>Myanmar stop sale of 20 US$ Mobile Phone SIM Card

>

တခါသုံး နှစ်ဆယ်တန် ဆင်းကဒ်များ ၀ယ်မရ
မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၁၀၊ ၂၀၀၉

အက်ဖ်အီးစီ နှစ်ဆယ်တန် ဂျီအက်စ်အမ် ဆင်းကဒ်များ ရန်ကုန်မြို့မည်သည့်ဆိုင်တွင်မှ ၀ယ်၍မရပဲ ဖြစ်နေသည်မှာ ၃ရက်ခန့်ရှိနေပြီး လာမည့် အင်္ဂါနေ့ ဒေါ်အောင်ဆန်းစုကြည် စီရင်ချက် အမိန့်ချမည့် ကိစ္စရှိနေသဖြင့် လုံခြုံရေး အကြောင်းကြောင့် ယခုလို အရောင်းရပ်တန့်ထားခြင်း ဖြစ်နိုင်သည်ဟု လက်လီရောင်းချသည့် ဆိုင်များက ပြောဆိုသည်။

ထိုတခါသုံး အက်ဖ်အီးစီ ၂၀တန် ကဒ်များကို နိုင်ငံရေး လှုပ်ရှားသူအချို့၊ ပြည်ပ သတင်းဌါန သတင်းထောက်နှင့် နိုင်ငံခြားသား သတင်းထောက် များသုံးစွဲလျက်ရှိသည်ကို သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူတို့က ရိပ်မိသိရှိပြီး ယခုလို ရက်ပိုင်းတွင် ၀ယ်မရအောင် တားဆီးထားခြင်း ဖြစ်နိုင်သည်ဟု ဆိုင်များက ယူဆကြသည်။

အနော်ရထာလမ်းမှ ဖုန်းကဒ် ရောင်းသည့် ဆိုင်တဆိုင်က ပြောဆိုရာတွင် “ဒီဖုန်းကဒ်တွေကို ၀ယ်ပြီး တချို့ကလည်း ရဲမှူးတွေ၊ လုံခြုံရေး အရာရှိတွေကို လှမ်းဆဲကြတယ်။ မကျေနပ်တာကို ပြောချင်တော့ ပိုက်ဆံ ၂ သောင်းကျော် အကုန်ခံပြီး ဆဲတဲ့ကိစ္စတွေ ရှိတယ်လို့ ကျွန်တော်တို့ကြားရတယ်” ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ကြိုးဖုန်းလိုင်းများ အပြင် မိုဘိုင်းဖုန်းလိုင်းများကိုပင် မသင်္ကလာလျင် မသင်္ကာသလို ကြားဖြတ်နားထောင်လျက်ရှိနေပြီး၊ ထိုသို့ကြားဖြတ်နားထောင်ရန် ပွိုင့်များကို ရန်ကုန်မြို့ အထပ်မြင့်သည့် မြို့လယ် အဆောက်အဦအချို့ အပေါ်တွင် တွေ့ရသည်ဟု မျက်မြင်သက်သေတဦးကလည်း ပြောဆိုသည်။

အဆိုပါ မျက်မြင်သက်သေက “ရန်ကုန်မြို့ထဲမှာ ကားနဲ့ မသင်္ကာတဲ့နေရာ အနားမှာ ရပ်ပြီး ကြားဖြတ်နားထောင်တာမျိုးရှိသလို တလောက ရုံးတရုံးရဲ့ အပေါ်ဆုံးထပ်မှာ ဖုန်းကြားဖြတ်နားထောင်တဲ့ ကိရိယာနဲ့ လိုင်းလိုက်ရွှေ့ပြီး နားထောင်နေတာ တွေ့ခဲ့ရတယ်၊ အရင်ကတော့ ပြောသံသာကြားဖူးတယ်၊ အခုလို မျက်မြင်ကိုယ်တွေ့မတွေ့ဖူးဘူး” ဟုဆိုသည်။

ထိုတခါသုံး ဆင်းကဒ်များကို ထူးကုမ္ပဏီ အုပ်စု၏ ကုမ္ပဏီခွဲ တခုက ယခုနှစ် ဇန်န၀ါရီလမှ ကိုယ်စားလှယ်ယူ ဖြန့်ချိပြီး ထိုကဒ်ကို စသုံးစွဲပြီး နောက် ရက် ၃၀တွင် ထည့်သွင်းထားသည့် ငွေမကုန်လျင်လည်း ကဒ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ သို့မဟုတ်ပဲ ရက်သုံးဆယ် မပြည့်မီ ထည့်သွင်းထားသည့် ငွေကုန်ဆုံးသွားပါက ပြောဆိုလက်ခံခ ထပ်မံ ထည့်သွင်း၍မရတော့ပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် အမှုကို အမိန့်ချရန် ချိန်းဆိုခဲ့ပြီး၊ တဖန် ဥပဒေရေးရာ ပြင်ဆင်စရာ ရှိသည်ဟု အကြောင်းပြ၍ မနက်ဖြန် သြဂုတ်လ ၁၁ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။

(Photo – Long Walk for Freedom (Freedom News Group Blog)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts