>Junta advise to run 2010 Election with its own people

>

၂၀၁၀ ရွေးကောက်ပွဲ ကြံ့ဖွံ့အင်အားဖြင့် ဆင်နွှဲရန် အာဏာပိုင်များညွှန်ကြား
ဝင်းမြတ်
နိုဝင်ဘာ ၁၈၊ ၂၀၀၉
          ၂၀၁၀ မတိုင်မီ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်အင်အားတိုးမြှင့်ရန် ဒေးဒရဲမြို့နယ်အတွင်းရှိကျေးရွာများအား မြို့နယ်အာဏာပိုင်များက တွန်းအားပေးစေခိုင်းထားသည်ဟုသိရသည်။ ကြံ့ခိုင်ရေးအနေဖြင့် ပါတီတခု ဖွဲ့စည်းကာ ၂၀၁၀ တွင်ဝင်ရောက်ရွေးချယ်ခံနိုင်ရန်အတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်ခိုင်းသည့်သဘောဖြစ်သည်ဟု ဒေးဒရဲမြို့နယ်အတွင်းမှ ကျေးရွာ ရ.ယ.က အဖွဲ့ဝင်တစ်ဦးပြောသည်။
          တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ခေတ်သစ်ဘောဂဗေဒကျောင်းတော်သားများအဖွဲ့မှ နိုင်ငံရေးလှုပ်ရှားသူအချို့ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ ၀င်ထွက်သွားလာကာ စည်းရုံးရေးပုံစံများ ပြုလုပ်လာသည်ဟုလည်း သိရသည်။
          “၂၀၁၀ မှာ ကြံ့ခိုင်ရေးက ပါတီဖွဲ့မယ်။ အဲဒီအချိန် ကျေးရွာကနေ မဲ ၅၀ % ရအောင်လုပ်ရမယ်လို့ မြို့နယ်ကနေ ညွှန်ကြားထားတယ်။ အခုကတည်းက ကြံ့ခိုင်ရေးကိုအင်အားဖြည့်ထားရမယ်။ ရသလောက်စည်းရုံးပြီး ပါတီဝင်ဖြစ်အောင် လုပ်ရမယ်လို့ ညွှန်ကြားထားတယ်” လို့ ကျေးရွာ ရ.ယ.က ကပြောပြသည်။
          ၂၀၀၈ ခုနှစ် မေလ အတွင်းကပြုလုပ်ခဲ့သည့် အခြေခံဥပဒေအတည်ပြုထောက်ခံမဲပေးပွဲ၌လည်း ထောက်ခံမဲများသာ ရရှိစေရန် မြို့နယ်အာဏာပိုင်များကညွှန်ကြားခဲ့သည့်ဟုဆိုသည်။ ၄င်းဆန္ဒခံယူပွဲအတွင်း မဲ မထည့်ခဲ့ရသောပြည်သူများရှိခဲ့သော်လည်း ၄င်းတို့၏စာရင်းများကို ကျေးရွာအာဏာပိုင်များက မြို့နယ်သို့ ထောက်ခံမဲအဖြစ် ပေးပို့ခဲ့ကြရသည်။ တချို့ကျေးရွာများတွင် အမှန်ခြစ်ပြီးသားမဲများကို ပုံးထဲသို့ ထည့်ခိုင်းခဲ့ကြောင်း ဖျာပုံမြစ်အနီးရှိ ဒေးဒရဲပိုင် ကျေးရွာတခုမှ ရွာသားတဦးက ၄င်းတွေ့ကြုံခဲ့ရပုံကိုပြောပြသည်။
          ဆိုင်ကလုန်း – နာဂစ် ဒဏ်ခံခဲ့ရသော မုန်တိုင်းသင့်ပြည်သူများ၏ ဒုက္ခဖြစ်နေချိန်ကိုမစာနာဘဲ ထောက်ခံမဲရရှိရန် ကျေးရွာအာဏာပိုင်များအား အတင်းအကြပ်စေခိုင်း ခဲ့သည်ဟုလည်းဒေသခံများကပြောကြသည်။ ကန့်ကွက်မဲထည့်သူများကိုကျေးရွာအာဏာပိုင်တစ်ချို့က ခေါ်ယူသတိပေးခြင်းများလည်း ရှိခဲ့သည်။
          ဧရာဝတီတိုင်းအတွင်းမှ လေဘေးသင့်ပြည်သူများမှာ ကျေးရွာအာဏာပိုင်များ၏စေခိုင်းမှုကြောင့်သာ ဆန္ဒခံယူပွဲတွင် မဲထည့်ခဲ့ကြရပြီး အခြေခံဥပဒေ အကြောင်းအရာများကို ဖတ်ရှုဖူးသူမရှိကြောင်းတွေ့ရသည်။  လေဘေးသင့်ဒေသတွင် ပြန်လည်ထူထောင်ရေးအတွက်တာဝန်ပေးထားသော ၀န်ကြီးများက ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်တာဝန်ယူထားသောဒေသများမှ ရွေးချယ်ခံဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟုသိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts