>Thit Kaung Eain – Sushi Poem 2

>

ဆူရှီသမား လိပ်တဲ့ ကဗျာ – ၂

သစ်ကောင်းအိမ်

မတ် ၇၊ ၂၀၀၉

အီရတ်မှာ
သမ္မတကြီး ဘုရှ်
ဖိပ်နပ်ပေါက်ခံရတုံးကလည်း လိပ်ခဲ့တယ်။


ဝါရှင်တန်ဒီစီမှာ ဘားရက်အိုဘားမားနဲ့
ဒေါ်မေငြိမ်း ဓာတ်ပုံတွဲရိုက်တော့လည်း
လိပ်ခဲ့တယ်။


လိပ်ခဲ့တယ်
မြောက်ကယ်လိုရိုင်းနားမှာ လိပ်ခဲ့တယ်
ဝက်စ်ဗာဂျီးနီးယားမှာ လိပ်ခဲ့တယ်
ကယ်လီဖိုးနီးယားမှာ လိပ်ခဲ့တယ်

လိပ်တယ်
ပက်လက်လှန်ထားတဲ့ လိပ်တကောင်လို
ယက်ကန်ယက်ကန် လိပ်တယ်

လိပ်တယ်
ဇက်ကြိုးဆောင့်ဆွဲခံရတဲ့ မြင်းတကောင်လို
ပတပ်ရပ်ပြီး လိပ်တယ်

လိပ်တယ်
ငါးပိသွားကိုင်မိတဲ့ မျောက်တကောင်လို
ပျာယာခတ်တောက်လောင်ပြီး လိပ်တယ်

အလိပ်ထဲ လိပ်စာတွေပျောက်နေတယ်
အလိပ်ထဲ တောတွေမှောက်နေတယ်

လိပ်တယ်
မိုင်ပေါင်းသောင်းချီဝေးတဲ့ အဝေး
ဖုန်းထဲက သားလေးပေးတဲ့ မွှေးမွှေးကို

လိပ်တယ်
ကောင်မလေးအေးရဲ့
ညာနားရွက်နောက်က အသားပိုလေးကို

လိပ်တယ်
ပွဲလန့်ချိန် ဖျာလိပ်ထမ်းစောင့်နေတဲ့
ငနဲတွေကိုလိပ်တယ်

မျက်နှာဖြူတွေတိုင်းပြည်မှာ
မျက်ဖြူလန်ပြီးလိပ်တယ်

မိုးလင်းထဲက စဉ်းစားမိတာ လိပ်ဖို့ပါပဲ
လိပ်မှာပဲ လိပ်မှာပဲ
ငါ့ကို လာလာ မတားနဲ့ …
အဲလက်စ်ရဲ့စားမှာပဲ … သီချင်းကို ကော်ပီလုပ်ဆိုရင်း
လိပ်တယ်

ဘယ် လျှောက်လည်နေသလဲ
လိုက်ရှာတော့
ခွေးအိုကြီးတကောင်ရဲ့ ခြေရင်းမှာ
ဝပ်ဆင်းနေတဲ့ ၀ဋ်ကို လိပ်တယ်

အလိပ်ထဲ လိပ်ဝင်နေတဲ့ နေ့ ညတွေ
အလိပ်ထဲ လိမ့်ဆင်းနေတဲ့ သွေးချွေးတွေ

ဝရုန်းသုန်းကား ထိုးရပ်နေတဲ့
ယန္တရားအိုကြီး တလုံးထဲ
အရစ်ပြုန်းတဲ့ အထိ
လည်ပင်းညှစ်ခံရတော့မယ့် ၀က်အူတလုံး
ငါ့မှာ မအိပ်ခင် လိပ်ရဦးမယ့် ခရီးတွေနဲ့

ငွေတန်းစစ်မျက်နှာ တနေရာမှာ
ရွပ်ရွပ်ချွံချွံ ငါ လိပ်ခဲ့ပါတယ်။ ။

(၄ရက် ၊ မတ်၊ ၂၀၀၉)

ကာတွန်းပုံ – http://compete-tee-tion.blogspot.com/2008_01_01_archive.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts