>Ba Hein Thit – Towards the Right Moment

>

အင်ကြင်းကိုင်း လှမ်းအကိုင် အင်ကြင်းပန်းရနံ့တရှိုက် အဲ့ဒီအခိုက်အတန့် ရောက်တဲ့အထိ
ဗဟိန်းသစ်
နိုဝင်ဘာ ၁၇၊ ၂၀၀၉
“အနှစ်နှစ်ဆယ် နိုင်ငံရေး လုပ်လာတာ
ကိုယ့်ကိုကိုယ် ကြည့်လိုက်တော့
ကြိုးတိုက်ထဲရောက်နေပါရော့လား …” တဲ့
ကာနယ်ချစ်ကောင်းရဲ့စကား တရားရမိပါရဲ့။ အဲ့ဒီလို နိုင်ငံရေးလုပ်လို့ ဟောဒီမှာ ကြိုးတိုက်ထဲ ဆယ်နှစ်တင်းတင်းပြည့်နေခဲ့ရ အသက်(၁၈)နှစ်က ၀င်ခဲ့ရတဲ့ ကျနော်လူငယ်ဘ၀ လောင်ကျွမ်းခံလိုက်ရပြီ နိုင်ငံအရေးမှာ ကျနော့်ဘ၀ကို မီးစာကုန်ဆီခမ်း လောင်ကျွမ်းခံဖို့ ပိုင်းဖြတ်ထားပြီးသားပါ။

တောင်အာဖရိက က Hugh Lewin ရဲ့ Hondiet ကို ကြုံတောင့်ကြုံခဲ ခက်ခက်ခဲခဲ ဖတ်ခဲ့ရတယ် Truth and Reconciliation Commission ဆိုတာတွေ့ရတယ်။ အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ခြင်း။ အမှန်တရားရယ်၊ အမျိုးသားပြန်လည်သင့်မြတ်ခြင်းရယ်။ ကျနော်က ဒီလိုအဓိပ္ပါယ်ကောက်ယူတယ်။ အမှန်တရားကို သင့်မြတ်ခြင်း။ အမျိုးသားချင်းပဲလေ အာဃာတ ကင်းစင်ကြရတယ်။ မေတ္တာလွှမ်းခြုံကြရမယ်။ လူ၌ပစ်ပယ်ခွင့်မရှိ ရယ်လို့ ခရစ်ဝင်ကျမ်းက ဆိုသဗျ။ လူတိုင်းကိုယ်စီ အမှန်တရားနဲ့ သင့်မြတ်ကြရင် မင်္ဂလာရှိလိုက်မယ့်ဖြစ်ခြင်း။
တကယ်တော့ အ၀င်အထွက် တံခါးတပေါက်သာရှိတဲ့ အခန်းထဲမှာ ကျနော်တို့နေကြရတာ ပန်းပွင့်တောင် ညှိုးလွယ်ပါတယ်။ ကျနော်တို့ဟာ လူတွေမို့သာခံနိုင်ရည်ကြီးမားတာ အမေ့သားကြီးတွေမို့ပဲ။ အုတ်တံတိုင်းအထပ်ထပ် သံတံတိုင်းအကန့်ကန့် ဆဲလ်ကျဉ်းကြပ်ကြပ်ထဲမှာ၊ မျက်တောင်တခတ် အသက်တရှုအခါမယ် အချိန်ရှိသ၍ မငြိမ်းမချမ်း။ တချိန်တည်းမှာ “ဖေ့သားကြီးတွေ ရုန်းလိုက်ကြစမ်းဟေ့ …”လို့ လယ်ထွန်ယောက်ကျားရဲ့ အားမာန်တင်းသံကို ကြားယောင်လာတာနဲ့ တပြိုင်နက် ကလေးတွေကို နွားလိုအလုပ်အကျွေးပြုမယ်ဆိုတဲ့ တော်လှန်ရေးသမားရဲ့ ကိုယ့်ကိုကိုယ် နှိမ့်ချမှု၊ ကလေးလို အပြစ်ကင်းပြီး၊ ချစ်စဖွယ် မြတ်နိုးဖွယ် မျှော်လင့်ဖွယ်တွေ ပြည့်လွှမ်းနေတဲ့ လူထုကြီးအပေါ် တန်ဘိုးထားမှု၊ အနုပညာမြောက် ဒီတင်စားမှုကို ကြားယောင်ရင်း ဖေ့သားကြီးတွေ အဖေ့သားကြီးတွေရုန်းကြပေဦး။
      ခုနကပဲ အဖေ့သားကြီး ရဲဘော်ညွန့်ဇော်ကို အောက်မေ့တသ အလေးပြုခဲ့ကြပြီ။ ၂၀၀၁ ခုနှစ်အတွင်း ဒီသာယာဝတီထောင်မှာ ရဲဘော်စည်သူကျဆုံးခဲ့ရတယ်။ အလားတူပဲ ကလေး ထောင်မှာ၊ ပုသိမ်ထောင်မှာ၊ မန္တလေးထောင်မှာ၊ တခြားထောင်တွေမှာ အဖေ့သားတွေ ကျဆုံးခဲ့ရတယ်။ ထောင်တွင်းအခြေအနေအရပ်ရပ်ဟာ ကျနော်တို့အသက်ရှင်သန်မှုကို အမြဲတမ်း တိုက်စားထိပါးနေတာ အမှန်ပါပဲ။ ဒီနေ့အထိ ထောင်အသီးသီးမှာ ကျဆုံးသွားကြတဲ့ ရဲဘော်အပေါင်းဟာ ထောင်တွင်းအခြေအနေမှန်ကို သူတို့အသက်တွေနဲ့ ရင်းပြီး ပြောပြခဲ့တာဖြစ်သလို လူထုဘ၀ဟာလည်း ဒီအတိုင်းပါပဲလို့ သက်သေထူပြခဲ့ကြတာဖြစ်တယ်။
ကျနော်တို့ လူမျိုးတွေဟာ အသက်ရှင်သန်မှုတခုကိုပဲ အချိန်ပြည့် ကြိုးပမ်းနေရတော့မှာလား။ တောနက်နက်ကြီးထဲ တမျိုးသားလုံး ရောက်ကုန်ကြပြီလား။ နဂျီကောင်လေးတွေလောက်မှ မိသားစုဘ၀နဲ့ အိုးအိမ်တည်ထောင်ခွင့် ငြိမ်းချမ်းခွင့် မရကြတော့ဘူးလား။ ဒီမေးခွန်းတွေဟာ ကျနော်တို့ ခန္ဓာကိုယ်တွင်းမှာ လည်ပတ်စီးဆင်းနေတဲ့သွေးတွေကို ဆူပွက်စေပါတယ်။
“ကျမတို့လူမျိုးတွေ မိသားစု ထမင်းလက်ဆုံ မစားရတာကြာပြီ။ ဒီအတိုင်းသာဆို ကျမတို့ နိုင်ငံအလုံးစုံ ပျက်သုန်းတော့မယ်” တဲ့ အမျိုးသားခေါင်းဆောင်ရဲ့သတိပေးသံ။
အမိနိုင်ငံတော်လွတ်မြောက်ရေး နောက်ကျသထက် နောက်ကျနေတာကို ကျနော်တို့ကိုယ်စီရဲ့ ဘ၀တွေ မြှုပ်နှံ အစတေးခံပြီး နစ်နစ်နာနာ သိခဲ့ကြပြီ။ ဒီမိုကရေစီ ဘက်တော်သားများနဲ့ ပြည်သူလူထုကြီး မနားမနေ ကြိုးပမ်းဆောင်ရွက်ချက် ရလဒ်ဟာ မင်္ဂလာနေ့မြတ်တနေ့ အဖြစ် မလွဲမသွေ ဆိုက်ရောက်လာတော့မယ် နီးသထက်နီးကပ်လာနေပါပြီ။ နောက်ဆုံးတော့ အင်ကြင်းကိုင်းလှမ်းအကိုင် အင်ကြင်းပန်းရနံ့ တရှိုက်နဲ့ ခဏလေးအတွင်းမှာ မယ်တော်မာယာ ဖွားမြင်ခန်းလို အမိနိုင်ငံတော် ငြိမ်းချမ်းရေးကို ဖွားမြင်မှာ မလွဲပါ။
နိုင်ငံတော်လွတ်မြောက်အောင် ကျနော်တို့ပါဝင်ဆောင်ရွက်ခဲ့ကြသလို အနာဂါတ် နိုင်ငံတော် ထူထောင်ရေးမှာလည်း ကိုယ်ပိုင်ရာ နိုင်ရာနေရာ အသီးသီးက ပါဝင်ထမ်းရွက်ကြရဦးမယ်။ ကျနော်တို့ တဦးစီရဲ့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းကို နိုင်ငံတော်က မြင့်မြင့်မားမား ပြင်းပြင်းပြပြ တောင်းဆိုလာလိမ့်မယ် ဆိုတာ သေချာပါတယ်။
ဒီအတွက် လွန်ခဲ့တဲ့ နှစ်ဟောင်းအတွင်းမှာ အခြေအနေပေးသမျှ ကျနော်တို့ အကောင်းဆုံး ပြင်ဆင်နိုင်ခဲ့ကြတယ်။ သွေးသားရင်းချာစိတ် ရဲဘော်ရဲဘက်စိတ်တွေ အရင်းခံပြီး လက်တွဲဖေးမနိုင်ခဲ့ကြတယ်။ ရောက်ရှိနေတဲ့ ဒီအဆင့်ကို ထပ်မံမြှင့်တင်ဖို့ ၂၀၀၂ ခုနှစ်ရဲ့ ဗွေဆော်ဦး ဒီနေ့မှာ အဓိဋ္ဌာန်ပြုကြပါစို့ရဲ့။ 
အဖေ့သား

သီးသန့်(က)(ခ)။ သာယာဝတီ အကျဉ်းထောင်။ ဇန်န၀ါရီ ၁ ရက်၊ ၂၀၀၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts