>Thakhin Ma Gyi Daw Hla Kyi

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၄၁)
သခင်မ ဒေါ်လှကြည် သို့မဟုတ် စာရေးဆရာမကြီး ကြည်ဦး
ထိန်လင်း
ဇူလိုင် ၂၆၊ ၂၀၀၉


ဒေါ်လှကြည် (၁၉၂၅ – ၂၀၀၉)


မြန်မာပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့တန်းတူ ပါဝင်လာခဲ့သလို နိုင်ငံရေးနယ်ပယ်မှာ ပါဝင်နေတဲ့ အမျိုးသမီးတွေက စာပေတာဝန်ပါ တပြိုင်တည်း ထမ်းဆောင်နိုင်သူတွေ ရှိပါတယ်။ နိုင်ငံရေး လွတ်လပ်တဲ့ ခေတ်တွေမှာ အဲဒီလို နိုင်ငံရေးနဲ့ စာပေတာဝန်တွေကို တပြိုင်တည်း ထမ်းဆောင်နိုင်ပေမယ့် အခုခေတ်မှာတော့ နိုင်ငံရေးလုပ်ဆောင်သူက စာပေရေးသားခွင့်အပိတ်ခံရ၊ စာပေနဲ့ ရပ်တည်သူတွေကလည်း နိုင်ငံရေးဆိုတာကို မျက်စောင်းမထိုးရဲ ဆိုသလိုမျိုး ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဒီလို ဆိုးဝါးတဲ့ အခြေအနေထဲမှာ အခွင့်အရေးပေးသမျှ ၂ ဖက်စလုံး တာဝန်ကျေသူတွေ ရှိနေပါတယ်။ တချို့ဆိုရင် ခေတ်ကာလ တစ်ခုတည်းမှာသာ မဟုတ်ဘဲ ခေတ်အဆက်ဆက် ဘဝတလျှောက်လုံး တာဝန်ကျေခဲ့သူတွေဖြစ်ပါတယ်။

ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေးနဲ့ စာပေတာဝန် ကျေခဲ့တဲ့ အမေ လူထုဒေါ်အမာ၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့လိုပဲ တခြား စံပြုထိုက်သူ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ အဲဒီထဲမှာ အခုနှစ် မတ်လ ၂ဝ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ စာရေးဆရာမကြီး ကြည်ဦး လည်း ပါဝင်ပါတယ်။ သူဟာလည်း ငယ်စဉ်ကနေ ကွယ်လွန်ချိန်အထိ မြန်မာပြည်နိုင်ငံရေး နယ်ပယ်စုံမှာ ဖြတ်သန်းရင်း စာပေတာဝန်ပါထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

စာရေးဆရာမကြီး ကြည်ဦးရဲ့ အမည်ရင်းက ဒေါ်လှကြည်ဖြစ်ပြီး ‘သခင်မ ဒေါ်လှကြည်’လို့လည်း အမည်တွင်ခဲ့ပါတယ်။ ဆရာမကြီးကို ၁၉၂၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က သထုံခရိုင် ဘီးလင်းမြို့နယ် တောင်စွန်းမှာ မွေးဖွားခဲ့ပါတယ်။ တောင်းစွန်းဆရာကြီး ဦးထွန်းလှရဲ့ မူလတန်းကျောင်းမှာ စတင် ပညာသင်ကြားခဲ့ပြီး ဒုတိယကမ္ဘာစစ် ပြီးတဲ့အခါ ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဆရာမကြီးဟာ စာပေ ဝါသနာနဲ့ နိုင်ငံရေး အသိစိတ် ငယ်ငယ်ကလေးတည်းက သန္ဓေတည်ခဲ့သူလို့ ဆိုနိုင်ပါတယ်။ တဆက်တည်းမှာပဲ ဖြစ်ချင်တဲ့ဆန္ဒကို ပြည့်ဝအောင် ကြိုးပမ်းသူဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။

အသက် ၉ နှစ် တတိယတန်းကျောင်းသူဘဝမှာတင် ဒီဆူဇာ ဆေးတိုက်က ထုတ်တဲ့ ဆေးကြော်ငြာ သက်စောင့်မဂ္ဂဇင်း ကို ဝတ္ထုတစ်ပုဒ် ရေးပြီး ပို့ခဲ့ပါတယ်။ ဒါပေမယ့် ‘မရွေးပါ’ဆိုတဲ့ စာနဲ့အတူ စာမူကို ပြန်ပို့လိုက်လို့ မိသားစုက ဝိုင်းလှောင်တာကို ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဇွဲမလျှော့ဘဲ စနေနေ့တိုင်း ထုတ်ဝေတဲ့ စနေနဂါးနီဂျာနယ် တို့ကျောင်းသားအခန်းကို စာမူ ဆက်ပို့ခဲ့ပါတယ်။ အဲဒီလို ဆက်ပို့ဖြစ်တဲ့အကြောင်းကို ဆရာမကြီးက

“ပို့ရသည့်အကြောင်းရင်းမှာ ဆရာကြီးကတော်သည် နေ့လယ် ကစားချိန် ကျောင်းလွှတ်ပေးတိုင်း ကျောင်းသူကလေးများကို ခေါ်၍ အနင်းအနှိပ်ခိုင်းသည်ကို မခံချင်၍ဖြစ်သည်။ ကျောင်းသူများစွာက ဆရာကြီးကတော်ကို မကျေနပ်ကြပါသော်လည်း ခေါင်းငုံ့ခံနေရသည်။ စာရေးချင်သော ကျွန်မကသာ ဤမကျေနပ်ချက်ကို အများသိအောင် စာရေးရခြင်းဖြစ်သည်” လို့ သူ့ရဲ့ ‘အမှတ်တရ ရွှေရုပ်လွှာများ’ စာအုပ်မှာ ရှင်းပြထားပါတယ်။ ဒါဟာ မတရားမှုကို လက်မခံဘူးဆိုတဲ့ စိတ်ဓာတ်အခြေခံဖြစ်ပါတယ်။ အဲဒီထဲမှာပဲ “စာရေးချင်တာလား၊ စာရေးဆရာ ဖြစ်ချင်တာလားဟု မေးလာလျှင် စာရေးချင်ပါတယ်ဟု ဖြေမည်ပင်”လို့ သူ့ရဲ့ စာပေဝါသနာကို ဖော်ပြထားပါတယ်။

ဆရာမကြီးက ၁၉၅ဝ ပြည့်နှစ်က စပြီး ‘ကြည်ဦး’ ဆိုတဲ့ ကလောင်အမည်ကို သုံးစွဲခဲ့ပါတယ်။ ကလောင်ခွဲတွေကတော့ ကြော့ဦး၊ ကြည်ဦး၊ ကြည်ဦးဆွေ၊ ခင်နှင်းဆီ၊ ခင်ဦးမေ၊ ငွေဇင်၊ စိမ်းမြနွယ်၊ နီလာ၊ မေကြည်ဦး၊ မေမြင့်ဦး၊ အမျိုးသမီးဆရာဝန်၊ ဦးကြီးစိုး တို့ဖြစ်ပါတယ်။

စာပေတာဝန်များအနေနဲ့ ၁၉၅၃ ခုနှစ်မှာ လူထုပညာရေးကောင်စီက ထုတ်ဝေတဲ့ ‘လူထုပညာစာစောင်’ရဲ့ လက်ထောက်အယ်ဒီတာအဖြစ်၊ ၁၉၅၉ ခုနှစ်မှာ ဖွဲ့စည်းတဲ့ ‘မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း’ မှာ စတင် တည်ထောင်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သလို ယုဝတီဂျာနယ်မှာ အယ်ဒီတာအဖြစ် ၆ နှစ် ဆောင်ရွက်ခဲ့ပါတယ်။ မဂ္ဂဇင်း စာစောင်အများအပြားမှာ ဝတ္ထုနဲ့ ဆောင်းပါးတွေ ရေးသားခဲ့ပြီး ယဉ်ကျေးမှု၊ ဘာသာရေး၊ ကလေးစာပေ နဲ့ အတ္ထုပ္ပတ္တိတွေ ပါဝင်တဲ့ လုံးချင်းစာအုပ် ၁ဝ အုပ်ကျော် ထွက်ရှိခဲ့ပါတယ်။

နိုင်ငံရေးအသိစိတ်ကတော့ မူလတန်းကျောင်းသူဘဝကတည်းက စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ စတင်ပုံက ဒီလိုပါ။ ရန်ကုန် အတွင်းဝန်ရုံးကို ကျောင်းသားတွေ သွားရောက်ဆန္ဒပြခဲ့ရာက ရက်ရက်စက်စက် ဖြိုခွဲတဲ့အတွက် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရတဲ့ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့မှာ စစ်ပုလိပ်တွေ ရိုက်တဲ့အတွက် ဒဏ်ရာအကြီးအကျယ် ရခဲ့တဲ့ ကျောင်းသူတွေ ရှိပါတယ်။ အဲဒီထဲက ဒီးဒုတ်ဦးဘချိုရဲ့သမီး မမြမြဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ကျောင်းသားတွေက မမြမြ ရဲ့ ဓာတ်ပုံကို ‘အာဇာနည် မမြမြ’လို့ စာတန်းထိုးပြီး ရန်ပုံငွေအတွက် အလှူငွေအဖြစ် ရောင်းချခဲ့ကြပါတယ်။ အဲဒီအချိန် မူလတန်းကျောင်းသူသာ ဖြစ်သေးတဲ့ ဆရာမ ကြည်ဦးက အာဇာနည်မြမြ ရဲ့ ပုံကို ရင်မှာ အမြဲချိတ်ပြီး ဂုဏ်ယူဝင့်ကြွားခဲ့တယ်လို့ ကိုယ်တိုင် ရေးသားခဲ့ဖူးပါတယ်။ ဒါဟာ သူ့ရဲ့ နိုင်ငံရေးစိတ်ဓာတ် အစပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဖက်ဆစ်တော်လှန်ရေး လျှို့ဝှက်အဖွဲ့၊ တို့ဗမာအစည်းအရုံးဝင်၊ အာရှလူငယ် ဉာဏဗလမှူး စတဲ့ နိုင်ငံရေးတာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ ကိုလိုနီခေတ်မှာ တိုင်းပြည်လွတ်မြောက်ရေးအတွက် အဲဒီလို ပါဝင်ခဲ့တဲ့ ဆရာမကြီးဟာ ၁၉၈၈ ခုနှစ် လူထု ဒီမိုကရေစီအရေးတော်ပုံကြီးမှာ နောက်ချန်ပြီး မနေခဲ့ပါဘူး။ ဒီမိုကရေစီရေးအတွက် အာဏာရှင်ဆန့်ကျင်ရေး တရားတွေကို ဟောပြောရင်း လူထုနဲ့အတူ ပါဝင်ခဲ့ပါတယ်။ စစ်အစိုးရရဲ့ ထောက်လှမ်းရေးမှတ်တမ်းမှာတောင် ဆရာမကြီးက ၈၈ အရေးတော်ပုံကာလအတွင်း လူထု ဟောပြောပွဲပေါင်း ၃ဝ လောက် ပါဝင်ဟောပြောခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

စစ်အာဏာသိမ်းပြီးလို့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲပြုလုပ်တဲ့အခါ ဆရာမကြီးက ရန်ကင်းမြို့နယ် မဲဆန္ဒနယ် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာလည်း ခင်ပွန်းဖြစ်သူ ဆရာကြီး နန်းညွန့်ဆွေနဲ့အတူ ဒီမိုကရေစီရေး ဘက်တော်သားအဖြစ် တတ်စွမ်းသမျှ အားပေး ပါဝင်ခဲ့ပါတယ်။

၂ဝဝ၇ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ သံဃာတော်များဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေး၊ နာဂစ်မုန်တိုင်း လေဘေးကယ်ဆယ် စောင့်ရှောက်ရေးလုပ်ငန်းတွေမှာလည်း သားဖြစ်သူ ကိုဇာဂနာ နဲ့အတူ ရှေ့တန်းက ပါဝင်ပြီး ပြည်သူလူထုအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးခဲ့ပါတယ်။ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ သားဖြစ်သူကို စစ်အာဏာပိုင်တွေက ဖမ်းဆီးသွားပြီး နောက်ပိုင်းမှာလည်း ကျန်ရှိနေတဲ့ တာဝန်တွေကို ဆက်လက် လုပ်ဆောင်ခဲ့သလို ပြည်ပ သတင်းမီဒီယာတွေရဲ့ မေးမြန်းခန်းတွေမှာလည်း အရှိကိုအရှိအတိုင်း ရဲရဲဝံ့ဝံ့ ဖြေကြားခဲ့သူ ဖြစ်ပါတယ်။ ဒီလို ရဲဝံ့တက်ကြွတဲ့ မိခင်တစ်ယောက်က တိုင်းပြည်အရေးကို ဆောင်ရွက်နေတာကို မြင်ရ ကြားရလို့ သူ့လို ပါဝင်လုပ်ဆောင်သူတွေ ဘယ်လောက်များများ ထပ်ပြီး ပေါ်ထွက်လာခဲ့သလဲ ဆိုတာကို အတိအကျ မသိနိုင်ပေမယ့် ဒီလို မိခင်တွေရဲ့ ခွန်အားနဲ့မေတ္တာကတော့ အတိဒုက္ခရောက်နေသူအတွက် အလွန်ပဲ အားရှိလှပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆရာမကြီး ကြည်ဦး လို ဂုဏ်ပြုထိုက်သူတွေကို အမြဲတမ်း သတိတရ မှတ်တမ်းတင်ကြရမှာ ဖြစ်ပါတယ်။ ။

ထိန်လင်း (၈ ၊ ၆၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် ဇွန်လ ၁၂ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts