>US man arrested for entering Daw Suu home

>

ဒေါ်စုအိမ်သို့ လျှို့ဝှက် သွားရောက်ပြီး ၃ ရက်ကြာ နေထိုင်ခဲ့သူ အမေရိကန်နိုင်ငံသား ဖမ်းဆီးခံရ
အေပီသတင်းဌာန
မေ ၇၊ ၂၀၀၉
အင်းလျားကန်တဘက်ကမ်းမှ ဒေါ်စု၏အိမ်သို့ လှမ်းမြင်ရသောပုံ (ဓာတ်ပုံ-AFP)

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို ဖမ်းဆီးလိုက်သည်ဟု သတင်း ထွက်လာပြီးနောက် အာဏာပိုင်တို့က ဒေါ်စု၏ အိမ်ပတ်ဝန်းကျင်ကို လုံခြုံရေးရဲတပ်သား အများအပြား ချထားလိုက်သည်။

ဒေါ်စု၏ အိမ်အတွင်းသို့ ရဲအယောက် ၂၀ ကျော် ၀င်ရောက်သွားသည်ဟု အိမ်နီးချင်းများက ပြောပြသည်။ ဒေါ်စု၏ အိမ်အနီးတ၀ိုက်တွင် လုံခြုံရေး အထူး တင်းကြပ်ထားသော်လည်း ရဲတပ်ဖွဲ့ဝင်များ နေအိမ်ခြံဝင်းအတွင်းသို့ ၀င်ရောက်ခဲသည်ဟု သိရသည်။ ဒေါ်စုသည် ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကြာ နေအိမ် အကျယ်ချုပ် ကျခံနေရသူ ဖြစ်သည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားချက်အရ အမေရိကန်နိုင်ငံသားတယောက်သည် ဒေါ်စုအိမ်မှ အပြန်တွင် အင်းလျားကန်အတွင်း ယမန်နေ့နံနက်က အဖမ်းခံရသည်ဟု ဆိုသည်။

သတင်းစာ၏ အဆိုအရ အဆိုပါ ပုဂ္ဂိုလ်သည် John William Yeattaw ဆိုသူ ဖြစ်သည်။ သူနှင့် ပတ်သက်ပြီး အသေးစိတ်ကို ဖော်ပြခြင်း မပြုပေ။ မေလ ၃ ရက်နေ့ ညတွင် ဒေါ်စု၏ နေအိမ်သို့ ရေကူးပြီး သွားရောက်ခဲ့ကြောင်း၊ မေလ ၅ ရက်နေ့ ညတွင် ရေကူးပြီး ပြန်စဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း ၀န်ခံခဲ့သည်ဟု ဆိုသည်။

“နေအိမ်အတွင်းသို့ တိတ်တဆိတ် လျှို့ဝှက် ၀င်ရောက် နေထိုင်ခဲ့ကြောင်း” ဟု သတင်းစာတွင် ဖော်ပြထားသည်။ ၅ လီတာဝင် ရေဘူးတခု၏ အကူအညီဖြင့် အင်းလျားကန်တွင် ကူးခပ်ခဲ့သည်ဟု ဆိုသည်။

ကမ္ဘာလှည့် ခရီးသွား ဗီဇာဖြင့် ရန်ကုန်သို့ ရောက်ပြီး နောက်တနေ့တွင် ဒေါ်စု၏ အိမ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရဲတို့က သူ့ထံမှ အမေရိကန် ပတ်စ်ပို့၊ အနက်ရောင် ကျောပိုးအိတ် တလုံး၊ ဓာတ်မီးတလက်၊ ခေါက်ပလာယာတလက်၊ Cannon ကင်မရာတလုံး၊ အမေရိကန် ဒေါ်လာ ၁ဝဝ တန် နှစ်ရွက်၊ မြန်မာငွေ ကျပ် ၁ဝဝဝ တန် ၉၃ ရွက် တို့ကို သိမ်းဆည်းရမိခဲ့သည် ဟု သတင်းစာက ဆိုသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရ အရာရှိက အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်သည်ဟု ပြောသည်။

“သံရုံးကို အာဏာပိုင်တွေက အကြောင်း မကြားသေးပါဘူး၊ ဒါကြောင့် ကျနော်တို့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာမှ မသိသေးပါဘူး” ဟု ပြောခွင့်ရ အရာရှိ Richard Mei က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သည် အစောင့်အကြပ် ထူထပ်စွာ ချထားလေ့ရှိသည်။ မိသားစုဆရာဝန်မှအပ ဧည့်သည် ၀င်ခွင့် မရှိပေ။

ဒေါ်စု၏ အိမ်သို့ ရေကူး၍ သွားရောက်နိုင်ခြင်းမှာ ယခုအကြိမ်သည် ပထမဦးဆုံး အကြိမ် ဖြစ်သည်။ ဒေါ်စုအိမ်အနီးရှိ အင်းလျားကန် ရေပြင်တွင် ရေကူးခွင့် တားမြစ်ထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts