>mar mar aye 284

>

ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ် အမှတ်(၂၈၄)

ဂီတသမား မိဖုရား၊ အနောက်နန်းမတော် မမြကလေး
မာမာအေး
စက်တင်ဘာ ၅၊ ၂ဝဝ၉


သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်။ မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ။

သောတရှင်တို့ ရေ၊ ဂီတသမား မိဖုရား၊ အနောက်နန်းမတော်ရဲ့ ရာဇဝင်ကြောင်းကို ဟိုတစ သည်တစ လိုက်ကောက် စုဆောင်း ဗဟုသုတ ရရာရကြောင်း စာတခု မှတ်တမ်း ပြုသလို ပြောပြခွင့် ရနေတာကို ဂီတဘွားတော် ပူဇော်ကန်တော့ခွင့် ကြုံတာလို ခံစားမိပြီး ဝမ်းသာနေမိတာ အမှန်ပါရှင်။ မာအေး ရှာဖွေခဲ့နိုင်သမျှ ပေးဝေငှပေးနိုင်တဲ့ တနေရာ စီစဉ်ပေးထားတဲ့ ဘီဘီစီ ကိုလဲ ကျေးဇူးတင်စွာ မေတ္တာပို့ရပါတယ်ရှင်။ အနောက်နန်းမတော် မမြကလေးရဲ့ အကြောင်းကို သူ ရေးသွားခဲ့တဲ့ ဂီတလင်္ကာ ကဗျာတွေနဲ့  ပြောဖြစ်ခဲ့တာ အတော်တော့ စုံလာပြီ ထင်ပါတယ်နော်။ အနောက်နန်းမတော်လို့ ခေါ်ဆိုနိုင်တဲ့ ‘သီရိမဟာ သုတရတနာ စန္ဒာဒေဝီ’ဘွဲ့ နာမတော် ခံယူရရှိတဲ့ အချိန် ရောက်နေပါပြီ။ ဘယ့်နှယ် – ဘယ်က ဒုက္ခ္ခကြမ္မာမလှ ကြုံရတယ် မသိပါဘူးရှင်။ တခါမှာတော့ ဘုရင်မင်းမြတ်က ရာဇမာန် ရှိတော်မူလို့ ကြေးတိုက်နှောင်တင် အကျဉ်းချထားတော်မူတာ ခံခဲ့ရရှာပါတယ်။ အင်း မမြကလေးရဲ့ ခင်ပွန်းလင် – ရှင်ဘုရင် ဆိုတဲ့ မင်းယောင်္ကျားကို ‘ချစ်တာလဲ သူ၊ မုန်းတာလဲ သူ – သူပါဘဲလေ’ လို့ မာအေးရဲ့ သီချင်း ‘အရိပ်ပမာ’ ထဲကလို ဆိုလိုက်ချင်တော့တာပါဘဲ။ အစကတော့လဲ လူကို တောင်မမြင်ဖူးဘဲ အလှ သတင်း ကြားတာနဲ့ မိဖုရား မြှောက်တော်မူတယ်။ သူကိုယ်တော်တိုင် ကြွသွားတော်မူရာ နောက်ကိုလဲ တကောက်ကောက် လိုက်ပါစေခဲ့တယ်။ ဆောင်ရ နန်းရ မိဖုရား အလှတွေထဲမှာ မဟေသီ ဒေဝီကြီးက လွဲရင် အမြတ်နိုးဆုံး၊ အခွင့်အရေး အပေးဆုံး တဲ့။ ဟော – မုန်းချင်တော့လဲ ထောင်ထဲ တန်းပို့ တာကလား။

သနားတော်မူပါမယ့် အရေး “လေးဆူဒီပါ သီတာရေမြေ ဆုံးပါစေတော့ မမုန်းနိုင်ကြောင်းပါ ဘုရား၊ ဆပွားချစ်ခင် ကြင်နာစဉ်က ထွဋ်တင် ဂူဘုရား ပန်ကြားသစ္စာ သံသာကမ်းတိုင် တူပြိုင်ကူးမယ် ညွှန်းရွယ်ဝသုန် – အသကုန် ချစ်လျက်ပါ ဘုရား” ပေါ့။ အဲဒီလိုလေး ရေးသွင်းရှာတဲ့ တေးသီချင်း ကဗျာက ‘ချစ်သမျှ ကို’ ပါတဲ့ ရှင်။

xx ချစ်သမျှကို မြင့်မိုရ်ရွှေတောင်လုံးသို့ လေ၊ လေးဆူဒီပါ သီတာရေမြေ ဆုံးစေတော့ လေး xx (ချစ်သမျှကိုပတ်ပျိုး)

ကြားတော်မူတဲ့ အတိုင်းပါဘဲ ရှင်။ ချစ်သမျှကို ပြောရရင် မြင့်မိုရ်တောင်လောက်ရှိမယ် တဲ့။ ရေမြေဆုံးပါစေ ပြောနိုင်ဦးမယ် ဆိုတဲ့သဘောနဲ့ စချီထားတဲ့ အချစ်သမားရဲ့ နှလုံးသား အလင်္ကာပေါ့။

‘ချစ်သမျှ ကို’ သီချင်းဟာ မဟာဂီတ ပတ်ပျိုးစာရင်းဝင် ဖြစ်ပါတယ်။မာအေးတို့  သဘင် ဂီတနယ်က သစ္စာတိုင် ပုံစံနေရာမှာ ထိပ်ဆုံးက အမြတ်တနိုး စီထားကြ ဆိုနေကြတုန်းပါ ရှင်။ သခင်မများရဲ့ စာက တိလဲ တိကျ ရိုးရိုး လှလှလေးဟာမို့  ဘယ်အချိန်မှာ ကြားရကြားရ ထပ်ပြီး ရိုးမသွားဘူးလို့ ခံစားရသလိုဘဲ၊ နားထောင်ကြည့်စမ်းပါလား ရှင်။ လူတိုင်း ကြားဖူးတဲ့ သီချင်းပိုဒ် ကလေးတွေ ဖြစ်ပါတယ်။

xxx (သံသာလေကမ်းတိုင် တူပြိုင်လေ ကူးမယ် ဆုထူးငယ် ပန်ရွယ်သွန်း)၂ (ချစ်လို့ရယ် မကုန် ဤမြေ သိကြားစေ သက်သေ ညွန်း)၂ xxx (ချစ်သမျှကိုမှ)

သံသရာခွင်ကို မြစ်ပြင်လို သဘောထား ဟိုတဖက် ကမ်းပါးရောက်သည် အထိ အတူတူ ကူးခတ်သွားကြမယ် လို့  ဝသုန်မြေကို သက်သေ ထားသတဲ့လေ။ အဲဒီ သီချင်းနှစ်ပိုဒ်ကို သေချာ နားထောင်ထားပြီးရင်၊ ဗမာသံ သစ္စာထား စုံတွဲ သီချင်းတွေမှာ လိုက်ရှာကြည့်၊ သခင်မ မြကလေး ရွေးထားခဲ့တဲ့ စာတလုံးစ နှစ်လုံးစ အဓိပ္ပာယ် နီးနီးရတာနဲ့ ကပ် ရေးတာတွေ တွေ့လိမ့်မယ်။

ဒီသီချင်းမှာ ပြဿနာရှိတာလဲ ပြောပြရဦးမယ်။ ရေးတဲ့သူ ပြဿနာပါ။ အနောက်နန်းသခင်မ မြကလေး ရေးသည် မရေးသည် ငြင်းဆိုနေကြတာ ကြာပြီ။ မာအေး သီးချင်းကြီးတော ဝင်ကတည်းက ဆိုပါတော့။ မာအေးတို့ နိုင်ငံ ယဉ်ကျေးမှုဌာနက ထုတ်တဲ့ “သဗ္ဗဂီတက္ကမ ပကာသနီကျမ်း” စာမျက်နှာ (၁၇၆) မှာ ချစ်သမျှကို သစ္စာတိုင် ပတ်ပျိုးရေးသူ ‘လှေသူကြီး မောင်ဆိုး’ လို့ ဖေါ်ပြထားပါတယ်။ မာအေး အမြဲ လက်ကိုင်ထားတဲ့ ‘ဂီတ ဝိသောဓနီကျမ်း’ စာမျက်နှာ (၁ဝ၉) မှာကျတော့ ရွှေဘိုမင်း လက်ထက် ပဲနင်း ဦးနေဦး ရေးသော သစ္စာတိုင် ပတ်ပျိုးကလေး တဲ့ ။ ဒီတခါတော့ ‘ဘဘ ဒီးဒုတ်ချို’ ရဲ့ စာအုပ်က အဆိုကို အသာ သျှိုထားရလိမ့်မယ် ရှင့်။ မာအေးက နောက်နန်းမတော် ဘုရား ရေးတာလို့ ခံစားရလို့ ပေါ့ ရှင်။ အခြား စာအုပ်တွေမှာ မရှာနိုင်သေးဘူး။ ရွှေနန်းသုံး မဟာဂီတ ပေါင်းချုပ် စာအုပ်နဲ့  မောင်သုတ အမည်ခံ ဗိုလ်မှူးဘသောင်း စုဆောင်း ရေးသားခဲ့တဲ့ စာဆိုတော်များ အတ္ထုပ္ပတ္တိ စာအုပ်တွေမှာ စာဆိုတော်ဟာ အနောက်နန်းမတော် မမြကလေးလို့  တွေ့ ရတော့ အဖော် ရဲပြီး ပျော်သွားပြီ ရှင်။

မြကလေးသခင်မ ဘယ်စာဂုဏ်အရ အကျဉ်းက ထွက်တာလဲ သဲကွဲချင်ရင် နားဆင်ထားနှင့်ပါဦးနော်။

xxx အို ဘယ်မမုန်းပါတော့နိုင် ကပ်လုံးပဆုံးတိုင်တိုင် xxx ရုံးညာပိုင်၊ အုံးပြိုင် သဉ္ဇာ ကြွေ့ မှာလလေ၊ ကြိုးမည်နောင်တာ ကမ္ဘာမြေဝယ် မြေ့ စေတော့ လေး xxx (ချစ်သမျှကိုမှ)


[ မူရင်း – ဘီဘီစီ၊ မြန်မာဌာန ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts