Memories

MoeMaKa – Remembering Playnoy Sein Lwin

စတီရီယို အဆိုကျော် စိန်လွင် (ပလေးဘွိုင်) အမှတ်တရ
မိုးမခ၊ သြဂုတ် ၁၄၊ ၂၀၁၃
စတီရီယို အဆိုတော် စိန်လွင် (Playboy)
၁၉၈၀ ခုနှစ်များ ရဲ့ ခင်မောင်ထူး၊ ဂျက်မြသောင်း၊ အောင်ရင်၊ ပြည်မိုး အစရှိတဲ့ စတီရီယို အဆိုတော် များ က စလို့ နောက်ဆုံး ၁၉၉၀ ခုနှစ်များ ၏ ရင်ဂို အထိ အဆိုတော် အများအပြား ဟာ စတီရီယို ခေတ်ဦး ပလေးဘွိုင် (တူရိယာလုလင်) တေးဂီတ အဖွဲ့ က စိန်လွင်၊ သန်းနိုင် ညီအစ်ကို အဆိုကျော် နှစ်ယောက် ရဲ့ ဆိုဟန် လောင်းရိပ် အောက်က မလွတ်ဘူးလို့ ဆိုနိုင်ပါတယ်။  သူတို့ သြဇာ ကြီးခဲ့ပါတယ်။  ၁၉၆၉/ ၁၉၇၀ ခုနှစ် လောက်က စတင်ခဲ့တဲ့ စတီရီယို ဂီတ လို့ နာမည်တွင် သွားတဲ့ အနောက်တိုင်း ခေတ်ပေါ် အီလက်ထရော်နီ ဂီတတူရိယာများ အခြေပြု ဗမာ့ခေတ်ပေါ်ဂီတ မှာ သူတို့ ရဲ့ အခန်းကဏ္ဍ က ကြီးမားပါတယ်။  ၁၉၇၀-၈၀ လူငယ် တိုင်း လိုလို ဟာလည်း ပလေးဘွိုင် ပရိသတ်ချည်းပါပဲ။
ဆိုခဲ့သလို သြဇာကြီး အောင်မြင်ခဲ့တဲ့ ပလေးဘွိုင် အဖွဲ့က ပင်တိုင် အဆိုတော် စိန်လွင် တယောက် ဆုံးပါးသွားခဲ့တာ ပြီးခဲ့တဲ့ သြဂုတ်လ (၁၂) ရက်နေ့က (၃၁) နှစ် ပြည့်ခဲ့ပါတယ်။  နိုင်ငံကျော် အဆိုကျော် တဦးဖြစ်တဲ့ အပြင် လေယာဉ်မောင် တဦးပါ ဖြစ်သူ (ဦး) စိန်လွင် ဟာ လျှမ်းလျှမ်းတောက် အောင်မြင်နေစဉ် ငယ်ငယ်ရွယ်ရွယ်မှာပဲ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားရှာခဲ့သူပါ။  အခု နှစ်လည် အချိန်မှာ မိုးမခ ပရိသတ် အတွက် အဆိုတော် စိန်လွင် အမှတ်တရ မိသားစု ဝင်တဦးရဲ့ အလွမ်းစကားစု တခု နဲ့အတူ စိန်လွင် ဆို နာမည်ကြီး သီချင်း တချို့ တင်ဆက်လိုက်ပါတယ်။
ဓာတ်ပုံ မျှဝေသူ – ရာဇာ
ဒီနေ့ သြဂုတ်လ ၁၂ ရက်နေ့ဟာ ကျမတို့ အကိုတ၀မ်းကွဲ အဆိုတော် ကိုစိန်လွင် ကွယ်လွန် အနိစ္စ ရောက်တာ ၃၁ နှစ်တင်းတင်း ပြည့်တဲ့နေ့ပါ။
၁၂-၈-၁၉၈၂ နေ့က ကျမတို့ မိသားစု ညစာစားနေကြတုန်း ကျမ သူငယ်ချင်းတယောက်က တယ်လီဖုန်းဆက်ပြောလို့ ကိုစိန်လွင် ကလေး-ကျောက်ထုဘက် မှာ လေယာဉ်ပျက်ကျကြောင်း ရုတ်တရက် သိလိုက်ရပါတယ်။
ကျမ ဖုန်းပြောပြီး ထမင်းဆက်စားနေပေမယ့် စားလို့ မ၀င်တော့ပါ။  မျက်ရည်တွေ ထမင်းပန်းကန်ထဲ တပေါက်ပေါက်ကျနေတာကို ဖေဖေက သတိထားမိတော့ “သမီးဘာဖြစ်လို့ငိုနေတာလဲ” လို့မေးတယ်။
 
သပြေ တေးမဂ္ဂဇင်း ဝမ်းနည်းမှတ်တမ်း
ဓာတ်ပုံ မျှဝေသူ – Doney MP
ကျမ ကြားသိရတဲ့သတင်းဆိုးကို မျက်ရည်တွေနဲ့ ညစာထမင်းဝိုင်းမှာ အားလုံးသိအောင် ပြောပြလိုက်တယ်။  မိသားစုအားလုံး ညစာစားပွဲကို အဆုံးသတ်ပြီး ဘကြီးဦးဘဖြူတို့ အိမ် ခြံနံပါတ် ၃၀၊ ပြည်လမ်းကို ထွက်လာခဲ့ကြတယ်။
“ပန်းသီးဖီလင်” စီးရီးဖြန့်ချီအပြီး ၁၉၈၁ နှောင်းပိုင်းက စလို့ ပလေးဘွိုင်အဖွဲ့ကွဲပြီး ကတည်းက ကျမတို့ မိသားစုနဲ့ ကိုစိန်လွင်၊ ကိုသန်းနိုင်တို့ မိသားစု (ဘကြီးဦးဘဖြူတို့မိသားစု) နဲ့ စကားမပြောကြဘဲ အဆက်အသွယ် ပြတ်တောက်နေခဲ့ကြပေမယ့် ဒီသတင်းဆိုးကြောင့် ဖေဖေဟာ သူမာန်မာန သူရိုက်ချိုးပြီး ‘ငါက ညီအငယ်ဆုံးဘဲ … အကိုလေးက စိတ်ဆိုးပြီး မောင်းထုတ်ရင်လဲ ငါခံမယ်။ သူတို့မိသားစု ဒီလို ပူဆွေးသောကရောက်နေချိန်မှာ ညီငယ်တယောက် ၊ ဦးလေးတယောက်အနေနဲ့ ငါနဲ့ ငါ့မိသားစုဟာ အားပေးနှစ်သိမ့်ဖို့ သူတို့အနားမှာ ရှိနေသင့်တယ်’ … လို့ပြောကာ ဘကြီးဖြူတို့ အိမ်ကို ထွက်လာခဲ့ကြတယ်။
ညီအကိုတွေပဲလေ … ဘယ်.. ပြတ်နိုင်ကြမလဲ ။
ကျမတို့ မိသားစုကို ဘကြီးဖြူ ၊ ကြီးကြီးခင်မနဲ့ မိသားစုက ကြိုဆိုပြီး ချေချေငံငံ ဆက်ဆံပါတယ်။ အခြေအနေကို စုံစမ်းနေဆဲဖြစ်လို့ အားလုံးကို စိတ်အေးအေးထားကြဖို့လဲ ပြောပါတယ်။
ကျမအနေနဲ့ ဖေဖေတို့ ညီအကိုတွေ အခုလို ပြန်လည်သင့်မြတ်သွားကြတာ မြင်ရလို့ ၀မ်းသာပေမယ့် ကြားသိရတဲ့ ကိုစိန်လွင်ရဲ့သတင်းဟာ သတင်းအမှားသာ ဖြစ်ပါစေလို့ ဘကြီးအိမ်က ဘုရားခန်းမှာ ဘုရားရှိခိုးပြီး ဆုတောင်းခဲ့မိပါတယ်။
သို့သော်လည်း … ကျမဆုတောင်း မပြည့်ခဲ့ပါ။
 
ဓာတ်ပုံ မျှဝေသူ – ရာဇာ
ကျမတို့ရဲ့ တ၀မ်းကွဲအကို …
ဦးဘဖြူ – ဒေါ်ခင်မမတို့ရဲ့ သားကြီးသြရဿ
ကိုသန်းနိုင် (ပလေးဘွိုင်) နဲ့ မမြသီတာတိုရဲ့ အကိုကြီး
မလဲ့လဲ့မြင့်နဲ့ တဦးတည်းသောသား ပြည့်ဖြိုးမောင် တို့ရဲ့ ခင်ပွန်း/ဖခင် …
မြန်မာ့စတီရီယိုသမိုင်းမှာ ထူးခြားတဲ့အသံပိုင်ရှင် အဆိုတော် ကိုစိန်လွင် ဟာ သူချစ်တဲ့ မိသားစု ၊ ဆွေမျိုး ၊ မိတ်ဆွေများနဲ့ တေးချစ်သူအားလုံးကို “ဝေဟင်မှာပဲ နေတော့မယ်” ဆိုတဲ့ သီချင်းလေး တပိုင်းတစနဲ့ အပြီးအပိုင် စွန့်ခွာသွားခဲ့ပါပြီ။
လူသေသွားပေမဲ့ သူ့အနုပညာကတော့ ယနေ့တိုင် ရှင်သန်နေဆဲပါ။
“တိမ်ညိုနဲ့စန္ဒာ” မှသည် …
“မိုးပေါ်မှာနေချင်တယ်” အလယ် …
“ဝေဟင်မှာပဲနေတော့မယ်” အဆုံး …
သီချင်းတွေနဲ့ လူတွေရဲ့ ဟဒယနှလုံးကို ပြုံးပျော် ကြည်နူးမှုတွေပေးခဲ့သူ ကိုစိန်လွင် ကောင်းမွန်ရာ ဘုံဘ၀မှာ ပျော်ရွှင်စွာ နားခိုနိုင်ပါစေ။
ကျမ ပြုသမျှ ကုသိုလ်အစုစုကို အမျှ – အမျှ ပေးဝေပါတယ်။
ရောက်ရာဘုံဘ၀မှ ကိုဘိုဘိုး (ကိုစိန်လွင်) သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ပါစေ။
ချစ်ညီမ
နှင်းနှင်းအေးဘသိန်း
၁၂ ၊ သြဂုတ် ၊ ၂၀၁၃
မိုးပေါ်မှာနေချင်တယ် ၊ တေးရေး – မောင်ဆွေနွယ် ၊ တေးဆို စိန်လွင်
နွေကျောင်းပိတ်ရက်မလိုချင်ပါ ၊ တေးရေး – မောင်ဆွေနွယ် ၊ တေးဆို စိန်လွင်
အဓိပတိလမ်းကလူ တေးရေး – သိဒ္ဓတ္ထလှိုင် (နောင် သုခမိန်လှိုင်) ၊ တေးဆို – စိန်လွင်
(မိုးမခမီဒီယာအတွက် စီစဉ်သူ ငြိမ်းချမ်းအေး ကို ကျေးဇူးတင်ပါကြောင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts