>Our Dream for Burmese Communty – Essay Contest award announced soon

>

ရွှေစင်ကြယ်ရန်ပုံငွေပွဲ၏ “မြန်မာအသိုင်းအ၀န်းအတွက်အိပ်မက်များ”

စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်နိုင်ရန် ကြိုးစားခဲ့သမျှနဲ့ ဆက်လက်မျှော်လင့်ချက်များ

မိုးမခအထောက်တော် ၀၀၂၊ ဆန်ဖရန်စစ္စကို

သြဂုတ် ၁၇၊ ၂၀၀၉

သြဂုတ်လ ၉ ရက်နေ့က အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားနယ်၊ ဆန်ဖရန်ဘေးဧရိယာဒေသရောက် မြန်မာလူငယ်များက မြန်မာကွန်မြူနတီစင်တာထူထောင်နိုင်ရေးနှင့် အမေရိကန်သန်းကောင်စာရင်း ၂၀၁၀ အောင်မြင်စေရေးအတွက် ရန်ပုံငွေပွဲတော်တခု ကျင်းပခဲ့ရာ ထိုပွဲတော်အတွင်း၌ မြန်မာလူငယ်ကလေးများအတွက် စာစီစာကုံးပြိုင်ပွဲတခုကို ထည့်သွင်းစီစဉ်ခဲ့သည်။

စာစီစာကုံး၏ ခေါင်းစဉ်မှာ ကျွန်ုပ်တို့၏ ရွှေအိပ်မက်များ (My Community’s Dream) – မြန်မာအသိုင်းအ၀န်းအတွက် မိမိအိပ်မက်များ ဟူ၍ဖြစ်ပြီး ဆန်ဖရန်ဘေးဧရိယာရောက် ကလေးများနှင့် ဆယ်ကျော်သက်တို့၏ မြန်မာလူမှုအသိုင်းအ၀ိုင်းပေါ် ၎င်းတို့၏ အမြင်နှင့် မျှော်လင့်ချက်တို့ကို ထုတ်ဖော်ပြသခွင့် ရရှိခြင်း ဖြစ်သည်ဟု သိရသည်။ ထိုပြိုင်ပွဲတွင် ပွဲတော်လာ ကလေးလူငယ် ၁၁ ဦးက ၀င်ရောက် စာရင်းသွင်းပြီး တထိုင်တည်း စာစီကုံးခြင်းကို တွေ့ရသည်။

ထိုစာစီစာကုံးပြိုင်ပွဲအတွက် ဆုချီးမြှင့်နိုင်ရန်အတွက် ဘေးဧရိယာမြန်မာမိသားစုများက ၀ိုင်းဝန်းကြရာတွင် – ဦးလှမင်းမိသားစုက မတည်ငွေ ဒေါ်လာ ၁၅၀၊ ဒေါ်ဂျင်းဂေးလ် မိသားစု ဒေါ်လာ ၁၀၀၊ အရှင်ဉာဏိက ဒေါ်လာ ၇၀ တို့အပြင် ကိုဝေဖြိုး၊ ကိုယောနသန်ရှူ၊ ဦးဝင်းမောင်မိသားစုနှင့် အလှူရှင်တဦးတို့ဖြင့် စုစုပေါင်း ဆုငွေ ဒေါ်လာ ၄၀၀ စုဆောင်းရရှိခဲ့သည်ဟု ဆိုသည်။ ထိုစာစီစာကုံးပွဲတော်ကို လူငယ်များ၊ မိဘများ စိတ်ဝင်စားလာကြစေရေးအတွက် စာရေးဆရာ ဉာဏ်ဦးမောင်နှင့် ထိန်လင်းတို့က မိုးမခသတင်းစာမျက်နှာတွင် ဆောင်းပါးများ အသီးသီးရေးသားခဲ့ကြပြီး၊ မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်၏ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းများသို့ သွားရောက်ဖိတ်ခေါ်မှုများ ပြုလုပ်အားထုတ်ခဲ့ကြရသည်ကို တွေ့ရသည်။

ကလေးလူငယ် ၁၁ ဦးက တထိုင်တည်း ၀င်ရောက်ယှဉ်ပြိုင်ကြသဖြင့် စာစီစာကုံးပြိုင်ပွဲမှာ အောင်မြင်သည်ဟု ဆိုနိုင်ပြီး ကလေးမိဘများက မိမိကလေးလူငယ်များကို တိုက်တွန်းအားပေးမှုမှာလည်း ထိရောက်သည်ပြောနိုင်ကြောင်း၊ ၁၂ ဦးမြောက်ကလေးမှာ နေမကောင်းသဖြင့် အီးမေးနှင့် ပေးပို့ခဲ့ကြောင်း သိရသည်။ ကလေး ၁၂ ဦးအနက် တဦးတည်းကသာ မြန်မာဘာသာနှင့် ဖြေဆိုခဲ့ပြီး ကျန် ၁၁ ဦးမှာ အင်္ဂလိပ်ဘာသာနှင့် ဖြေဆိုသည်ကို တွေ့ရသည်။ သို့သော် ကလေးလူငယ်အားလုံး၏ မိမိမြန်မာအသိုင်းအ၀ိုင်းအတွက် ၎င်းတို့အမြင်နှင့် မျှော်လင့်ချက်များ၊ အကြံပြုချက်များမှာ သဘာဝကျမှု၊ ရိုးသားမှုနှင့် ရှင်းလင်းပြတ်သားမှုတို့ ရှိလှသည်ဟု စာစီစာကုံးပြိုင်ပွဲ၏ ဒိုင်လူကြီးတဦးက မှတ်ချက်ပေးသည်။

ရွှေစင်ကြယ်ပွဲတော် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုကို ပူးတွဲအဖြစ် ၂ ဦး၊ ဒုတိယဆုကို ပူးတွဲ ၂ဦး၊ တတိယဆုကို ပူးတွဲ ၃ ဦးတို့ အသီးသီး ဆွတ်ခူးသည်ဟု သိရသည်။ ကျန်ရှိသူ ၆ ဦးစလုံးကို ပွဲတော်က နှစ်သိမ့်ဆုများ ချီးမြှင့်ရန် ဆုံးဖြတ်သည်ဟု ဆိုသည်။ ဒိုင်လူကြီးတဦးအဖြစ် ဆောင်ရွက်သူ မိုးမခမီဒီယာက ကိုထိန်လင်းမှ ၎င်း၏ကလေးကဗျာစာအုပ် – ပန်းပျိုးခင်း ကို လက်ဆောင်အဖြစ်၎င်း၊ ထို့အပြင် မိုးမခမီဒီယာ၏ ဂုဏ်ပြုလက်ဆောင်အဖြစ် ဆရာမကြီးဒေါ်ခင်မျိုးချစ်၏ အင်္ဂလိပ်ဘာသာဆောင်းပါးများနှင့် ဂျုနီယာဝင်း မြန်မာပြန်နှင့်တွဲထားသည့်စာအုပ် – ဆယ်နှစ်လ ရာသီပန်များနှင့် ပွဲတော်များကို ပြိုင်ပွဲဝင်ကလေးလူငယ်များ အားလုံးကို ပေးအပ်မည်ဟု သိရသည်။

စာစီစာကုံးပြိုင်ပွဲ၏ အကြံပေးလည်းဖြစ်၊ ဒိုင်လူကြီးအဖြစ်လည်း ဆောင်ရွက်သူ ဆရာဦးလှမင်းက ၎င်း၏သဘောထားကို ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာကလေးသူငယ်များ၏် မြန်မာလူမှုပတ်ဝန်းကျင်အတွက် ၎င်းတို့ အတွေးအမြင်များ ထုတ်ဖော်မျှဝေနိုင်စေရန်နှင့် ပရိသတ်တို့အတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိအားပေးနိုင်ကြရန်အတွက် အခါအားလျော်စွာ မိုးမခမီဒီယာကဲ့သို့ အင်တာနက်စာမျက်နှာများတွင် စီစဉ်ကြစေလိုကြောင်း၊ အမေရိကန်ပြည်သာမက အခြားနိုင်ငံများနှင့် မြန်မာပြည်တွင်းက ကလေးသူငယ်များကိုပါ အီးမေးများကတဆင့် ဖိတ်ခေါ်ပြီး ပြိုင်ပွဲဝင်နိုင်ကြရအောင် လုပ်ပေးသင့်ကြောင်းနှင့် အင်တာနက်စာမျက်နှာတွင်လည်း ပုံနှိပ်ဖော်ပြသင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဆုပေးပွဲ အစီအစဉ်ကို အသေးစိတ် ထပ်မံကြေညာမည်ဟု သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts