>Moe Sel Nay – Ma Hin Thar Poem

>

လရောင်ကိုမွေးတဲ့အမေ (သို့) မဟင်္သာ

မိုးစဲနေ

အောက်တိုဘာ ၁၊ ၂၀၀၉

၁။
မဟင်္သာရယ်
အချစ်ဆိုတာ လရောင်ကိုမွေးတဲ့အမေ
ဓါးတလက်ကို ရိုက်ချိုးတဲ့ ပန်းတခင်း
လူပြောသူပြောများပြီး စားရခဲတဲ့ သစ်သီး
ရာဇ၀င်အဆက်ဆက် တော်ကောက်ခံရတဲ့
အကျဉ်းစံမိဘုရား ...
ဘာပဲဖြစ်ဖြစ်
ကျနော်မဟင်္သာကို ချစ်ပါတယ် မဟင်္သာ။

၂။
မဟင်္သာရယ်
မဟင်္သာက စစ်ပွဲထဲက
နိုင်ပွဲဆက်ခဲ့တဲ့ သူရဲကောင်းဆိုရင်
မဟင်္သာကို ကာကွယ်ပေးနိုင်တဲ့
ချပ်ဝပ်တန်ဆာလေးပဲ ဖြစ်ချင်ပါတယ် မဟင်္သာ
မဟင်္သာရဲ့ မြင်းတစင်း
မဟင်္သာရဲ့ မြားတစင်း ဖြစ်ခွင့်ပေးပါ မဟင်္သာ
ကျနော်ရဲ့နိုင်ငံတော်ကို အပြီးသိမ်းပိုက်ပါ မခင်ဟင်္သာ။

၃။
မခင်ဟင်္သာ
မခင်ဟင်္သာရဲ့ အကြည့်တချက်
မခင်ဟင်္သာရဲ့ ပါးပြင်ပေါ်က ပါးချိုင့်လေး
မခင်ဟင်္သာရဲ့ နံနက်ခင်း
မခင်ဟင်္သာရဲ့ ဇနပုဒ်
မခင်ဟင်္သာရဲ့ ရယ်သံသဲ့သဲ့
မခင်ဟင်္သာရဲ့ တောင်ယာတခင်းနဲ့
သံသရာကို ကျနော် ဟားတိုက်ပစ်လိုက်နိုင်တယ် မဟင်္သာ။

၎။
မခင်ဟင်္သာ ရယ်
တကယ်တော့ ချစ်ခြင်းတခုထဲနဲ့ ပိုနီးစပ်စရာ
ဘာများ ရှိတော့ဦးမှာလဲ မခင်ဟင်္သာ။
ကျနော် မခင်ဟင်္သာကို
တောင်ပေါ်မှာဆင်တဲ့ လေနီကြမ်းလို
ခု လွမ်းနေပါတယ် မဟင်္သာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts