>Economic Sanction Excuse and Burmese Junta

>

စီးပွားရေးပိတ်ဆို့မှု ဆင်ခြေ နဲ့ ဒါ … ဒို့ ဗမာစစ်အစိုးရ

လမ်းပေါ်က အိုင်တီကိုကို

စက်တင်ဘာ ၆၊ ၂၀၀၉

အခုတလော အမေရိကန်နိုင်ငံက အမတ်မင်း ဂျင်ဝက် မြန်မာပြည်ကိုလာ၊ တပ်ချုပ်ကြီးနဲ့တွေ့၊ ယက်ထောကို ကယ်ထုတ်တာရယ်။ အိုဘားမားအစိုးရက မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ ပေါ်လစီ ကို ပြင်မယ်၊ ပြောင်းမယ်၊ အသံဟစ်တာရယ် နဲ့ ပွဲဆူနေလို့ ဒီဆောင်းပါးလေး ရေးလိုက်မိတာပါ။

အမေရိကန်က ဘာကြောင့် မြန်မာနိုင်ငံ ကို စီးပွားရေး ပိတ်ဆို့သလဲ ဆိုရင် သူစီးပွားရေး လုပ်လို့ မရလို့ပါ။ ၁၉၈၈ စစ်အစိုးရ အာဏာသိမ်းပြီးတော့ ပထမဆုံး ဝင်လာလိုက်တာ အမေရိကန် ကုမ္ပဏီတွေချည်းပါပဲ။ ဂျပန် နဲ့ အင်္ဂလန် ဆိုတာ သူ့နောက်ကမှပါ။ အာဏာသိမ်း စစ်အစိုးရ ကို မထောက်ခံဘူး ဆိုရင် အဲဒီ ကတည်းက လာစရာ အကြောင်း မရှိပါဘူး။

ဝင်လာပြီး ၃ – ၄ နှစ် ကြာတော့ မြန်မာနိုင်ငံရဲ့ ကြိုးနီ စနစ်ပေါ်ကို အခြေခံပြီး လုပ်စားနေတဲ့ ဗိုလ်ချုပ်တွေရဲ့ ဒဏ်ကို မခံနိုင် လို့ သူ့ကုမ္ပဏီတွေ တဖြည်းဖြည်း ထွက်ကုန်တော့ စီးပွားရေးပိတ်ဆို့မှု စ ပါတယ်။

ဘယ်သူ့ကြောင့် တိုင်းပြည် မတိုးတက်ဘူး ဆိုတာ ဦးနေဝင်းလက်ထက် ကတည်းက စ လာခဲ့တဲ့ လက်ညှိုးထိုးမှပါ။ ဦးနေဝင်းလက်ထက် က ဗကပ နဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေ ကို အပြောင်မရှင်းဘဲ၊ သူတို့ကြောင့် တိုင်းပြည် မတိုးတက်ဘူး ဆိုပြီး လက်ညှိုးထိုးတယ်။ ၁၉၈၈ နောက်ပိုင်း ကြတော့ NLD ကို လက်ညှိုးထိုးတယ်။ ၁၉၉၅ – ၉၆ နောက်ပိုင်း အမေရိကန် က စီးပွားရေး ပိတ်ဆို့မှု စ တော့ အမေရိကန်ကို လက်ညှိုးထိုးတယ်။ အမေရိကန်က စီးပွားရေး ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှု လုပ်မှ တိုင်းပြည် ချမ်းသာမယ် ဆိုရင် ဒါဟာ ပြည်ပ အားကိုး တာပါပဲ။

စစ်အစိုးရ လက်ထက်မှာ ပြစရာ နမူနာတွေ အများကြီးပါ။ ၁၉၉၀ ပြည့်လွန်နှစ် တွေ က မြန်မာ့မီးရထားမှာ ဝန်ကြီး ဦးဝင်းစိန် လက်ထက်၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ဆိုပြီး ပုဂ္ဂလိက ကုမ္ပဏီတွေ ကို လုပ်ပိုင်ခွင့်တွေ ပေးခဲ့ပါတယ်။ MFF တို့ ဒဂုံမန်း တို့ပေါ့။ ဦးဝင်းစိန်လဲ ပြုတ်ရော၊ ပုဂ္ဂလိက ကုမ္ပဏီတွေဆီက အကုန်ပြန်သိမ်းပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေ ရှိစဉ်က လက်မှတ်ဝယ်ရတာ၊ တွဲသန့်ရှင်းရေး တော်တော် ကောင်းပါတယ်။ အဲဒါ အမေရိကန် ရဲ့ စီးပွားရေးပိတ်ဆို့ မှုနဲ့ မဆိုင်ပါဘူး။

၁၉၉၅-၂၀၀၃ ခုနှစ် အတွင်းမှာလည်း ပြည်တွင်း ဘဏ်လုပ်ငန်းတွေ အရမ်းကို တိုးတက်လာပါတယ်။ ပြည်တွင်းမှာ ခရက်ဒစ်ကတ် တွေ တော်တော် တွင်ကျယ်နေပါပြီ။ ငွေလွဲဆိုတာလဲ မိနစ်ပိုင်း အတွင်းနဲ့ ပြီးပါတယ်။ ၂၀၀၃ ခုနှစ်မှာ စပြီးတော့ အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ ဘဏ်တစ်ခုပြီး တစ်ခု ရှင်းပစ်ပါတယ်။ စည်းကမ်းမရှိရင် စည်းကမ်း ထိန်းရမှာပါ။ ဘဏ်တွေ ကို ကြည့်ကြပ်ဖို့ ဗဟိုဘဏ်ရှိပါတယ်။ မကြည့်ကြပ်ဘဲနဲ့ ပြဿနာ ဖြစ်လာတော့မှ ဖျက်သိမ်းပစ်တာ ဘာနဲ့ တူသလဲ ဆိုတော့ သားသမီးကို လိမ္မာအောင် မဆုံးမပဲ မိုက်လို့ သတ်ပစ်တာနဲ့ တူပါတယ်။ အဲဒါလဲ အမေရိကန် ရဲ့ စီးပွားရေးပိတ်ဆို့ မှု နဲ့ မဆိုင်ပါဘူး။

၂၀၀၀ ခုနှစ် ဝန်းကျင်က ဂျပန်နိုင်ငံက အာဂျီနိုမိုတို (အချိုမှုန့်) စက်ရုံ လာတည်ဆောက်ပါတယ်။ စက်ရုံ ဆောက်တုန်းက ခွင့်ပြုပြီးတော့ စက်လည်ခါနီးတော့ အချိုမှုန့် က ကျန်းမာရေးနဲ့ မညီညွတ်လို့ဆိုပြီး ခွင့်မပြုပါဘူး။ အဲဒီနောက်ပိုင်း ဂျပန် ကုမ္ပဏီတွေ အချင်းချင်း လက်တို့ပြီး မြန်မာနိုင်ငံမှာ စက်ရုံဆောက်ဖို့ လက်တွန့် ကုန်ပါတယ်။ အဲဒါ အမေရိကန် ရဲ့ စီးပွားရေးပိတ်ဆို့မှု နဲ့ မဆိုင်ပါဘူး။

နမူနာတွေ ရေးရရင် အများကြီးပါ။ မိုးမခ စာမျက်နှာတွေ အကုန် ပြည့်ကုန်ပါလိမ့်မယ်။

အမေရိကန် က သူစီးပွားရေးလုပ်လို့ ရရင် စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းမှာပါ။ ဗီယက်နမ် ကို နမူနာ ကြည့်ပါ။ ဗီယက်နမ်က တံခါးဖွင့် စီးပွားရေး နဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု တွေလဲ အလုပ်ဖြစ်ရော အမေရိကန်က ပိတ်ဆို့မှုတွေ ရုတ်သိမ်းပြီး သွားရင်းနှီးမြုပ်နှံတာပါပဲ။

အမေရိကန်က မြန်မာပြည်မှာ စီးပွားရေးလုပ်လို့ မရတဲ့အတူတူ အကြောင်းအမျိုးမျိုးပြပြီး စီးပွားရေးပိတ်ဆို့လိုက်တော့ သူ့မှာ နိုင်ငံရေးအရ အမြတ်ထွက်သွားတာပေါ့။ အဲဒီလိုပဲ စစ်အစိုးရ က လဲ ကိုယ့်ဖာသာကို စီးပွားရေးကောင်းအောင်မလုပ်နိုင်တော့ အမေရိကန်ကို လက်ညှိုးထိုးစရာ ရသွားတာပေါ့။

နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုလုပ်မှ၊ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းမှ မြန်မာပြည် ချမ်းသာမယ် ဆိုတာ ပြည်ပအားကိုး ပုဆိန်ရိုး တွေရဲ့ စကားပါ။ အရူးမ လို အခုတမျိုး တော်ကြာတမျိုး ဖြစ်နေတဲ့ စစ်အစိုးရကို ဘယ်သူကလာပြီး လင်တော်ချင်မှာလဲ။ လင်မရလဲ ကိုယ့်ဟာကို ရပ်တည်နိုင်ကြောင်း မျိုးချစ်စစ်အာဏာရှင်ကြီးတွေနဲ့ သူတို့နောက်လိုက်တွေက သက်သေပြရဲရမှာပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts