>Rangoon Blackout Begins after monsoon


>

ရန်ကုန်မြို့ လျှပ်စစ်မီး စပျက်ပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၁၈၊ ၂၀၀၉
          မိုးရာသီ ကုန်ဆုံးပြီးခါစ မကြုံစဖူး ပူပြင်းသည့် ဆောင်းရာသီအစပိုင်းတွင် ရန်ကုန်မြို့ လျှပ်စစ်မီး ပြတ်တောက်မှု က တစတစ ဆိုးရွားလာနေပြီး ရာသီဥတုဒဏ်နှင့် လျှပ်စစ်မီး မရရှိသည့်အခြေအနေကို ရန်ကုန်မြို့နေထိုင်သူများ ခံစားနေကြရသည်ကို ရန်ကုန်မြို့နေသူများ၏ ပြောဆိုချက်အရ သိရသည်။ 
          ရေအားလျှပ်စစ်မှ ဓါတ်အားရရှိမှု နည်းပါးသွားခြင်းကြောင့်လား၊ ရန်ကုန်မြို့ လျှပ်စစ်တာဘိုင်များအတွက် လိုအပ်သည့် သဘာဝဓါတ်ငွေ့ လုံလောက်စွာမရခြင်းကြောင့်လား ဆိုသည်ကို သဲသဲကွဲကွဲ မသိရှိရသော်လည်း ယခုသီတင်းပတ်အစတွင် တရက်လျင် သုံးလေးကြိမ်ထက်မနည်း ပြတ်တောက်လျက်ရှိပြီး တကြိမ်ပြတ်တောက်လျင် အနည်းဆုံး ၁နာရီမှ အများဆုံး ၃၊၄နာရီဝန်းကျင်အထိ ကြာမြင့်သည်ဟု မြို့လယ်မြို့နယ်များတွင် နေထိုင်သူများက ပြောဆိုကြသည်။
          ဆောင်းရာသီ ၀င်ခါစဖြစ်သည့် နိုဝင်ဘာလတွင် ယခင်နှစ်များနှင့် မတူပဲ ထူးခြားစွာ ပူပြင်းသည့်ဒဏ်နှင့်အတူ မီးစက်များမှ ထွက်ရှိသော အပူရှိန်နှင့် မီးခိုးများကြောင့်လည်း ရန်ကုန်မြို့မှာ အပူဒဏ်ကိုပိုမို ခံစားနေရသည်ဟု ရန်ကုန်အရှေ့ပိုင်း ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောဆိုသည်။
          လျှပ်စစ်ဓါတ်အား မလုံလောက်ခြင်းနှင့်အတူ မြို့ရေပေးဝေစနစ်၏ ရေတွန်းစက်များ အချိန်ပြည့်လည်ပတ်နိင်ခြင်း မရှိသည့် အတွက် တရုတ်တန်းရပ်ကွက်နေထိုင်သူများအဖို့ ညသန်းကောင် ၂နာရီဝန်းကျင်မှ အိမ်သုံးရေကို စုပ်တင်ကြရသည်ဟု လည်းသိရှိရသည်။
          ရန်ကုန်မြို့တမြို့လုံး၏ လျှပ်စစ်ဓါတ်အားသုံးစွဲမှု ပမာဏမှာ ၂၀၀၆ ခုနှစ် စာရင်းဇယားအရ မီဂါဝပ် ၄၅၀ ၀န်းကျင်ရှိပြီး တနိုင်ငံလုံး အနေဖြင့်မူ မီဂါဝပ် ၇၀၀ ကျော်ကျော်လိုအပ်သည်ဟု ဆိုသည်။ သို့ရာတွင် ထို ၄၅၀မီဂါဝပ် ပမာဏကို ပြည့်ဝစွာပေးနိုင်သည့် ကာလမှာ တစ်နှစ်လျင် မိုးလယ်ရာသီ လပိုင်းမျှသာရှိပြီး ကျန်သည့်ရာသီ တလျှောက်လုံး အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိသည်ကို တွေ့ရှိရသည်။ ယခုလက်ရှိ အနေအထားတွင် ထိုထက်လိုအပ်မှု ပမာဏများပြားလာနေသော်လည်း ဖြန့်ဝေပေးနိုင်သည့်အားက သိသာစွာတိုးတက်လာခြင်း မရှိသဖြင့် ၂၀၀၀ ခုနှစ် အစပိုင်းနှစ်များထက်ကို လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုများပြားလာနေသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုသည်။
          မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရန် သဘာဝအရင်းအမြစ် မြစ်ချောင်းများ လုံလောက်စွာရှိပြီး၊ စွမ်းအင်အတွက် လည်း သဘာဝဓါတ်ငွေ့များဟွာ ထွက်ရှိကာ အိမ်နီးချင်းနိုင်ငံများနှင့် စင်္ကာပူတို့အထိ ရောင်းချနေသော်လည်း ပြည်တွင်း လျှပ်စစ်ဓါတ်အားကို ပြည့်မှီအောင် ပေးနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts