>TheGeek – When Opposites Meet

>

ကိုယ်က အဖြူဆို သူုက အမည်း
(ကိုဇာဂနာ ဖတ်ဖို့ ဟာသ)
ပျော်တော်ဆက်သာဂိ
နိုဝင်ဘာ ၁၈၊ ၂၀၀၉
          အကိုရေ … မဖတ်ရမယ့်စာတွေ ရေးလိုက်ပြန်ပေါ့။ ကျနော်က သည်လိုစာတွေ ရေးတော့ လမ်းလျောက်ဂျာနယ်လစ် (ရန်ကုန်) က မှတ်ချက်ပေးတယ်။ ခင်ဗျားက အပြင်ကနေ သံသေး သံကြောင်နဲ့ ဟာသတွေ လုပ်နေတယ်၊ ကျုပ်တို့မှာက မွန်းကြပ်လွန်းလို့ မရယ်နိုင်ပါဘူးဗျာ … တဲ့။ အင်း ဟုတ်တယ်၊ မီး မလာဘူး၊ ရေတွေလည်း ပြတ်နေတယ်။ သားသမီးတွေ၊ မိဘတွေ၊ လမ်းထိပ်က ဘုန်းကြီးကျောင်းက သံဃာတွေက ထောင်ထဲမှာ၊ ပြီးတော့ ဇာဂနာက မြစ်ကြီးနား ထောင်မှာ။ ပြီးတော့ ကိုမြတ်စံအဖေ ဆုံးသွားတယ်။ သားသမီးတွေ ထောင်ထဲမှာ သေတော့ မိဘတွေ လိုက်မလာနိုင်၊ မိဘတွေ အပြင်မှာ သေတော့ သားသမီးတွေက အထဲကနေ ရင်စီးပြီး ခံကြရတယ်။ ကဲ အဲသလို အချိန်မှာ ဟာသတွေ၊ ပြက်လုံးတွေ ထုတ်နေရတာက တခါတလေကျတော့လည်း ဘာအဓိပ္ပါယ်များလဲလို့ စဉ်းစားတယ်။ သို့သော်လည်း မချိလို့ သွားဖြဲတာပါဗျာ … အဲတာကို ရယ်နေသလား မေးတော့ ကျနော်ကတော့ ရယ်နေလိုက်တာပဲပေါ့။
          ခင်ဗျားတို့အထဲမှာလည်း မြင်သမျှ ခါးသီးစရာ ဖြစ်နေသလို အပြင်ဖက်မှာလည်း အပြစ်မြင်ချင်သူများအတွက်ကတော့ မြင်သမျှ အပြစ်ချည်းပဲလို့ ဆိုရမယ် ထင်တယ်။ အမေရိကန်က သမ္မတကြီး အိုဘားမားခင်ဗျာ ဘာလုပ်လုပ် အပြောခံနေရတာပဲဗျ။ အာဏာရှင်တွေနဲ့ စကားပြောလို့တဲ့။ ရန်သူတွေကို ပြေရာပြေကြောင်း ပြောလို့တဲ့။ အမေရိကန်က ဆေးမကုနိုင်သူ နိုင်ငံသားတွေတွေကို ပိုက်ဆံအကုန်ခံပြီး ဆေးကုပေးဖို့ လုပ်လို့တဲ့။ စီးပွားရေးကျနေချိန်မှာ အစိုးရငွေတွေ စိုက်စိုက်ပြီး လူတွေ လုပ်ငန်းတွေကို ထုတ်ပေးလို့တဲ့။ ရန်လိုတဲ့သူတွေရဲ့အိမ်ထဲအထိ ၀င်သွားပြီးတော့ မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း စကားပြောလို့တဲ့ (အခု နိုင်ငံတကာကို လှည့်ပြီး ခေါင်းဆောင်တွေနဲ့ တွေ့တာကို ပြောတာ)။ ဟော … မနေ့က ကျတော့ ဂျပန်ရေမြေ့ရှင် ဘုရင်ကြီးကို ခါးကုန်းပြီး လက်ဆွဲနှုတ်ဆက်လို့တဲ့။ ခါးကော့ပြီး နှုတ်ဆက်ရအောင် ဟိုဘုရင်က အရပ်ခပ်ပုပုဗျ။ ဖြစ်ပုံတွေ ပြောပါတယ်။
          အဲဗျ … သိန်းစိန်ကိုလည်း ဒေါ်စုကို လွှတ်ပေးလိုက်ပါလို့ စာပွဲဝိုင်းမှာ လှမ်းပြောတယ် ပြောတယ်။ တရုတ်ပြည်မှာလည်း ကလေးတွေကို လူ့အခွင့်အရေးဆိုတာ အမေရိကန်အရေး မဟုတ်ဘူး၊ တကမ္ဘာလုံးရဲ့ အရေး၊ သင်တို့နဲ့လည်း ဆိုင်တယ်လို့ သွားပြောတယ်။ ပြီးတော့ အင်တာနက်လည်း လွတ်လပ်ပါစေ၊ တိဗက်တွေနဲ့လည်း လွတ်လပ်စွာ စကားပြောဖြစ်ကြပါစေလို့ ပြောလိုက်တယ်။ အဟဲ … ဖြစ်ချင်တော့ သူ့မိန့်ခွန်းကို တရုတ်ပြည်တွင်းက စာနယ်ဇင်းနဲ့ အင်တာနက်မှာတော့ ဆင်ဆာ ဖြတ်သဗျ။ အပြင်က ပရိသတ်ကြီးကတော့ အပြည့်အစုံကြည့်ကြရတယ်။ ဆိုတော့ … တရုတ်ပြည်သူတချို့က မှတ်ချက်ပေးလေရဲ့ … ဘာလဲဟဲ့ အိုဘားမား၊ မင်းလည်း ဖြူတာကနေ မည်းသွားတာပဲ ကွာတယ်၊ ဟို ဘွတ်ကောင်နဲ့ ဘာထူးသလဲ တဲ့။ ကဲ … မခက်လား။ ကျနော်ကတော့ ငိုမနေတော့ပါဘူး၊ ရယ်နေလိုက်တော့တယ်။
          အဲသလို အိုဘားမားက နိုဘယ်ဆုတွေ ရ၊ တကမ္ဘာလုံးလှည့်ပြီး ခေါင်းဆောင်တွေ၊ ပရိသတ်တွေနဲ့ တွေ့ပြီး မင်းသားလုပ်နေတော့ ခင်ဗျားတို့ ဗိုလ်သန်းရွှေကြီးကလည်း တစခန်း ထနေတာပေါ့ဗျာ။ သူလည်း သွားနိုင်သလောက် ပျဉ်းမနား၊ နေပြည်တော် ကြပ်ပြေးက လှိုင်ခေါင်းကြီးတွေ အနှံ့ လျောက်သွားနေရာက အားမရပဲ ပြည်ပကိုပါ ခြေဆန့်ဖို့ လုပ်တော့တယ် ပြောတယ်။ သူ အိန္ဒိယကိုတော့ သွားခဲ့ပြီ၊ အခု သီရိလကာင်္ကို သွားတယ်။ အိုဘားမားသွားတဲ့ ဂျပန်တို့၊ စင်္ကာပူတို့ကို နောက်က လိုက်သွားရင် သူများနောက်က လုပ်တယ် ဖြစ်မှာစိုးတာက တကြောင်း၊ မြန်မာပြည်မှာ သန်းရွှေအတွက် သာသနာက ကွယ်နေတော့ သူ့အတွက် ဗုဒ္ဓဘာသာ သာသနာအသစ်တခု ထွက် ရှာတဲ့ အနေနဲ့ သီရိလကာင်္ကို ရွေးလိုက်တယ် ပြောကြတယ်။
          ခက်တာက သီရိလကာင်္မှာလည်း ထေရ၀ါရဗုဒ္ဓသာသနာပဲ ထွန်းကားတယ်။ မြန်မာပြည်က သံဃာတွေ၊ သီလရှင်တွေကလည်း ဥဒဟို တရားစာ ကျမ်းစာတွေ သွားရောက် သင်ကြားနေရတော့ အတော် အခက်အခဲတွေ့တယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ ဘယ်ဘုရား ကျောင်းကန် သွားပြီး ဘယ်လိုပင် ရှိခိုး ရှိခိုး လှူဒါန်း လှူဒါန်း သူ့အတွက် အကျိုး ကျေးဇူးတို့ ကုသိုလ်တို့ မရနိုင်တော့ ပြည်ပက ဘုရားကျောင်းကန်တွေများ သွားပြီး လှူဒါန်း ရှိခိုးရင် အခြားသောနိဗ္ဗာန်တို့ အခြား သော နတ်ပြည်တို့ ဘာပြည်တို့များ ရောက်လေမလားဆိုပြီး သွားရှာတယ်နဲ့ တူပါရဲ့ဗျာ။ ဟိုက ခေါင်းဆောင်တွေကိုလည်း မေးသေးတယ် ပြောတယ်။ ခင်ဗျားတို့ဆီက ဘုရားတွေ ကျောင်းကန်တွေမှာ ရေးထား ညွှန်းထားတဲ့ နောင်ဘ၀တို့ သံသရာတို့ နတ်ပြည် နတ်ရွာတို့ဆိုတာ မြန်မာပြည်က ဟောထားတာနဲ့ မတူဘူးလား၊ သီးခြားဆီလား ဆိုပြီး မေးတယ်လို့ ပြောတယ်ဗျ။ ဟိုက သူစိတ်ထိခိုက်သွားမှာ စိုးလို့ အလိမ္မာသုံးပြီး မငြင်းလိုက်ပါဘူး၊ ဟို ရုပ်ရှင်ထဲကလို ၂၀၁၂ မှာ ကမ္ဘာပျက်ရင် အားလုံး အတူတူပဲလေ ဆိုပြီး ဖြေလိုက်တော့ သူလည်း မျက်စိလည်ပြီး အူလည်လည်ဖြစ် ပြန်သွားတယ်လို့ ကြားတာပဲဗျာ။
          တကယ်တမ်းမှာ ဗိုလ်သန်းရွှေက တော်တော် သံဝေဂ ရနေပြီ ပြောတယ်။ သူရတဲ့ သံဝေဂ ဆိုတာ သူ သိပ်ပြီး အသက်ရှည် ရှည် မနေရတော့ဘူး ဆိုတာရယ်၊ သူ့ကသာ ရှေ့ကနေပြီး အကုသိုလ်တွေ ဖိပြီးလုပ်ပြီး ငရဲမီးတွေသိမ်းကျုးံ ယူနေရချိန်မှာ – သူ့မိသားစုတွေ၊ နောက်လိုက်ငယ်သားတွေက အငြိမ့်သားနဲ့ အာဏာတွေ၊ ပါဝါတွေ၊ စည်းစိမ်တွေ ခံစားနေကြ၊ ဖိတုတ်တွေကြတာ ဆိုတော့ သူမှာ လုပ်ရတာနဲ့ ခံရမှာနဲ့ မတန်ဘူးလို့ မြင်တယ်နဲ့ တူပါတယ်ဗျာ။ သနားစရာကြီးပါ။ ဆိုတော့ သူက သီရိလကာင်္က ပြန်လာပြီးရင် ကောင်းရာ ကောင်းကြောင်းတွေ လုပ်မယ်လို့ ဆုံးဖြတ်ထားကြောင်းကို သူ့အနားမှာ ကပ်ပြီးတော့ လက်မောင်းကိုင်ပေးတဲ့ ဆရာကြီးကို ခပ်တိုးတိုးလေး ကပ်ပြောထားပြီးပြီလို့ အတည်မပြုနိုင်တဲ့ မလုံခြုံ စိတ်မချရတဲ့ ကျီးမြှောက်ဘုတ်မြှောက် ဘလောက်ဒေါ့ကွမ်း က တဆင့် သိရတယ်ဗျ။
          အဲသည်မှာ ပြသနာက စ တက်နေပြီလို့ ဆိုတယ်။ အစကတော့ “သန်းရွှေကြီးက ရန်လိုနေတာပါ၊ ငါတို့က သူ့လောက် ရန်လိုတာ မဟုတ်ပါဘူး” ဆိုပြီး မှိန်းနေတဲ့ ဗိုလ်ချုပ်ကြီးတွေ နောက်လိုက် နောက်ပါတွေ အားလုံး ခေါင်းမီးတောက်ကုန်ကြတာပေါ့ဗျာ။ “သန်းရွှေကြီး ပြောလို့ အင်န်အယ်ဒီတွေကို ဒီပဲယင်းမှာ ရိုက်သတ်ရတာပါ” တို့၊ “သန်းရွှေကြီး ခိုင်းလို့ ၈၈ မျိုးဆက်တွေ သံဃာတော်တွေကို ထောင်ထဲထည့်ရတာပါ၊ ရိုက်နှက်သတ်ဖြတ်ရတာပါ” တို့ ပြောခဲ့တဲ့သူတွေ၊ ကာဗာယူ ဆင်ခြေပေးနေရတဲ့သူတွေကော၊ သန်းရွှေကြီးပြောလို့ သန်းရွှေကြီး ခိုင်းလို့ လာဘ်စားတဲ့ သူတွေ၊ မယားငယ်ယူတဲ့သူတွေ၊ ရွာမီးရှို့တဲ့သူတွေ၊ အမြတ်ကြီးစားသူတွေ၊ ရေဖြတ် မီးဖြတ် လုပ်နေတဲ့သူတွေ အားလုံး၊ “သန်းရွှေကြီးကြောင့်” “သန်းရွှေကြီးကြောင့်” ဆိုတဲ့ ဆင်ခြေ လက်ခြေနဲ့ ထန်းလျက်ကာနေသူ စစ်အုပ်စု မီးခိုးကြွက်ရှောက် အကုန် ကာလနာတိုက်ကုန်ကြပြီ လို့ ဆိုတယ်။ သန်းရွှေကြီးက သံဝေဂ ရပြီး ကောင်းရာ မွန်ရာတွေ တကယ်လုပ်ချလိုက်ရင် သူတို့တွေ ငါးပါးမှောက်ကြတော့မှာ အလွန်စိုးရိမ်ကြပြီး မြည်တမ်း ငိုကြွေးနေလိုက်ကြတာ နေပြည်တော်မှာ မီးမပျက်စဖူး မီးပျက်တဲ့ အတိုင်းပဲတဲ့။
          အဲသည်အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုဇာဂနာရယ်။ ဒေါ်စုကလည်း စာထုတ်လိုက်တယ် ပြောတယ်ဗျ။ ကဲ … တိုင်းပြည်ကောင်းကျိုးအတွက် လက်တွဲဆောင်ရွက်ကြမယ်။ ပိတ်ထား ဆို့ထားတာတွေ ရှိနေရင် အတူတူ ပူးပေါင်းပြီး ဖွင့်ကြည့်ကြမယ်။ လာကြပါ။ တိုင်းပြည် ကောင်းရာ ကောင်းကြောင်း လုပ်ကြစို့်လို့ လက်ကမ်းတဲ့စာကို ဗိုလ်သန်းရွှေကြီး အိမ်အပြန်လမ်းမှာ အဆင်သင့် စောင့်ကြိုနေပြီလို့ ဆိုတယ်။ အယင်က ဒေါ်စုက ဆိုးတာပါ၊ ခေါင်းမာတာပါ၊ သူ မလိမ္မာလို့ပါ၊ သေတွင်းထဲကို သူကိုယ်တိုင် ဆင်းတာပါ … ဆိုပြီး စွတ်စွတ်စွဲစွဲ ပြောနေကြသလို မဟုတ်တော့ဘူး တဲ့ဗျာ။ ကဲ … ဘယ်လို လုပ်ကြမတုံး။
          အိုဘားမားက ရန်လိုသူတွေ အိမ်ထဲအထိ ဆိုက်ဆိုက်မြိုက်မြိုက် ၀င်လာပြီး ရင်းရင်းနှီးနှီး စကားပြောလိုက်တဲ့အခါ၊ မိတ်ဆွေ ဖွဲ့လိုက်တဲ့အခါ တဖက်က ခေါင်းဆောင်တွေမှာ အတင်းကြီး ဆက်ပြီး ရန်လိုနေရမှာကလည်း ခက်၊ သူ့ နောက်လိုက်တွေ၊ တိုင်းသူပြည်သားတွေ ရှေ့မှာ အိမ်ရှင်က ရိုင်းစိုင်းသလိုဖြစ်သွားရင် သိက္ခာတွေ ကျပြီး အမှတ်တွေ လျော့ကုန်မှာ စိုးတဲ့အခါ ရန်လိုသူတွေ ခင်ဗျာ မချိလို့ သွားဖြဲကာ နေရရှာတော့ သူတို့များ ရယ်နေသလားလို့ မေးချင် မေးကြပေတော့ပေါ့ဗျား။
          သန်းရွှေကြီး သံဝေဂရသွားတဲ့အခါ သူ့နောက်လိုက်တွေခင်ဗျာ အားကိုးရာမဲ့ပြီး ဆောက်တည်ရာမရဖြစ်ကြသလို ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုခေါင်းဆောင်ကြီးကို တိုင်းပြည်ကောင်းကျိုးအတွက် ၀ိုင်းလုပ်ကြပါစို့လို့ ဆိုလိုက်တဲ့အခါ တချို့သော အင်အားစုတွေခင်ဗျာလည်း ခေါင်းမီးတောက်ပြီး သေဌေး နေစရာမရ ဖြစ်ကုန်ကြတယ်လို့ သိရပြန်တယ် ကိုဇာဂနာရယ့်။
          အရင်က ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အိမ်ထဲမှာ အပြင်လောကနဲ့ အဆက်ပြတ်ပြီး တဦးတည်းနေရပြီး ဆုတွေ တခုပြီး တခု ရ၊ ဘယ်လိုနည်းနဲ့မှ စွန့်လွှတ် စွန့်စားတာတွေ မလုပ်ခဲ့သူ၊ သူ့ကြောင့် တိုင်းပြည်ကြီးမှာ ဆန်ကုန် မြေလေး၊ မီးတွေ ပျက်၊ ရေတွေ မလာ၊ စစ်အုပ်စု သက်ဇိုးရှည်၊ ကောင်းစားနေရတာလို့ လက်ညိုးငေါက်ငေါက် ထိုးခဲ့သူတွေ၊ ဒေါ်စု ပိတ်ခိုင်းထားတာတွေကို အီဖေကိုယ်ကြီးတို့ အီဖေကိုယ်မကြီးတို့တတွေသာလျင် ဖယ်ရှား ဖွင့်ပေးတော့ယ် ဆိုတဲ့ သူတွေခင်ဗျာ ဒေါ်အောင်ဆန်းစုကြည်က “အင့်ဟင် … ရန်လိုနေသူက ကျမ မဟုတ်ပါဘူး ရှင်။ ကဲ … ၀ိုင်းပြီး အဖြေရှာကြစို့” လို့ ဆိုလိုက်တဲ့အခါ သူတို့ခင်ဗျာ ဘယ်ဘက်ကို ပြောင်းရမယ် မသိ ဖြစ်ကုန်ကြရှာတယ် ဆိုပဲဗျာ။
          အေးလေ … အကောင်းမမြင်တဲ့သူတွေကတော့ ဘယ်လိုပဲ လုပ်လုပ် အကောင်းမြင်ကြမယ် မထင်ပါဘူး။ သန်းရွှေကြီး သံဝေဂ မရအောင် ၀ိုင်းပြီး လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေနဲ့ ၀ိုင်း မှိုင်းတိုက်ကြမယ့် နောက်လိုက်နောက်ပါတွေက နည်းတာ မဟုတ်သလို၊ သူက အဖြူဆို ကိုယ်က မည်းမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ဘုဂလန့် အင်အားစုများကလည်း ဒေါ်စုက ဖွင့်ဆိုရင် ဒို့ကတော့ ပိတ်ကြဖို့ မောင်းတင်ကြစို့၊ ခါးတောင်း မြောင်အောင် ကျိုက်ကြစို့ ဆိုပြီးများ ကြံစီနေကြပြီလား မသိ။
          ဟဲ ဟဲ … ရယ်စရာဆိုပြီး ရေးတာပဲဗျာ။ ရွေးကောက်ပွဲကြီးကျရင်တော့ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေနဲ့ ထိပ်တိုက် ၀င်မပြိုင်လေနဲ့ဗျ။ တော်ကြာ တန်ခိုးရှင်ကြီးက ခိုင်းလို့ဆိုပြီး ခင်ဗျားကို တခုခု လုပ်ထည့်လိုက်မှဖြင့် ကျနော်တို့ ရင်ကျိုးရချည်ရဲ့ …. “ဂျွတ်” … ဆိုပြီးတော့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts