် ။ အမှတ်တရ စာစုထဲမှာ အောင်ဒင်က သူ့ညီ တာရာ မင်းဝေရဲ့ အထ္တုပတ္တိအကျဉ်းကို ရေးသားထားပါတယ်။

တာရာမင်းဝေဟာ လုံးချင်းဝထ္တုတွေ ၂၀-၂၅ အုပ်မက ရေးသားခဲ့တယ်။ သူ့အမည်က ချစ်ညီညီ ဖြစ်ပြီး ကဗျာတွေ ရေးတော့ ရွှေဘုန်းလူအမည်နဲ့ ရေးခဲ့ပါတယ်။ တခြားအမည်နဲ့  စာပေဆောင်းပါးများလည်း ရေးခဲ့ပါတယ်။ ၁၉၈၇ မှာ ထူးထူးခြားခြား မြန်မာစာဂုဏ်ထူးနဲ့ ၁၀ တန်းအောင်ပြီး ၁၉၈၈ မှာတော့ ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာအဓိကနဲ့ ပညာသင်နေဆဲ … ဒီမိုကရေစီအရေးတော်ပုံကြီး ပေါက်ကွဲလာလို့ အများနည်းတူ စွန့်စားပါဝင်ဆင်နွှဲခဲ့ ရပါတယ်။
အရေးတော်ပုံမှာ ဗကသများဗဟိုကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့လို့ ၄ နှစ် ထောင်ကျခဲ့ပါတယ်။ ထောင်တွင်းတိုက်ပွဲများမှာလည်း အကိုဖြစ်သူ အောင်ဒင်နဲ့အတူ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ အင်းစိန်ထောင်၊ သရက်ထောင်၊ သာယာဝတီထောင် ၃ ထောင် ကျင်လည်ခဲ့ရရှာပါတယ် ။ ထောင်ထဲမှာ ရှိနေစဉ် ကဗျာတွေ ၀ထ္တုတွေကို ဦးခေါင်းထဲမှာပဲ အချောရေးခဲ့တယ်လို့ သူ့သူငယ်ချင်းတွေက ရေးသားဖော်ပြထားပါတယ်။
အမှတ်တရစာစုထဲမှာ တာရာမင်းဝေကိုယ်တိုင်ရေးတဲ့  ကဗျာ ၇ ပုဒ်ကို ရွေးချယ်ဖေါ်ပြထားပါတယ်။ နယူးယောက်စာအုပ်ဆိုင်မှာတော့ သူ့ဝထ္တုတွေ စုံသလောက်ရှိ ပုံရပါတယ်။ ကဗျာစာအုပ်တအုပ်မှ မတွေ့ရဖူး ပါဘူး။ သူ့ဝထ္တုတွေက စာပေစိစစ်ရေးကို ရှောင်ပြီး စီးပွားဖြစ်သဘောမျိုး တွင်တွင်ရေးခဲ့တာတွေ များပါတယ်။  အထူးသဖြင့်တော့ သူမရေးချင်တဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူတို့ရဲ့ သာမန်နေ့စဉ်ဘ၀ကိုသာ ရေးနိုင်ပါတယ်။ ဒါကြောင့် လွတ်လွတ်လပ်လပ် ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေက ပိုကောင်းပါတယ်။
တာရာမင်းဝေ ခေါ် ရွှေဘုန်းလူဟာ ခေတ်ကာလအခေါ် ကာရန်မဲ့အရေးအဖွဲ့ဆန်ဆန် ကဗျာများကို ရေးဖွဲ့လေ့ရှိပေမယ့် စိတ္တဇဆန်လောက်အောင် အဆန်းတကျယ်မရေးဖွဲ့ပါဘူး။ ကာရန်မဲ့ ဆိုပေမယ့် ရှေးက ပိဋိကတ်သွားလို (မေတ္တာစာအသွားလို) ကာရန်များကို ကောင်းကောင်းချိတ်မိအောင် သံစဉ်မိမိနဲ့ ရစ်သမ်မြောက် ရေးဖွဲ့နိုင်စွမ်းတာကို တွေ့ ရပါတယ်။ ကဗျာစိတ်ကူးလည်း ကောင်း၊ ရေးဖွဲ့မှုကိုယ်ပိုင်ဟန်လည်း ဖန်တီးနိုင်တာကြောင့် စစ်အစိုးရခေတ်လို မဟုတ်ဘဲ တခြားဒီမိုကရေစီခေတ်တခေတ်မှာဆိုရင် ထူးခြား ထိုးထွက်လာနိုင်တဲ့ ကဗျာဇ ရှိသူဖြစ်ပါတယ် ။
တာရာမင်းဝေဟာ အရေးတော်ပုံကာလမှာ ရဲရင့်စွန့်စားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဦး အဖြစ်နဲ့ အရေးတော်ပုံဆိုင်ရာ ကဗျာသစ်တွေ စမ်းသပ် ဖန်တီး ရေးဖွဲ့ခဲ့သူအဖြစ် သမိုင်းမှာ တွင်ကျန်နေမယ့်သူ ဖြစ်ပါတယ်။
ကြမ်းတမ်းတိုတောင်း သမိုင်းကြောင်းကို သွေးနဲ့ ချွေးနဲ့ ရေးခဲ့ပြီး၊ ၀ထ္ထုရေးဆရာအဖြစ်နဲ့ ဘ၀ကို ကွေ့ချိုးပစ်လိုက်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဖေးဖေးမမ လုပ်မယ့် မသောက်မစားပတ်ဝန်းကျင်မျိုးနဲ့ ကြုံခဲ့ရင် သူ့ရဲ့လက်စွမ်းလက်စမျိုးနဲ့ ဆိုရင် စာကောင်းပေကောင်းတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ခုတော့ … … …
ပြည်ပမှာ စုစည်းရတဲ့ စာအုပ်ကလေးမှာကိုပဲ ကဗျာဆရာ ၁၂ ယောက်၊ ဆောင်းပါးဆရာ ၁၂ ယောက်တို့က အမှတ်တရ၊ တမ်းတမ်းတတနဲ့ အနာဂတ်မှာ တောက်ပြောင်တဲ့ အနုပညာရှင်တယောက်အဖြစ်ကို မျော်မှန်းကြတာကို တွေ့နိုင်ပါတယ်။ ကဗျာနဲ့ ဂုဏ်ပြုတမ်းတကြသူတွေထဲမှာ မင်းကိုနိုင်၊ အောင်ဒင်၊ အောင်ဝေး၊ စန်းစန်းတင် စတဲ့ ကဗျာဆရာများ ပါဝင်ကြပြီး၊ ဆောင်းပါးနဲ့ ဂုဏ်ပြုလွမ်းဆွတ်ကြသူတွေထဲမှာတော့ မေငြိမ်း၊ ခက်မာ၊ ဘိုကြည်၊ ပန်းချီထိန်လင်း၊ မင်းဇင်၊ မောင်ရစ်၊ မောင်စွမ်းရည် စတဲ့ ဆောင်းပါးရှင်များ ပါဝင်ကြပါတယ်။ ဈာပနမှတ်တမ်းအပါအ၀င် အားလုံး စာမျက်နှာ ၁၉၀ လောက်ရှိပါတယ်။ ဆက်လက်ပြီး ကဗျာပေါင်းချုပ် ထုတ်ပါဦးလို့ ပန်ကြားလိုက်ပါတယ်။

၂၀၀၉ နိုဝင်ဘာ ၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts