>How Burmese Migrants in Thai to get Temp Pass to work in Thailand


>

ထိုင်းရောက် မြန်မာနိုင်ငံသားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အချက်အလက်များ
ကလောင်သွား

အောက်တိုဘာ ၁၊ ၂၀၀၉


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများကို ယခုအခါ မြန်မာ နှင့် ထိုင်းအစိုးရအဖွဲ့တို့ ညှိနှိုင်း၍ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်း၊ တရားဝင် ၀င်ဗီဇာနှင့် တရားဝင် အလုပ်လုပ်ခွင့်ပါမစ်များ ရရှိအောင် စီစဉ်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ ယင်း အစီအစဉ် တွင် အားသာချက် အးနည်းချက် အမျိုးမျိုး ရှိရာ ကျနော်သိထားသော အားသာချက် အားနည်းချက်များနှင့် သတင်းအချက်လက်များကို ဖော်ပြရေးသားလိုက်ပါသည်။


(က) ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ပုံ အဆင့်ဆင့်


၁။ ထိုင်းနိုင်ငံအတွင်း လက်ရှိမိမိတို့နေထိုင်ရာ မြို့နယ်အလုပ်သမားရုံးသို့သွား၍ မြန်မာနိုင်ငံသားဖြစ်ကြောင်း၊ အမည် – အဖအမည် – နေရပ်လိပ်စာ စသည်တို့ကို ရေးသား ဖြည့်စွက်ရန် ဖောင်တောင်းယူပြီး ဖြည့်ရမည်။ ယင်းဖောင်ကို ဖြည်ြ့ပီးနောက် ၄င်းရုံးကို တင်ထားရမည်။ ၄င်းရုံးမှ ဖောင်များကို မြန်မာနိုင်ငံ အာဏာပိုင်များထံ ပို့ပေးမည်ဖြစ်သည်။ ယင်းကို မြန်မာနိုင်ငံဘက် မှ စိစစ် အတည်ပြုပြီးနောက် အလုပ်သမားရုံးကို ပြန်ပို့ပေးမည်။ ရောက်လာသောအခါ အလုပ်သမားရုံးက ဖုန်းဆက် အကြောင်းကြားမည် ဖြစ်သည်။ ယင်းအတွက် စောင့်ဆိုင်းချိန် အနည်းဆုံး (၁၅) ရက် ခန့် ကြာမြင့်သည်။ နောက်ပိုင်း လူများလာလျှင် ပို၍ ကြာနိုင်သည်။ နိုင်ငံသားမှတ်ပုံတင် ရှိလျှင် ပိုကောင်းသည်။ မှတ်ပုံတင် မရှိလျှင် နေရပ်လိပ်စာ တိကျစွာ ဖော်ပြဖို့ လိုသည်။ အလုပ်သမားရုံးတွင်
ဓာတ်ပုံရိုက်ခ ဘတ် ၁၅၀ နှင့် စီနီယာကဒ်၊ ဖောင် စာရွက်စာတမ်းကြေးအတွက် ဘတ် ၁၀၀ စုစုပေါင်း ဘတ် ၂၅၀ ပေးရသည်ဟု သိရပါသည်။


၂။ ယင်းဖောင်များကို ယူ၍ သတ်မှတ်ထားသော မြန်မာနယ်စပ်ဂိတ် တနေရာသို့ ကိုယ်တိုင် သွားရမည်။ နယ်စပ်ကို ဖြတ်မကျော်မီ နယ်စပ်ရှိ ထိုင်း လ.၀.က ရုံးတွင် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် တောင်းယူရမည်။ မြန်မာနိုင်ငံနယ်စပ်ဖက်တွင် မှုခင်းဌာန-ရဲ၊ အလုပ်သမားသမားဌာန နှင့် လ၀က-ရဲ တို့အတူ ရုံးထိုင်သော နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့က ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးလိမ့်မည်။ ယင်းနေရာတွင် စာရွက်စာတမ်းဖိုး မြန်မာငွေ ၃၀၀၀ ကျပ် ပေးဆောင်ရမည်။ ယင်းနောက် မြန်မာ – လ.၀.က တွင် အထွက်တံဆိပ်တုံး ထု၍၊ ထိုင်းနိုင်ငံသို့ ၀င်ပြီး ထိုင်း- လ.၀.က တွင် အ၀င်တံဆိပ်တုံး ထု ရမည်။ ယင်း တံဆိပ်တုံးတွင် တပါတည်း ၂ နှစ် သက်တမ်း နေထိုင်ခွင့် ပါဝင်ပြီး ဖြစ်သည်။ ထိုင်းလ.၀.က တွင် ဘတ်ငွေ ၂၀၀၀ ပေးရမည်ဖြစ်သည်။ ဤအဆင့်အထိ ရောက်လျှင် ထိုင်းနိုင်ငံ၌ တရားဝင်နေထိုင်ခွင့် ရပြီဖြစ်သည်။


၃။ မြန်မာနိုင်ငံကူးလက်မှတ် ရရှိပြီးနောက် ယခင်အလုပ်သမားဘတ်က သက်တမ်း ရှိနေသေးလျှင် ယင်းဘတ်ဖြင့်ပင် တရားဝင် အလုပ်လုပ်၍ ရနေနိုင်ပါသေးသည်။ ဘတ်သက်တမ်း ကုန်မည် ဆိုလျှင် ယာယီနိုင်ငံကူးလက်မှတ်ကို ပြ၍ မိမိအလုပ်လုပ်မည့် မြို့နယ်အလုပ်သမား ရုံးတွင် အလုပ်လုပ်ခွင့် ပါမစ် တင်ရပါမည်။ ယင်းအတွက် သွေးစစ်ခ ဘတ် ၆၀၀ ၊ ပါမစ်ကြေး ဘတ် ၁၉၀၀ ပေးရပါမည်။ ဤအဆင့်တွင် တရားဝင် အလုပ်ခွင့် ရပြီ ဖြစ်သည်။


(ခ) အမှန်တကယ် မဖြစ်မနေ ကုန်ကျသောငွေ

၁။ မြန်မာနိုင်ငံနယ်စပ်တွင် ယာယီမြန်မာနိုင်ငံကူးလက်မှတ်အတွက် (၃၀၀၀ကျပ်)

(ခန့်မှန်း) ဘတ် ၁၀၀

၂။ ထိုင်း- လ.၀.က တွင် ပေးရငွေ ဘတ် ၂၀၀၀

၃။ အလုပ်သမားရုံးတွင် အလုပ်လုပ်ခွင့်ပါမစ် အတွက် ဘတ် ၁၉၀၀

၎။ သွေးစစ်ခ ဘတ် ၆၀၀

၅။ အလုပ်သမားရုံးတွင် ဓာတ်ပုံ၊ စာရွက်စာတမ်းဖိုး ပေးရငွေ ဘတ် ၂၅၀

စုစုပေါင်း ကုန်ကျငွေ ဘတ် ၄၈၅၀


(ဂ) အေးဂျင့်များ၊ ပွဲစားများနှင့် ပြုလုပ်ရပုံ

ယာယီမြန်မာနိုင်ငံကူးလက်မှတ်များ လုပ်ပေးသည်ကိုကြားသိရသော အေးဂျင့်ပွဲစားများ အလျှိုလျှို ပေါ်လာကြပါသည်။ အခုအခါ အလုပ်ရှင်သူဌေးများကို ကိုယ်တိုင်အေးဂျင့်ပုံစံ လုပ်၍ တစ်ယောက်လျှင် (အလုပ်လုပ်ခွင့် ပါမစ်ကြေးမပါ) ၇၀၀၀ ဘတ်၊ ၇၅၀၀ ဘတ် ( အလုပ်လုပ်ခွင့် ပါမစ်ကြေးနှင့် သွေးစစ်ခ ပါပြီး ) ၁၀၀၀၀ ဘတ် စသည်ဖြင့် လုပ်ပေးနေပြီ ဖြစ်ပါသည်။ ယင်းအေးဂျင့် များနှင့် ပြုလုပ်လျှင် အမှန်တကယ်ကုန်ကျငွေထက် ပိုပေးရသော အားနည်းချက်ရှိပြီး၊ အချိန်ကုန် လူပန်း သက်သာခြင်း၊ လမ်းခရီးအဆင်ပြေ ချောမွေ့ခြင်း၊ အများနှင့် စုပေါင်း ပြုလုပ်ခြင်း ဖြစ်သောကြောင့် ဦးစားပေးစနစ် ရှိခြင်း၊ စီနီယာနံပတ် ရှာရ လွယ်ကူခြင်း စသော အားသာချက်များ ရှိပါသည်။ ယင်းသို့ အမှန်တကယ် ကုန်ကျငွေ ဘတ် ၄၈၀၀ ခန့် ထက် ပိုပေးရခြင်းမှာ လမ်းစရိတ်နှင့် ၀န်ဆောင်ခများအတွက် ဖြစ်သည်ဟု သိရပါသည်။


( ဃ ) ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်သူများကို အဖမ်းအဆီး တကယ်ရှိသလား

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူများကို အဖမ်းအဆီးများ ရှိနေသည်ဟု အချို့ ကောလဟလ သတင်းများ ၊ ဘလော့ဝက်ဆိုက်များတွင် ဖော်ပြနေပေသည်။ စာရေးသူ အယူအဆအရ လောလောဆယ်တွင် အဖမ်းအဆီး မရှိနိုင်ပါ။ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်၍ ထိုင်းမြန်မာအစိုးရ နှစ်ဖက်စလုံးတွင် ဖိအားပေါင်းစုံ၊ ပြဿနာပေါင်းစုံ ရှိနေရာ၊ အထူးသဖြင့် ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသား အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်များ ရှိနေပြီး၊ မြန်မာနိုင်ငံသားများအတွက် မရှိနေသေးသောကြောင့် အလုပ်ရှုပ် နေရခြင်း၊ မြန်မာအစိုးရကလည်း ၄င်းတို့အတွက် ဂုဏ်သိက္ခာများ ကျဆင်းနေသောကြောင့် အတတ်နိုင်ဆုံး ပြေလည်အောင် ဆောင်ရွက်လိုစိတ်များ ရှိနေကြပါသည်။ အဖမ်းအဆီးများရှိနေသည် ဆိုခြင်းမှာ ယခင်လူပို့၊လူယူပွဲစားများက သူတို့၏ လုပ်ငန်းခွင်စားပေါက်များ ပျောက်သွားမည် စိုးသောကြောင့် ကောလဟလများ လွှင့်နေခြင်း၊ တချို့ ထိုင်းလုပ်ငန်းရှင်နှင့် သွားစဉ် အဖမ်းခံရသည် ဆိုခြင်းမှာ နယ်စပ် ထိုင်း – လ.၀.က တွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များ ပြုလုပ်ခြင်း မရှိသောကြောင့်ဟု သိရပါသည်။ ထို့ကြောင့် အမှန်တကယ် အဖမ်းခံရသည် ဆိုလျှင်၊ သတင်းရင်းမြစ် ကို တိကျစွာလိုက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများကို တိကျစွာ သတင်းပေးသင့်ပါသည်။

(င) ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးရာ၌ အားသာချက် အားနည်းချက်များ

မြန်မာနိုင်ငံသားများအတွက် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်းသည် အမှန်တကယ် ဆိုလျှင် လွန်စွာအားပေးသင့်သောကိစ္စ ဖြစ်ပါသည်။ ထိုင်းတနိုင်ငံလုံး မည်သည့်နေရာမဆို တရားဝင် သွားလာနိုင်ခြင်း၊ အမှုအခင်းပြဿနာ တစုံတရာ ရှိလာလျှင် – ပြောဆိုလုပ်ပိုင်ခွင့် ပိုမို ရှိလာနိုင်ခြင်း စသော အားသာချက်များ ရှိပါသည်။

အားသာချက်များရှိသလို အာနည်းချက်များလည်း ရှိနေပါသည်။ အလုပ်သမားမှတ်ပုံတင်များ သက်တမ်း တိုးပြီးသည်မှာ မကြာသေးသည့်အတွက် ယခုနိုင်ငံကူးလက်မှတ်အတွက်ပါ ထပ်မံကုန်ကျမည် ဆိုလျှင် အလုပ်သမားများအတွက် ငွေကုန်ကျမှု လွန်စွာ များနေခြင်း၊ မိမိတို့ နေရပ်လိပ်စာများကို တိကျစွာပေးထားရသောကြောင့် မြန်မာပြည်တွင် ကျန်ရှိနေသော မိဘ၊ ညီအစ်ကို မောင်နှမများထံ မြန်မာအာဏာပိုင်များမှ နောက်ပိုင်းတွင် ငွေတောင်းခံ၊ ခြိမ်းခြောက်မှုများ ရှိလာနိုင်သည်ဟု စိုးရိမ်နေရခြင်း စသည်တို့ ဖြစ်ပါသည်။

( စ ) ဆက်လက်ရှိနေဦးမည့် ပြဿနာ အခက်အခဲများ


၁။ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကို သုံးနေရာသာ ထားရှိခြင်း။

၂။ ထိုင်းနိုင်ငံအစိုးရက လက်ရှိ “ဘတ်”သက်တမ်းကို ၂၀၁၀ ဖေဖော်ဝါရီလအထိသာ သတ်မှတ်ထားခြင်း။

၃။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာစစ်အစိုးရဥပဒေနှင့် ဆန့်ကျင်ဘက်ရှိထားသူများ
အနေဖြင့် မိမိတို့နေရပ်လိပ်စာကို ပေးဖို့ရန် ဆန္ဒမရှိခြင်း။

နံပတ် ၁ ပြဿနာအတွက် ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ကို ၃ နေရာသာ ထားရှိခြင်းကြောင့် တစ်လကို လူအရေအတွက် ၁ သောင်း လောက်သာ လုပ် ပေးနိုင်သည် ကို တွေ့နေရပေသည်။ နံပတ်၂ ပြဿနာအတွက် ထိုင်းနိုင်ငံအစိုးရကလည်း လက်ရှိ မြန်မာအလုပ်သမားများ ကိုင်ဆောင်ထားသော ဘတ်သက်တမ်းကို ၂၀၁၀ ဖေဖော်ဝါရီလ အထိသာ သက်တမ်း ကုန်ဆုံးရက် သတ်မှတ်ထားသောကြောင့် ထိုင်းနိုင်ငံတွင် လက်ရှိ ရှိနေသော မြန်မာ အလုပ်သမား ၁ သန်းကျော်၊ ၂ သန်း ခန့်အတွက် မည်သို့မျှ အချိန်မီ ဆောင်ရွက်နိုင်ဖို့ရန် မဖြစ်နိုင်ပေ။

နံပတ် ၃ ပြဿနာအတွက် ကလည်း စဉ်းစားစရာ ကိစ္စဖြစ်ပေသည်။ မြန်မာနိုင်ငံတရားဥပဒေသည် လူအများ ဥပဒေချိုးဖောက်သူများအဖြစ်သို့ ဆွဲချရန် အလွန်လွယ်ကူအောင် ပြုလုပ်ထားသော ဥပဒေများ ဖြစ်နေပေရာ၊ နိုင်ငံရေးအရ၎င်း ရာဇ၀တ်မှုများ အရ၎င်း၊ ဥပဒေနှင့်ဆန့်ကျင်ထားသူများ ရှိနေပေရာ၊ ယခင်က ထိုသူများသည် မိမိတို့၏ နေရပ်လိပ်စာများ အဆင်ပြေသလိုလွဲမှားပေးလို့ ရနေသော်လည်း၊ ယခု မိမိတို့နေရပ်လိပ်စာကို တိကျစွာပေးရမည့် အခြေအနေများ ဖြစ်လာသည့်အခါ လုံးဝဆန္ဒရှိကြမည် မဟုတ်ပေ။ ၄င်းတို့အနေဖြင့် ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးမည့်အခြေအနေကို ကန့်ကွက်တားဆီးသည့် အခြေအနေမျိုးပင်ဖြစ်လာနိုင်ပေသည်။

အင်တာနက်စာမျက်နှာတခုတွင် တွေ့ရသည်မှာ ယာယီနိုင်ငံကူးလက်မှတ် လုပ်ပြီးသူများ၏ ပတ်စပို့ကို အလုပ်ရှင်သူဌေးက သိမ်းယူထားကြောင်း သိရပါသည်။ ယင်းကိစ္စမှာ တရားမ၀င်ကိစ္စ ဖြစ်ပါသည်။ အလုပ်ရှင်သူဌေးများအနေဖြင့် အလုပ်သမား၏ နိုင်ငံကူးလက်မှတ်ကို သိမ်းယူခွင့်မရှိပါ၊ မိမိတို့ကိုယ်တိုင် ကြောက်ရွံ့ညံ့ဖျင်းစွာ မပေးမိဖို့ လိုသလို၊ အဓမ္မသိမ်းယူလျှင် တရားစွဲခွင့် ရှိပါသည်။ သက်ဆိုင်ရာအဖွဲ့အစည်းများကို တိုင်ကြားနိုင်ပါသည်။

နိဂုံး သုံးသပ်ချက်

မြန်မာအစိုးရနှင့် အလုပ်သမားများအကြား ယာယီမြန်မာနိုင်ငံကူးလက်မှတ် လုပ်ငန်းစဉ် နှေးကွေးနေရခြင်း၏ အဓိကအကြောင်းမှာ တဦးအပေါ်တဦး မယုံကြည်ခြင်းသည် အဓိကပြဿနာ ဖြစ်နေပါည်။ တချို့က မြန်မာအစိုးရအာဏာပိုင်များကို ထိုင်းနိုင်ငံအတွင်းသို့ ဖိတ်ခေါ်၍ ပြုလုပ်ဖို့ရန် ဆွေးနွေးကြသည်များ ရှိပါသည်။ မြန်မာအာဏာပိုင်များကလည်း စိတ်ဝင်စားကြပါသည်။ ယင်းသို့ဆိုလျင် မြန်စွာစိစစ် အတည်ပြု ပြီးစီးနိုင်မည် ဖြစ်သည်။

သို့သော် မြန်မာအာဏာပိုင်များကို မကျေနပ်ချက်အားကြီးသူများ၏ ဆန္ဒပြမှာ၊ လုံခြုံရေးအန္တရာယ်ပြုမှာကိုတော့ သူတို့ ကြောက်ရွံ့ကြပါသည်။ ထို့ကြောင့် ယင်းအစီအစဉ် အကောင်အထည် မပေါ်ဖြစ်ခဲ့ကြောင်း သိရပါသည်။

အာဏာပိုင်များက အလုပ်သမားများကို ယင်းသို့သံသယစိတ် ရှိသည့်နည်းတူ အလုပ်သမားများကလည်း သူတို့၏နေရပ်လိပ်စာများ အမှန်တကယ် ပေးလိုက်ပြီး၊ နိုင်ငံကူးလက်မှတ်လုပ်သည့် နောက်ပိုင်းတွင် မြန်မာပြည်တွင် ကျန်ရှိသောမိသားစုများကို အာဏာပိုင်များက ခြိမ်းခြောက်၊ အကျပ်ကိုင်မှာ၊ ငွေကြေး အဓမ္မကောက်ခံမှာကို ကြောက်ရွံ့ စိုးရိမ်သော သံသယများ ရှိနေခြင်းကြောင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းကို တွန့်ဆုတ်နေခြင်းများလည်း ရှိနေကြပါသည်။

အထက်ပါ သံသယများကို ဆန်းစစ်ကြည့်လျှင် အဓိကတာဝန်ရှိသူမှာ မြန်မာအစိုးရ ကိုယ်တိုင် ဖြစ်နေသောကြောင့် ယာယီနိုင်ငံကူးလက်မှတ် အမြန်ပြီးစီးအောင်မြင်စေလိုလျှင် တာဝန်ခံမှု၊ ပွင့်လင်းထင်မြင်သာရှိမှုများဖြင့် သတင်းအချက်အလက် ထုတ်ပြန်ဖို့ လိုအပ်မည် ဖြစ်ပေသည်။

အထက်ပါ မြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်ရေး အစီအစဉ်များကို အသေးစိတ်သိရှိလိုပါလျှင် အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။


E mail– gldn12@gmail.com

Phone 0854080850 , 0867560835


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts