>mar mar aye 285

>

ပြောပြစရာတွေလဲ တပုံကြီး ရှိပါသေးတယ် အမှတ်(၂၈၅)

ချစ်သမျှကို
မာမာအေး
စက်တင်ဘာ ၁၃၊ ၂၀၀၉

(by Min Kyaw Khaing)

“- – သနားစရာ မြတပါး နောင်ဘဝများမှာ
အာဏာရှင် ပလ္လင်မက်တဲ့ ကြင်ဖက်နဲ့ ဝေးတော်မူပါစေ
– – ”

သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ရှေ့က အစီအစဉ်မှာ ချစ်သမျှကို ပတ်ပျိုးလေးထဲက ဒီကနေ့ အထိ စံပြုနေကြတုန်း၊ သုံးနေကြတုန်း ဖြစ်တဲ့ သီချင်းပိုဒ်ကလေးတွေကို ကောက်နှုတ် ပြောပြနေတာပါ။ သီကုံးဖွဲ့နွဲ့ ရေးခဲ့တဲ့ မမြကလေးရဲ့ စာကဗျာတွေက ရိုးရိုးရှင်းရှင်း ချစ်ဖူးသူတို့ ရင်တွင်းရှိတာ ပြန်ပေါ်လာစေတဲ့ သတ္တိ အထူး ရှိနေသလိုဘဲ ရှင့်။ မာအေးကတော့ သခင်မ ရေးတဲ့ နောက်ဆုံးက သဖြန်စာ သည်သမုဒယာကြောင့်မို့ မဟာဘုရင် ရွှေစိတ်ကောင်း ဝင်ရှာတယ် မှတ်တာဘဲ။

xxx ချစ်ခြင်းငယ် ပြိုင် မြစ်မင်းပိုင်အဏ္ဏ၀ါက ပြန်တစ်ရာကဲ xx ယွင်းစေဝသုန်၊ ငွေဝန်း သော်တာယုန်သို့ ကမ္ဘာကုန် ကျယ်သရွေ့ငယ်မှာ ဘယ်မေ့လိမ့်လဲ xx (ချစ်သမျှကို-သဖြန်)

အနောက်နန်းမတော်ဘုရားဟာ သီချင်းအစမှာ မြင့်မိုရ်တောင်တို့၊ သီတာရေတို့နဲ့ပမာဟပ် ကမ္ဘာကပ်လုံး သူ မမုန်းနိုင်ပါဘူး ဆိုတဲ့ အကြောင်း နိဒါန်း ပျိုးထားတာနဲ့ အညီ၊ အခု သဖြန်အကျ သီချင်း ချတဲ့အခါ ပိုင်ပိုင် နိုင်နိုင် ချစ်ခြင်း ပြိုင်ပြလိုက်တာကို ကြည့်အုန်း။ ‘အဏ္ဏဝါမြစ်ရေသဖွယ် – အပြန်တစ်ရာ ချစ်နေမယ်’ ဆိုဘဲ။

နဘေထပ်ထားပုံကလဲ ‘ကမ္ဘာကုန်ကျယ်သရွေ့’ ကို ‘ဘယ်မေ့’ ဆိုတာနဲ့ ထပ်စပ်လိုက်တာ မလှဘူးလားရှင်။ ပြီးတော့ လဝန်းထက်က ယုန်ကလေးနဲ့ ပုံဆောင်ခိုင်းထားသေးတယ်လေ။ သခင်မပြတဲ့ အဓိပ္ပာယ် ‘ဘာ’ ဆိုတာ နှောင်းလူတို့ အတွက်ပါ ပြောချေဦးမှပါနော်။

လိုရင်း တိုရှင်း ပြောပြရရင်၊ အဲဒီ ငွေလဝန်းကြီးမှာ ပေါ်နေ မြင်နေရတဲ့ ‘ယုန် ပုံရိပ်လွှာ’ ဟာ၊ ငါးရာ့ငါးဆယ် နိပါတ်တော်လာ ဘုရားလောင်း ပညာရှိ ယုန်မင်း ပုံတော်ပါ ရှင်။

တခါတုန်းက ယုန်ပညာရှိဟာ သူ့အဆွေခင်ပွန်းများ ဖြစ်ကြတဲ့ – မျောက်၊ မြေခွေးနဲ့ ဖျံကလေး တို့ကို အလှူ ပေးအပ်တယ်၊ သီလ ဆောက်တည်အပ်တယ်၊ ဥပုသ်လဲ စောင့်အပ်တယ် လို့ ဟောပြောတယ်။ သီလဆောက်တည်ပြီး လှူတဲ့ အလှူဟာ အကျိုးကြီးတယ် တဲ့။ နောက်နေ့ဟာ ဥပုသ်နေ့မို့ အလှူခံ လာသူတို့ကို လှူဖို့ရာ မျောက်က သရက်သီးခိုင်နဲ့ ဖျံက ငါးကြင်း (၇) ကောင်နဲ့၊ မြေခွေးက အမဲတံစို့ ဖွတ်ကင်နဲ့ နို့ဓမ်းအိုးတွေနဲ့ သီလစောင့်ရင်း အလှူခံကို မျှော်ကြတယ်။ ယုန်ရဲ့ အဟာရက မြက်ဖြစ်နေတာမို့ တကယ့် အလှူခံလာရင် ကိုယ့်အသားကို လှူမယ်လို့ ကြံစည်တာကိုး။ သိကြားမင်းက သိသွားတဲ့အတွက် ပုဏ္ဏားယောင်ဆောင်ပြီး အလှူခံခဲ့တာ ယုန်မင်းအလှည့် ရောက်တော့၊ ပုဏ္ဏား ပါဏာတိပါတကံ မထိုက်ဘဲ ရဟန်းတရား ကျင့်နိုင်အောင် တဲ့၊ မီးပဲ အဖို ခိုင်းပြီးတော့ သူ့ကိုယ်ကို မီးကျီးထဲ ခုန်ချစီရင် ကျက်အောင်ကင်တဲ့ အလှူမျိုး လှူတာပါ။ ဘုရားအလောင်းတော်ရဲ့ ပါရမီကြောင့် မီးစွဲမလောင်နိုင်ခဲ့ပါဘူး ရှင်။ ဒီအခါ ပုဏ္ဏားက သိကြားမင်းပါ၊ အလှူစုံစမ်းဘို့ လာတာ လို့ ဆိုတော့ တလောကလုံးက အလှူခံသည် ဖြစ်စေ မလှူလိုဘူးဆိုတာ မရှိပါဘူးလို့ ယုန်မင်းက ပြန်ပြောတာမို့ သက်စွန့် အလှူရှင် ယုန်မင်းအရုပ် တောင်ဆီနဲ့ ရေးဆိုးခဲ့တာ ဘိုးတော်သိကြားမင်းပါ၊ ကပ်ကမ္ဘာဆုံး တည်နေမှာပါတဲ့ ရှင်။ ဗုဒ္ဓအရှင် ဟောကြားတဲ့ ‘သသပဏ္ဍိတ ဇာတ်တော်ထဲက ယုန်မင်း’ အကြောင်းပါဘဲ။

ကဲ ဒါဆိုသဘောပေါက်တော့ပေါ့ ချစ်ဆွေတို့ရယ်။ ငွေဝန်းလထဲက ယုန်ကလေး တသက်တာ မပျက်ရှာတော့သလို ‘ကမ္ဘာတည်မယ့် သူ့အချစ်ပါ’ ပေါ့နော်။ နိပါတ်တော်လာ ပုံပမာ ပေးပြီး ရေးစွမ်းနိုင်တာ အဲဒီခေတ် မိန်းမသားများမှာ ခပ်ရှားရှား နေမှာပါ။ တနယ်ထဲသူချင်းမို့ ဂုဏ်တင်တာမျိုးဖြစ်မယ် ဆိုလဲ ခွင့်လွှတ်လိုက်ပေါ့ ရှင်။ ဒီသီချင်းရဲ့ ဂုဏ်အင်ကြောင့် အရှင်မဟာ ကြေးတိုက်က လွတ်မြောက်ခဲ့တာကတော့ အမှန်ဘဲရှင်။ ဒါကြောင့်လဲ ထူးထူးကဲကဲ ရင်ထဲ ကျန်ရစ်နေတာ ထင်ပါရဲ့ရှင်။

ဒါပေမယ့်လဲလေ ‘ချစ်သမျှကို’ တေးဂီတရဲ့ အဖေးအမကြောင့် နန်းမ နောက်ဆောင်အတွင်း ငွေသော်တာလင်းသလို ခံစားရင်း စာစီကုံး နေရှာတဲ့ မြဂမုန်းခမျာမှာ ‘ဘုရင် မမုန်းပါလား’ မလို မတရား မဖုရားတို့က ကိုယ်တော်ဖျားတို့က အာဃာတထား ရှို့ကြ မြိုက်ကြ၊ မွှေနှောက် တိုက်ခိုက်ကြတဲ့ ဒဏ်က ရာဇဝတ်တော်ကံ ကျမြန်းစေခဲ့ပါတယ်။ သတင်းကတော့ ပြည် မင်းသားနဲ့ နှလုံးမယွင်း ပုန်ကန်လိုခြင်း မယ်မင်းမြမြ ရှိခဲ့ပါသတဲ့။

ပြည်မင်းသားဟာ မိထွေးတော်တဲ့ အနောက်နန်းမိဖုရား နဲ့ ဂီတဝါသနာတူလို့ ယူဆပါတယ် ရှင်။ သူရေးတဲ့ ‘အို ကမ်းလေ ရေယမုန်’ အစချီ မိုးဘွဲ့ ပတ်ပျိုးလေးတပုဒ် တွေ့နေရလို့ ဖြစ်ပါတယ်။ မင်းကြီး ထွက်ချီတော်မူရာတိုင်းမှာလဲ ပွဲသဘင် အမြဲ ခင်းကျင်းတဲ့ အကြောင်း ပါရှိတာမို့ အဆက်အသွယ် ရှိနိုင်ပါတယ်။ ဘုရင်မင်းကြီးဟာလဲ အဲဒီအချိန်မှာ မကျန်းမမာကြောင်း သိရှိရပြီး မိဖုရားခေါင် ပဒုမာဒေဝီကြီး ရဲ့ သားနန်းလျာ ပုဂံမင်းသားထံ အပ်နှံ စစ်ဆေးစေတဲ့ လျှောက်ထားချက်များ အရ ပြည်မင်းသားနဲ့ သားတော် လေးယောက်၊ နောက်ပါ ဝန်စာရေးများပါ မကျန်၊ ထုံးစံနဲ့ အညီ စီရင်ခဲ့ပါတယ်။ အနောက်နန်းမတော် မမြကလေးနဲ့ အတူ မယ်တော် မယ်အိ တို့ကိုလဲ အမရပူရ အနောက်မျက်နှာ သရက်တပင် သင်္ချိုင်းမှာ ထုံးစံနဲ့ အညီ စီရင် ဖျောက်ပစ်လိုက်တယ် တဲ့။ သနားစရာ မြတပါး နောင်ဘဝများမှာ အာဏာရှင် ပလ္လင်မက်တဲ့ ကြင်ဖက်နဲ့ ဝေးတော်မူပါစေ ဘုရား။

xxx ဝဠာတခွင်မှာလေ၊ ရာဇဝင်တွေရိုင်း ပြီးတော့ တပိုင်းတစစီသာကျန် ပဉ္စင် ကျုံးမြောင်းတို့ မကျန်၊ မန္တလေး လုံချည် ပိုးလုံချည်တွေ ထွက်တဲ့၊ ၎င်းအထက် တနေရာမှာတော့ တဘောင်ကြို့တဲ့၊ ‘တောင်မြို့’ လို့ ခေါ်ပါသတဲ့။ စခန်းငယ်သာ လွမ်းဖွယ်ရာ အမှန် နှစ်ပေါင်း တစ်ရာကျော်ပြန်၊ အင်းကြီး တောင်သမန် xxx စံတော်ရာ နတ်တို့ပြည် သကန်၊ ရာဇဝင်ကို ကြည့်လိုက်တော့ အမှန် ဧကန်၊ သန်းကောင်ကျော်ရင် နတ်စည်မောင်းသံ ကြားတယ်၊ ကြားတယ်၊ ကြားရတယ် ရှင့် တောင်ကြီး တောင်သမန် xxx (ရွှေအင်းတောင်သမန်မှ)

[ မူရင်း – ဘီဘီစီ၊ မြန်မာဌာန ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts