>England Trip – 5

>

အင်္ဂလန်ခရီး မပြီးသေးပါ (၅)
အရှင်ဉာဏိက
သြဂုတ် ၁၂၊ ၂၀၀၉

(photo: Angus MacWatt)

ဒီနေ့ ဂရင်းနစ်ကို သွားခဲ့တယ်။ ‘ဂရင်းနစ်’ ဆိုတဲ့ နာမည်က အားလုံးနဲ့ မစိမ်းတဲ့ နာမည်။ လူသားအားလုံးရဲ့ နေ့စဉ်ဘဝ လှုပ်ရှားသွားလာမှု၊ ရှင်သန်နေထိုင်မှုမှာ အချိန်ကာလဆိုတာနဲ့ မကင်းတတ်ကြဘူး မဟုတ်လား။ အလုပ် တက်ချိန်၊ အလုပ်ဆင်းချိန်၊ ဈေးသွားဈေးလာချိန်၊ ကျောင်းတက်ကျောင်းဆင်းချိန်၊ တရားနာချိန်၊ တရားမှတ်ချိန်၊ အိပ်ချိန်၊ နံနက်စာ ညစာစားချိန် စသဖြင့် လူသားတစ်ယောက်ရဲ့ နေ့စဉ်လှုပ်ရှားမှုများကို အချိန် ကာလနဲ့ သတ်မှတ်ကြတယ်။ လူတစ်ယောက်ရဲ့လုပ်အားကိုလည်း အချိန်ကာလနဲ့ တိုင်းတာတတ်ကြတယ်။ ဒီအချိန်ကာလဆိုတာကို သတ်မှတ်မှုမှာ ကျေနပ် နှစ်သက်သည် ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ အများ သဘောတူထားကြတဲ့ စံနှုန်းတစ်ခုရှိတယ်။ အဲဒါကတော့ ‘ဂရင်းနစ် စံတော်ချိန်’ ဆိုတာပေါ့။

အချိန်ဆိုတာအပေါ် သိပ်ပြီးလေးလေးနက်နက်မရှိလှတဲ့ ကိုယ်ကတော့ ဂရင်းနစ် စံတော်ချိန်ရဲ့ သဘောသဘာဝကို ကောင်းကောင်း နားမလည်သလို နားလည်အောင်လည်း ကြိုးစားဖို့ စိတ်မဝင်စားလှပါဘူး။ သို့ပေမယ့် သည်ဂရင်းနစ်ကိုအခြေခံတဲ့ နေ့ညသတ်မှတ်မှုများ၊ အချိန်ကာလ သတ်မှတ်မှုများကတော့ ကိုယ့်ဘဝအပေါ်မှာ တနည်းအားဖြင့်တော့ ပြဋ္ဌာန်းလွှမ်းမိုးနေလေရဲ့။ ဒါကြောင့် လန်ဒန်ကိုရောက်ခိုက် အထင်ကရ နေရာများကို သွားဖို့ဆုံးဖြတ်တော့ သည်ဂရင်းနစ်ဆိုတဲ့ နေရာလေးက ထိပ်ဆုံးက ပါဝင်လာတယ်။ သွားသင့်သွားထိုက်တဲ့ နေရာတွေကို လိုက်ပါပို့ဆောင်ကြတဲ့ လန်ဒန်နေအိမ်ရှင်များရဲ့ ဦးစားပေး စာရင်းထဲမှာလည်း ပါဝင်ခဲ့တယ်။ ဂရင်းနစ်က သမိုင်းဝင်နေရာ တစ်ခုပေကိုး။

ဂရင်းနစ်ဆိုတဲ့ မြို့လေးက လန်ဒန်ရဲ့ အရှေ့တောင်အရပ်ဆီမှာ ရှိပါတယ်။ သိမ်းမြစ်ရဲ့ တောင်ဘက်ကမ်းခြေမှာ တည်ရှိတဲ့ မြို့ငယ်လေး။ ပရိုင်းမီရီဒီယံခေါ်တဲ့ ဇီးရိုး(သုည) လောင်ဂျီကျုမျဉ်းပေါ်မှာ တည်ရှိတဲ့မြို့ပေါ့။ အင်နာနေရှင်နယ် ဒိတ်လိုင်းခေါ် ကမ္ဘာကြီးကို အရှေ့ခြမ်း အနောက်ခြမ်း ခွဲခြား သတ်မှတ်တဲ့ ၁၈ဝ ဒီဂရီ လောင်ဂျီကျု မျဉ်းကြောင်းနဲ့ ဆန့်ကျင်ဘက် အရပ်မှာ ရှိတယ်လို့ ဆိုနိုင်တဲ့ အရပ်မှာပေါ့။ ဂရင်းနစ်မှာ သမိုင်းဝင်ပြီး ဗိသုကာ ပညာရှင်များရဲ့ ဖွဲ့စည်းပုံ ဆန်းပြားတဲ့ အဆောက်အဦများရဲ့ တည်ဆောက်ဟန်များကြောင့် ၁၉၉၇ ခုနှစ်ကစပြီး ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ယူနက်စကိုကနေ ဂရင်းနစ်ဒေသကို ကမ္ဘာ့သမိုင်းဝင် နေရာတွေထဲမှာ ထည့်သွင်းခဲ့ပါတယ်။ ဒီတော့ ဂရင်းနစ်ဟာ ခုတော့လည်း ကမ္ဘာ့သမိုင်းဝင် နေရာတစ် ခုအဖြစ် ကမ္ဘာအရပ်ရပ်က ခရီးသွားများရဲ့ တကူးတက လာရောက်ကြည့်ရှုရတဲ့ နေရာတစ်ခု ဖြစ်နေပြီပေါ့။ မှတ်တမ်းပြုမှုမှာ ထူးခြားလှတဲ့ အင်္ဂလိပ်တွေရဲ့ အစွမ်းအစနဲ့ ကိုယ့်နိုင်ငံ ကိုယ့်ဒေသရဲ့ ဂုဏ်ယူဖွယ် ရှေးဟောင်း အလှတွေကို စနစ်တကျ ထိန်းသိမ်းတတ်မှုများရဲ့ အကျိုးဆက်တွေကလည်း ခုလို ဂရင်းနစ် ကမ္ဘာကျော်စေဖို့ အထောက်အပံ့ကောင်းတွေလည်း ဖြစ်မှာပေါ့။

ကိုယ်ကတော့ ဂရင်းနစ်ကို ရောက်ခိုက် ကြံကြံဖန်ဖန် ဆရာတော်ဦးဗုဓ်နဲ့ အမတ်ကြီး ဦးပေါ်ဦးတို့ အကြောင်းကို သွားသတိရမိတယ်။ ဟုတ် မဟုတ်၊ မှန် မမှန်တော့ မသိဘူးပေါ့။ ကိုယ်တို့လူမျိုးက စာနဲ့ပေနဲ့သာ စနစ်တကျ မှတ်တမ်းမတင်တတ်တာ၊ ရှေးလူကြီး ပြောစကားဆိုတဲ့ ပါးစပ်ရာဇဝင်ကတော့ ကြွယ်ဝလှ မဟုတ်လား။ မှန်တာလည်းရှိ၊ မမှန်တာလည်းရှိ။ ဆရာတော်ဦးဗုဓ်က မိန့်ကြားဖူးတယ် တဲ့။ ‘အရှင်မဟာဗုဒ္ဓွဃောသ က အရင်ဖွားလို့ပေါ့ကွာ၊ အရှင်မဟာဗုဒ္ဓဃောသရဲ့ အရင်သာ သူဖွားခဲ့လျှင် အရှင်မဟာဗုဒ္ဓွဃောသရေးတဲ့ အဋ္ဌကထာကျမ်းစာတွေကို သူရေးမှာ’ လို့ မိန့်ဖူးတယ်တဲ့။ အရှင်မဟာဗုဒ္ဓွဃောသ ဆိုတာကတော့ ခုခေတ် ထေရဝါဒပိဋကသမိုင်းမှာ ဗုဒ္ဓွပြီးလျှင် အထင်ရှားဆုံး ဆရာတော်တစ်ပါး။ ရှေးဆရာစဉ်ဆက် စကားအရ ပြောရလျှင် ဗုဓ်စ၊ ဗုဓ်လယ်၊ ဗုဓ်ဆုံး ဆိုပြီး သုံးပါးရှိရာမှာ ဗုဓ်လယ်လို့ ညွှန်းဆိုရတဲ့ မထေရ်မြတ်တစ်ပါး။ ဗုဒ္ဓွဟောကြားတော်မူခဲ့တဲ့ ပါဠိတော်များကို နောင်လာနောက်သားတွေ ပိုမို နားလည်လွယ်အောင် အနက်အဓိပ္ပာယ် ဖွင့်ဆိုချက် ဆိုင်ရာများကို ပါဠိဘာသာနဲ့ ရေးသားခဲ့တဲ့ အရှင်မြတ်တစ်ပါး။ ဗုဓ်ဆုံးလို့ သတ်မှတ်ခံရတဲ့ ဆရာတော်ဦးဗုဓ်ကတော့ ပါဠိတော်များကို နိဿယ (မြန်မာဘာသာ) ပြန်ဆိုရာမှာ အထူးထင်ရှားတဲ့ ဆရာတော်တစ်ပါးပေါ့။

ကုန်းဘောင်ရာဇဝင်ကို ပြောလေတိုင်း ဘကြီးတော် (မှန်နန်းရှင်) မင်းတရားကြီးရဲ့ မိဖုရားခေါင်ကြီး နန်းမတော်မယ်နု အကြောင်းကို ချန်ထားလို့ မရနိုင်ပါဘူး။ တဆက်တည်းမှာပဲ နန်းမတော်မယ်နုနဲ့ ဆရာတော်ဦးဗုဓ်တို့ရဲ့ ဆရာဒကာ ဆက်ဆံရေးကို စံယူဖွယ်အဖြစ် ပြောတတ်ကြတယ်။ ဦးဗုဓ်ကို သတိရမိတာကတော့ ဦးဗုဓ်လိုပဲ ကိုယ်လည်း ‘အင်းပေါ့လေ။ အင်္ဂလိပ်တွေက သူတို့ရဲ့ ဂရင်းနစ်မြို့လေးကို ဗဟိုပြုပြီး တကမ္ဘာလုံးက လက်ခံကြရတဲ့ ဂရင်းနစ်စံတော်ချိန်ကို သတ်မှတ်ခဲ့ကြလို့ပေါ့။ နို့မဟုတ်လို့ ကိုယ်သာ သူတို့ အရင်မွေးလို့ အချိန် သတ်မှတ်ရမယ်ဆိုလျှင် ကိုယ်မွေးဖွားခဲ့တဲ့ ဟိုအဝေး မြန်မာနိုင်ငံ အညာဒေသက ‘ရေဦး’ ဆိုတဲ့ မြို့လေးကို ဗဟိုပြုလို့ ရေဦးစံတော်ချိန်ရယ်လို့ သတ်မှတ်မှာပေါ့’ လို့ တွေးမိလို့ပါ။ မရယ်နဲ့နော်။ ဒါ တကယ် တွေးမိတာကို ပြောတာ။ နောက်ပြီး ကိုယ်က နန်းမတော်မယ်နု နန်းကျပြီး အသတ် ခံရဆဲနီးနီးမှာ ဆရာတော်ထံ ဝင်ရောက်ဖူးမြင်တော့ ဆရာတော်ဦးဗုဓ်ရဲ့ ‘မိနုရယ်၊ ဝဋ်ရှိလျှင်ဖြင့် ခံရမှာပေါ့’ ဆိုတဲ့ စကားတစ်ခွန်း ကြားရရုံမျှနဲ့ ‘မိနုတို့ လူဖြစ်ကျိုး နပ်ပြီ၊ သေပျော်ပါပြီ’ ဆိုပြီး ရဲရဲတောက် ဥဒါန်း ကျူးရင့်ခဲ့တဲ့ မိဖုရားခေါင်ကြီး နန်းမတော်မယ်နုရဲ့ ဇာတိ ရေဦးမြို့နယ်၊ ဖလံခုံရွာသား။ သမိုင်းနဲ့လာတာ။ သမိုင်းတွေ အစဉ်အလာတွေကို တန်ဖိုးထားတတ်ကြတဲ့ အင်္ဂလိပ်တွေကို ကိုယ်လည်း သမိုင်းအစဉ်အလာနဲ့ပါ ဆိုတာကို ပြောရာလည်း ရောက်သွားအောင်ပေါ့လို့ တွေးမိတယ်။ ဒီလိုဆိုတော့ သမိုင်းကို တန်ဖိုးထားတဲ့ အင်္ဂလိပ်တွေက ကိုယ့်ကို ကောင်းချီးများ ပေးလေဦးမလား မသိနိုင်ဘူး။

အမတ်ကြီး ဦးပေါ်ဦးကလည်း ဘိုးတော်ဦးဝိုင်းကို လျှောက်တင်ဖူးတယ်တဲ့။ ဘိုးတော်က ဦးပေါ်ဦးကို ‘ကမ္ဘာကြီးရဲ့ အလယ်ခေါင်တည့်တည့် အရပ်ဟာ ဘယ်မှာလဲ’ ဆိုတော့ နန်းတော်ပေါ်က ဆင်း၊ နန်းတော် လှေကားခြေရင်းမှာ ငုတ်တစ်တိုင် စိုက်ပြီး ‘ဒီငုတ်တိုင်နေရာဟာ ကမ္ဘာ့အလယ် တည့်တည့်ပါ’ လို့ လျှောက်တင်သတဲ့။ ဒီတော့ ဘိုးတော်က ဟုတ်ရဲ့လား ပေါ်ဦးရယ်ဆိုတော့ မယုံလျှင် တိုင်းကြည့်ပါဘုရားလို့ လျှောက်တင်ဖူးသတဲ့။ ခုလည်း ကမ္ဘာကြီးကို အရှေ့အနောက်ခြမ်းရာမှာ ဂရင်းနစ်မျဉ်း နေရာဟာ ကမ္ဘာ့အလယ်ခေါင်တည့်တည့်ပါ ဆိုတော့ အင်္ဂလိပ်တွေ ကမ္ဘာကို စိုးမိုးချိန်က အင်္ဂလိပ်ဘုရင်တွေ အနီးမှာ အမတ်ကြီး ဦးပေါ်ဦးလို မယုံလျှင် တိုင်းကြည့်ပါလို့ ပြောသူများ ရှိနေလို့လားလို့ ဆိုင်သလား မဆိုင်သလားမသိ၊ သွားလို့ဖြင့် တွေးမိလိုက်ပါသေးတယ်။ ခုတော့ ကိုယ်က သူတို့သတ်မှတ်ထားတဲ့ ကမ္ဘာ့အလယ် မျဉ်းကြောင်းပေါ်မှာ တည့်တည့်မတ်မတ် ရပ်လို့။

ကိုယ်ဂရင်းနစ်ကို ရောက်တော့ အချိန်က ညနေ ၅ နာရီ။ ရွိုင်ရယ် အော်ဘဆတရီ ပြတိုက်ကတော့ ပိတ်သွားပြီ။ ဂရင်းနစ်မျဉ်းကြောင်း တည်ရှိရာ အော်ဘဆတရီ တောင်ကုန်းမှာတော့ ကိုယ်တို့လိုပဲ နောက်ကျ လေ့လာသူအချို့နဲ့ စည်ကားနေရဲ့။ ဂရင်းနစ်မျဉ်းပေါ် ရပ်လို့ မှတ်တမ်းတင်သူက တင်၊ မျဉ်းဘေးရေးထားတဲ့ နိုင်ငံစာလုံးတွေထဲမှာ ကိုယ့်နိုင်ငံ ဘယ်ဆီမှာ တည်ရှိလေသလဲလို့ စူးစမ်းသူက စူးစမ်းလို့။ ကမ္ဘာအရပ်ရပ်က လာကြသူတွေဆိုတော့ ရှာဖွေရာ အရပ်တွေလည်း ကွဲပြား ခြားနားပေမပေါ့။ သူများနည်းတူ ကိုယ်လည်းပဲ ကိုယ့်ရဲ့ ရွှေနိုင်ငံ ဘယ်မှာလဲလို့ စူးစမ်းမိပါတယ်။ တွေ့ပါပြီ။ Rangoon ၉၆ံ တဲ့။ ၉၆ ဒီဂရီက ဘာကို ဘယ်လိုညွှန်း ဆိုတာတော့ မသိတာအမှန်ပါ။ ကောလိပ်မှာတုန်းက ဂျင်နရယ်အကျူကေးရှင်းအဖြစ် မသင်ချင့် သင်ချင် သင်ယူခဲ့ရတဲ့ ပထ၀ီဘာသာရပ်ကလည်း ကိုယ့်ခေါင်းထဲမှာ နည်းနည်းလေးမှပင် မထင်ကျန်တော့။ လောင်ဂျီကျုနဲ့ လတ္တီကျုတောင်မှ ကွဲကွဲပြားပြား မမှတ်မိတော့။

ဂရင်းနစ်ကုန်းမြင့်ဆီကနေ အရှေ့မြောက်စူးစူးဆီ လှန်းမျှော် ကြည့်လိုက်တော့ သိမ်းမြစ်ကို လှမ်းလို့မြင်ရတယ်။ နောက်ပြီး အမိုးတစ်ခုတည်းသာရှိတဲ့ အဆောက်အဦများထဲမှာ ကမ္ဘာမှာ အကြီးဆုံးပါလို့ ဂုဏ်ယူကြတဲ့ မီလီနီယံဒုန်း (The Millennium Dome) ခေါ်တဲ့ အဝေးကနေကြည့်လျှင် လိပ်ကျောကုန်းပေါ်မှာ ထိုးထိုးထောင်ထောင် ငါးဆူးတောင်ကြီးတွေ တင်ထားသလို မြင်ရတဲ့ ခေါင်မိုးဝါဝါ အဆောက်အဦကြီးကိုလည်း လှမ်းလို့မြင်နေရတယ်။ သိမ်းမြစ်ကမ်းတလျှောက်မှာတော့ သဘောင်္ကြီးငယ်တွေက အစီအရီ။ တိုက်တာ အဆောက်အဦတွေကလည်း အချို့နိမ့်နိမ့်၊ အချို့မြင့်မြင့်။ မိုးတိမ်ညို့ညို့နောက်ခံမှာ ထင်ရှားစွာ လှမ်းလို့မြင်ရ။ တောင်ခြေရှိ ဂရင်းနစ် ပန်းခြံထဲမှာတော့ သစ်ပင်ပေါင်းစုံတို့က စိမ်းစိမ်းစိုစို၊ စီစီရီရီ၊ ညို့ညို့မှိုင်းမှိုင်း။ ကောင်းကင် တခွင်လုံးလည်း အုံ့ဆိုင်းရီဝေလို့။ အော်ဘဆတရီ တောင်ခြေအနီးမှာတော့ ပင်လယ် ရေကြောင်းဆိုင်ရာ သိကောင်းဖွယ်ရာတွေ ပြသထားတဲ့ National Maritime Museum နဲ့ Queen’s House ဘုရင်မအိမ်(နန်းတော် မဟုတ်) အဆောက်အဦကြီးများက ခန့်ခန့်ထည်ထည်။

ရောက်တုံးရောက်ခိုက် မှတ်မှတ်ရရ ဖြစ်စေဖို့ ဂရင်းနစ်မျဉ်းကြောင်းပေါ် အမှတ်တရ ဓာတ်ပုံရိုက်နေခိုက်မှာပဲ မိုးစက်မိုးပေါက်အချို့က ကိုယ့်ခေါင်းပေါ် ကျလာတယ်။ ဒီမိုးစက်မိုးပေါက်တွေကို သူ့ပကတိအတိုင်း ကောက်သိမ်းလို့ရလျှင် ကောက်သိမ်းထားလိုက်ချင်သား။ နောင်မှာ အထူးအဆန်းအဖြစ် ပြသလို့ရအောင်ပေါ့။ ဟုတ်တယ်လေ။ ဒီမိုးစက်တွေလည်း အဆုံးအစမဲ့ မိုးကောင်းကင်ကြီးရဲ့ အလယ်ခေါင် တည့်တည့်က ကျလာတာမဟုတ်ဘူးလို့ရော ဘယ်သူ ပြောနိုင်ပါ့မလဲ နော။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts