>Than Soe Hlaing – The Nargis Story – 9

>

သတင်းထောက်တဦး၏ နာဂစ် ဒိုင်ယာရီ – ၉

သန်းစိုးလှိုင်

သြဂုတ် ၁၇၊ ၂၀၀၉

နာဂစ်နှင့် လူသား၏ ဂုဏ်သိက္ခာ

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသည့်နောက်တွင် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာ၏ အမြင်တွင်လည်း စိတ်လက်မသက်မသာ ဖြစ်ခဲ့ရသည့် ကိစ္စရပ်ကြီး တခုရှိခဲ့သည်။ ထိုအဖြစ်အပျက်မှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားကြရသူများ၏ ရုပ်အလောင်းများ ရှာဖွေခြင်းနှင့် သဂြိုဟ်ခြင်းပင်ဖြစ်သည်။

နအဖ အစိုးရက တရားဝင်ထုတ်ပြန်ကြေငြာသော ကိန်းဂဏန်းအရပင် ၅သောင်းကျော် သေဆုံးခဲ့ပြီး ၈သောင်းကျော် ပျောက်ဆုံးခဲ့သည် ဆိုသည့် အဓိပ္ဂါယ်သည် သေဆုံးပြီး မိသားစုများက အလောင်းပြန်လည်တွေ့ရှိ ခဲ့သည့် အရေအတွက်က ၅သောင်းကျော်နှင့် သက်ဆိုင်ရာ မိသားစုတို့ အနေဖြင့် မရှာဖွေနိုင်၍ သော်လည်းကောင်း၊ တွေ့ရှိရသော ရုပ်အလောင်းများကို မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို မှတ်တမ်းမှတ်ရာ ဖြင့်ပြုလုပ်နိုင်ခဲ့ခြင်း မရှိသည့် အတွက် ပျောက်ဆုံးသူ ၈သောင်းကျော် ရှိနေသည်ကို ဖေါ်ပြနေသည့် သဘောလည်းဖြစ်သည်။

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ရက်ပိုင်းအတွင်းမှ စတင်ကာ တလ၊ တလခွဲကျော်သည်အထိ ဧရာဝတီတိုင်း အောက်ပိုင်းရှိ ကျေးရွာများ၏ လယ်ကွက်များထဲတွင် တင်ကျန်ရစ်နေသည့် အလောင်းများ၊ မြစ်ထဲ ချောင်းသွယ် ချောင်းငယ် များထဲတွင် မျောပါနေသည့် အလောင်းများကို ကူညီရန်သွားရောက်သည့် အဖွဲ့များ၊ ကူညီကယ်ဆယ်ရေး လုပ်ကိုင်သည့် စေတနာ့ဝန်ထမ်းများက တွေ့မြင်ခဲ့ကြရသည်။

(နတ်သမီးကျွန်း၊ တလ အကြာ၊ အလောင်းများ တင်ရစ်နေဆဲ)

အလောင်းကိုဖယ်ပြီး သွားလာခဲ့ရတဲ့ရက်များ

မုန်တိုင်း တိုက်ခတ်ပြီး မကြာမီရက်ပိုင်းတွေမှာ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ ဘိုကလေး မြို့နယ်များရှိ မြစ်သွယ် ချောင်းသွယ်များထဲမှာ အလောင်းများ မျောနေပြီး လှေဖြင့် ခရီးသွားလာသည့်အခါ လှေမောင်းသူတို့က ၀ါးဖြင့်ထိုးဖယ်ရှားပြီး သွားခဲ့ကြရသည်ဟု ထိုနယ်မှ မြို့ခံများကပြောဆိုကြသည်။ ထိုရက်ပိုင်းက ပဲ့ထောင်ဟု ခေါ်သည့် စက်တပ်လှေသမားများမှာ ထိုမြင်ကွင်းများနှင့် အလောင်းများကို ဖယ်ရှားသွားလာရသည့် အဖြစ်ကို စိတ်မသက်သာ၍ အငှားခေါ်သော်မှ မလိုက်လိုကြဟု လည်းကြားသိရသည်။

အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် နာဂစ်ဖြစ်ခါစရက်ပိုင်းက ဒေသခံတို့ ရိုက်ယူထားသည့် ဓါတ်ပုံများတွင်လည်း အလောင်းများ ရေထဲတွင် တန်းစီမျောနေသည့်ပုံ၊ ကုန်းပေါ်တွင် တန်းစီချထားသည်တို့ကို မြင်တွေ့ဖူးကြပေလိမ့်မည်။ ထိုပုံများကဲ့သို့ အလောင်းများ များပြားခြင်းမရှိတော့ သော်လည်း သီတင်းပတ် အတန်ကြာထိ ဟိုနေရာ သည်နေရာတွေမှာတော့ ရုပ်အလောင်းတွေ ပြန့်ကျဲနေဆဲပင် ဖြစ်သည်။

မုန်တိုင်းတိုက်ခတ်ပြီး တပတ်တိတိအကြာ ရန်ကုန်နှင့် အနီးဆုံးဖြစ်သည့် ကွမ်းခြံကုန်းမြို့သို့ ရောက်ရှိခဲ့စဉ်က ကွမ်းခြံကုန်းမြို့အထွက် ရဲစခန်းအနောက် လူနေအိမ်များ အနီးတွင်ပင် ရုပ်အလောင်းတလောင်း တင်ကျန်ရစ်နေသေးပြီး ဈေးအရှေ့ တော်ပုလဲချောင်း ထဲတွင်လည်း ရေတက်လျင် အလောင်းများ ပါလာနေဆဲ ပင်ဖြစ်သည်ဟု မြို့ခံများက ပြောဆိုသည်။ တခါတရံ ကမ်းနားအုန်းပင်ကြား၊ သစ်ပင်ကြား အလောင်းတင် ကျန်နေသဖြင့် ရေပြန်တက်လာလျင် ၀ါးဖြင့် ပြန်၍ထိုးချ ကြရသည်ဟု လည်းပြောဆိုသည်။

ထိုနေ့ရက်များတွင် အသေအပျောက်များသည့် ကျေးရွာများတွင် လူစုပြီး လယ်ကွင်းများထဲမှ အလောင်း ရွာအနီးချုပ်စပ်တွင် တင်ရှိနေသည့် ရုပ်အလောင်းများကို မိမိတို့ အစီအစဉ်ဖြင့် ရှင်းလင်းမြေမြှပ် ခဲ့သည်များရှိသော်လည်း နအဖစစ်တပ်သည် အစိုးရတရပ်အနေဖြင့် တာဝန်ယူပြီး ရှင်းလင်းသဂြိုဟ်သည့် အစီအစဉ် တခုမျှ မကြားသိခဲ့ပေ။

သိမ်းဆည်းသူများ အဖမ်းခံရတဲ့အဖြစ်

ထိုသို့ အစိုးရက တာဝန်ယူ သိမ်းဆည်းခြင်း မပြုလုပ်သည့် အပြင် ရုပ်အလောင်းများနှင့် ပတ်သက်ပြီး မြေမြုပ်ခြင်းသို့မဟုတ် မီးသဂြိုဟ် ပေးလိုသည့် ပြည်တွင်း စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ ရှိသော်လည်း ပေါ်ပေါ်ထင်ထင် မပြုလုပ်ဝံ့ကြပေ။ အလောင်း မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းကို နအဖ အစိုးရက နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်ဟု စွပ်စွဲနိုင်သည့် အန္တရာယ်ကြောင့်ဖြစ်သည်။

နာဂစ်အလောင်းများ ကောက်ယူမြေမြှပ်ပေးလို့ စစ်အုပ်စုက ဖမ်းဆီးထောင်ချခဲ့သူ စေတနာဝန်ထမ်းများ

ဇွန်လ ပထမပတ်ဝန်းကျင် ဘိုကလေးမြို့နယ်အတွင်း နာဂစ်ဒဏ်ခံရသည့် ရွာအချို့တွင် အလောင်းများကို ကောက်ယူကာ အိတ်များတွင် ထည့်သွင်းပြီးမြေမြှုပ်ပေးသည့် ဒေါက်တာနေ၀င်းနှင့် သမီးဖြစ်သူ၊ မြန်မာထရီဗျူန်းဂျာနယ် ထုတ်ဝေသူ ဦးအောင်ကျော်ဆန်း အပါအ၀င် ၆၊ ၇ ဦးကို ဘိုကလေးမြို့မှ အပြန်တွင် စစ်အစိုးရက ဖမ်းဆီးခဲ့သည်။ ထို့နောက် တရားစွဲဆိုကာ ထောင်ဒဏ်နှစ် ရှည်အပြစ်ပေးခဲ့သည်ကို တွေ့ရသည်။ ထိုအဖွဲ့ကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့မှ အလောင်းအိတ်များနှင့် အခြားနိုင်ငံတကာ အန်ဂျီအိုတို့မှ အလောင်းအိတ်များ ၀တ်စုံများ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

(နာရေးကူညီမှုအသင်း ယာယီသောက်ရေကန်ပြုလုပ်နေစဉ်)

သံဃာတော် အချို့ဦးဆောင်သည့် အဖွဲ့ တဖွဲ့နှင့် ရန်ကုန်မြို့နာရေးကူညီမှုအသင်းမှ ဘိုကလေး မြို့နယ်ဘက်တွင် ရုပ်အလောင်း သဂြိုဟ်ခြင်းကို အတိုင်းအတာတခုထိ သိုသိုသိပ်သိပ် လုပ်ကိုင်ခဲ့ကြသော်လည်း အမှန်တကယ် သိမ်းဆည်းဖယ်ရှား ရမည့်ပမာဏနှင့် စာလျင် မပြောပလောက်သည့် အတိုင်းအတာဖြစ်သည်။

အချို့သော နာဂစ်ဒုက္ခသည်များကို ကူညီသူများက သေဆုံးသွားပြီးသူများ၏ ရုပ်အလောင်းကောက်ယူ သဂြိုဟ်ရေးထက် အသက်ရှင်ကျန်ရစ်နေသေးသူများ၏ စားရေး၊ ၀တ်ရေးနေရေးက ပိုအရေးကြီးသည်ဟု ယူဆမှုများရှိသည်ဟု လည်းကြားသိရသည်။

ထိုကာလက ဘိုကလေးမြစ်အတိုင်း အောက်ဘက်သို့ စုန်ဆင်းသွားလျင် မိန်းမလှကျွန်း၏ အနောက်ဘက်ကမ်း တလျှောက်တွင် တင်ကျန်ရစ်နေသည့် ရာနှင့်ချီသည့် အလောင်းများကို မြင်တွေ့ခဲ့ရသည်။ နာဂစ်ဖြစ်ပြီးသည်မှာ တလတင်းတင်းပြည့်ခဲ့သော်လည်း ကျွန်းကမ်းပါးတလျောက် နေအိမ်အပျက်အစီးများ၊ သစ်ပင်အကျိုးအစများ အကြားတွင် ကျွဲနွားရုပ်အလောင်းများနှင့် အတူ လူအလောင်းပေါင်းများစွာမှာကို မြင်တွေ့ရသည်။ အချို့မှာ ဘောင်းဘီဝတ်လျက် အများစုမှာ ရေငံထဲစိမ်ပြီး နေလောင်ထားသည့် လိမ္မောရောင်နုနုသို့ပြောင်းနေသည့် ကျောပြင် ၊ ထို့နောက် လက်ချောင်းများ၊ ခြေချောင်းများ၊ ဦးခေါင်းများ ပုံမပျက်သေးသူ စသဖြင့် အမျိုးမျိုးတွေ့မြင်ခဲ့ရသည်။

လူနဲ့ တိရိစ္ဆာန် အကြား ခြားထားတဲ့စည်းတခု

တိရိစ္ဆာန်များနှင့် လူသားတို့၏ ဂုဏ်အဆင့်အတန်း ကွဲပြားမှုသည် ထိုနေရာတွင် သေးငယ်သော မျဉ်းတကြောင်းသာ ခြားနားတော့သည်ဟု မြင်တွေ့ရသူများက ဆိုကြသည်။ အပျက်အစီးလွန်စွာ ကြီးမားသည့်အကြောင်း တခုထည်းဖြင့် သေဆုံးသွားသူ လူသားတယောက်၏ ရုပ်အလောင်းကို သဂြိုဟ် ပေးဖို့ ၀တ္တရားမရှိတော့ပြီလားဟု အဆိုပါပုဂ္ဂိုလ်တို့က စောဒက တက်ကြသည့် အခါ လူသားတယောက်ဂုဏ်သိက္ခာ ဆိုသည့်အချက် သည်မြင်ရသူများ အကြားဆွေးနွေး ပြောဆိုစရာ အကြောင်း အရာ တခုဖြစ်လာသည်။

(အကျီ်အ၀ါ၊ ဘောင်းဘီအနီကွက်ဝတ်ဆင်ထားသည့် နာဂစ်ဒဏ်ဖြင့်
သေဆုံးခဲ့ရသူတဦး ကို တလအုကာ တွင်
မိန်းမလှကျွန်းကမ်းနံဘေးတွင် မြင်ရစဉ်)

နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်း တခုတွင် ၀န်ထမ်းလုပ်ကိုင်သူ တဦးက ဆင်းရဲသူ၊ ချမ်းသာသူ ရာထူးရှိသူ ရာထူးမရှိသူ မည်သူမဆို လူသားတဦးဖြစ်နေသ၍ သေဆုံးသည့်အခါ မြေမြှုပ်ခြင်းသို့မဟုတ် မီးသဂြိုဟ်ခြင်း တခုခုကိုတော့ ရရှိထိုက်သည်ဟု ရှုမြင်သည်။

နိုင်ငံခြားသတင်းထောက်အချို့နှင့် နာဂစ်အကြောင်း ပြောဆိုသည့်အခါ နာဂစ်ဖြစ်ပြီးနောက် လနှင့်ချီပြီး ရုပ်အလောင်းတွေ ပြန့်ကျဲနေခဲ့သည်ဟု ဆိုလျင် မယုံနိုင်သည့် အကြည့်မျိုးဖြင့်ကြည့်ပြီး ဒီလိုအဖြစ်မျိုးဖြစ်ခဲ့ သလားဟု အံ့သြကာမေးမြန်းကြသည်။

နာဂစ် မုန်တိုင်း ဆိုသည့် သဘာဝဘေးအန္တရာယ် ကပ်ဘေးကျရောက်ပြီးသည့် နောက်တွင် နအဖသည် အုပ်ချုပ်သည့်အစိုးရ တရပ်အနေဖြင့် ရှင်ကျန်နေရစ်သူများ စားဝတ်နေရေးကိုပင် ထိရောက်စွာလုပ်ဆောင် ခဲ့ခြင်းမရှိသလို သေဆုံးသွားသူများ၏ ရုပ်အလောင်းသိမ်းဆည်းရေး တွင်မည်သည့် အားထုတ်မှုမျိုးမှ မလုပ်ဆောင်ခဲ့ပေ။ ထိုစဉ်က မြန်မာနိုင်ငံသည် ပြည်တွင်းစစ်များ ဖြစ်ပွားပြီး အုပ်ချုပ်ရေး အတည်တကျ မရှိသည့် အာဖရိကလို နိုင်ငံတနိုင်ငံမဟုတ်သည့် အပြင် နအဖအစိုးရမှာ သေရေး၊ ရှင်ရေးထက် အခြေခံဥပဒေ အတည်ပြုရေးကို ပိုအရေးတကြီးထားနေခဲ့ခြင်း ကြောင့်ဖြစ်ဟန်တူသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts