>Ashin Nanika – London 02

>

အင်္ဂလန်ခရီး မပြီးသေးပါ (၂)

အရှင်ဉာဏိက

ဇွန်လ ၂၂၊ ၂ဝဝ၉

အင်္ဂလန်အင်မီဂရေးရှင်းအရာရှိက ထွေထွေထူးထူး မမေးပါဘူး။ ဘာရည်ရွက်ချက်နဲ့လာတယ်၊ ဘယ်လောက်ကြာမယ်၊ ဘယ်မှာတည်းခိုမယ် စကားသုံးခွန်းလောက်ပါပဲ။ ပြီးတော့ ပတ်စ်ပို့မှာ အဝင်ရက်စွဲ ထုပေးလိုက်တယ်။ အိုကေပါပဲ။ လေယာဉ်ပေါ်ပါ ခရီးသည်အားလုံးနီးပါး ဘာပစ္စည်းမှ အထူးမပါကြလို့လားတော့ မသိဘူး။ ပစ္စည်းရှာဖွေရေးဂိတ်ကိုတောင် မဖြတ်ကြဘဲ ဆိုင်ရာအပေါက်အသီးသီးကို လွယ်လွယ်ကူကူပဲ ထွက်ခွာသွားကြတာကို အမှတ်ပြုမိတယ်။ အာရှဘက်သွားကြတဲ့ ခရီးသည်အများစုဆိုလျှင်တော့ ဆိုင်ရာဒေသရှိ ဆွေမျိုးဉာတိတွေအတွက် ပစ္စည်းတွေ တနင့်တပိုး သယ်တတ်ကြရတာကို တွေ့ဖူးနေခဲ့တာ။ ဒီဘက်မှာတော့ ဒီဝန်မျိုး မရှိဘူးလို့ပဲ မှတ်ယူရမှာပေါ့။ ကိုယ်တို့မှာလည်း ဘာမှအထူးမပါတော့ လာကြိုမယ့်သူတွေရှိရာကို တိုက်ရိုက်ပဲသွားခဲ့ကြတယ်။

ဧည့်ကြိုနေရာမှာတော့ လန်ဒန်ရောက် ဆရာတော်တွေဖြစ်တဲ့ ဆရာတော်ဦးကုသလ၊ ဦးဝိသုတနဲ့ ဦးတောသနတို့ လာရောက်ကြိုဆိုကြတယ်။ ရွှေမင်းဝံဆရာတော်နဲ့ သူတို့အားလုံးနဲ့ကလည်း ရင်းနှီးဖူးပြီးသား။ သုံးပါးလုံးက လန်ဒန်အနောက်ပိုင်းရှိ လန်ဒန်ဝိဟာရမှာ သီတင်းသုံးနေကြတယ်။ ဆရာတော်သုံးပါးစလုံးက ကိုယ်နေထိုင်ရာ ဆန်ဖရန်ဝန်းကျင်ရှိ ဖရီးမောင့်မြို့က မေတ္တာနန္ဒဝိဟာရကို ရောက်ဖူးကြလို့ အားလုံးနဲ့က သိကျွမ်းပြီးသား။ အဆင်သင့်လျှင် လန်ဒန်ကို အလည်လာဖို့ ဖိတ်ခေါ်တတ်ကြတာ။ ခုတော့ လန်ဒန်ကို တကယ်ရောက်လာနိုင်ပြီ။

ဟီသရိုးလေဆိပ်က ထွက်တာနဲ့ ထူးထူးခြားခြား အမှတ်ပြုမိလိုက်တာတွေရှိတယ်။ လေဆိပ်အထွက်မှာ တွေ့လိုက်ရတဲ့ ဂျက်လေယာဉ်ငယ်လောက်ခန့်ရှိ လေယာဉ်ပုံစံတစ်ခုနဲ့ ကြော်ငြာ။ လေယာဉ်ကိုယ်ထည်ပေါ်မှာ Emirates ဆိုတဲ့ စာတမ်းထိုးလို့။ ဆော်ဒီလေကြောင်းလိုင်းရဲ့ ကြော်ငြာတစ်ခုပါ။ အရှေ့အလယ်ပိုင်းဒေသရဲ့ စီးပွားရေးအင်အား ကြီးထွားလာမှု သင်္ကေတတစ်ခုများလားလို့ တွေးထင်မိတယ်။ ဂရိတ်ဗြိတိန်ဆိုတော့ လန်ဒန်မှာ အရာအားလုံးဟာ ခန့်ခန့်ထည်ထည် ကြီးကြီးမားမားကြီးတွေ၊ ရှေးဟောင်းဆန်ဆန်တွေပဲဖြစ်မယ်လို့ ထင်ထားခဲ့တာ။ ခုမြင်ရတဲ့ လန်ဒန်ကတော့ ကိုယ်တွေ့မြင်နေကျ အမေရိကန်ပြည်ထောင်စုရှိ အဆောက်အဦများလိုပါပဲ။ အရောင်အဆင်းလည်း မထူးခြားလှ။ ပုံသဏ္ဌာန်လည်း ဆင်တူရိုးမှား။ အုတ်ကြွပ်မိုးများရဲ့ နွမ်းလျလျ နီညိုရောင်ကလွဲလျှင်ပေါ့။ မြင်မြင်သမျှက သစ်သစ်လွင်လွင်။ သို့ပေမယ့် ထူးခြားတာက လမ်းတွေ ပိုကျဉ်းနေတာရယ်၊ ကားတွေ ပိုသေးနေတာရယ်၊ တိုက်တာ အဆောက်အဦတွေက ပိုနိမ့်နေတာရယ်ပါပဲ။ နောက်ပြီး လက်ဝဲကပ်မောင်းစနစ်ကလည်း လမ်းပြောင်းပြန်မောင်းတဲ့ ကားကို စီးနေရသလို ခံစားမိပြန်တယ်။ ကိုယ်သာ ကားမောင်းရလျှင် ဘယ်ညာမှားပြီး ယောင်ချာချာဖြစ်နေမှာ။ လမ်းတလျှောက် အချို့နေရာများမှာတော့ ရှေးဟောင်းအရိပ်အငွေ့တော်တော်များများကို ပိုပိုတွေ့လာရတယ်။ လန်ဒန်မြို့လယ်မှာ ဆိုလျှင်တော့ ဒီထက်ခမ်းနားထည်ဝါတဲ့ ရှေးဟောင်းလက်ရာတွေကို တွေ့ရလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

လေယာဉ်ကွင်းကနေ တည်းခိုရာကျောင်းကိုရောက်ဖို့ နာရီဝက်လောက် ကားမောင်းရတယ်။ လန်ဒန်ဝိဟာရ ကျောင်းက ပြန်လည်ချဲ့ထွင် ပြုပြင်နေဆဲ။ ရှေးဟောင်းပုံစံပေါ်မှာ ခေတ်ပေါ်ပစ္စည်းတွေနဲ့ ခန့်ခန့်ထည်ထည်။ မပြီးပြတ်သေးတဲ့အရာတွေအတွက် အပြီးသတ်နေဆဲ။ လန်ဒန်မြို့လိုနေရာမှာ ခုလောက်ကျယ်ပြန့်တဲ့ အဆောက်အဦနဲ့ ကျောင်းမျိုးက မြန်မာ့အတိုင်းအတာနဲ့ဆို ဂုဏ်ယူစရာ။ အရုဏ်ဆွမ်းအတွက် မန္တလေးနန်းကြီးသုတ်က အဆင်သင့်။ နန်းကြီးက ကိုယ့်အကြိုက်။ ဒါလည်းပဲ လာဘ်ကောင်းခြင်းတစ်မျိုး။ ဟုတ်တယ်လေ။ မတော်လို့ မုန့်ဟင်းခါးနဲ့များ အရုဏ်ဆွမ်း ဆက်ကပ်ခဲ့လျှင် ဒီလန်ဒန်ဟာ ဘယ်လိုလုပ် ကိုယ့်အတွက် မင်္ဂလာရှိစွာ ကြိုဆိုမှုဖြစ်နိုင်မှာလဲ။ လန်ဒန်ရာသီက အေးတယ်ဆိုရုံမျှ။ လေပြည်လေးက သွေးရုံမျှ။ နေခြည်လေးက ရှိန်းမြမြ။ နေထိုင်ကောင်းမွန် မျှတစွ။ သာယာလှတဲ့ ချိန်ခါသမယ။

နေ့လယ်စာစားပြီး လန်ဒန်မြို့ထဲကို ထွက်ခဲ့ကြတယ်။ ပထမ ဘတ်စ်ကားစီး။ လန်ဒန်ဘတ်စ်ကားတွေက အနီရောင် နှစ်ထပ်ကားကြီးတွေ။ မြင့်မြင့်ထောင်ထောင်နဲ့။ ဘတ်စ်ကားကြီးတွေက ရှေ့တည့်တည့်ကကြည့်ရင် ပါးလွှာလွှာ လှီးထားတဲ့ ပေါင်မုန့်ချပ်ကြီးတွေအလား ထင်ရတယ်။ ကြည့်ကြည့်လေရာ နေရာအနှံ့။ လမ်းကျဉ်း လမ်းသွယ်၊ နေရာတကာ ကားနဲ့လမ်းအကျယ်အဝန်းက မဆန့်တရံ့။ သူတို့မို့ ကျဉ်းကျဉ်းကျပ်ကျပ်ထဲ မောင်းရဲတယ်။ ဘတ်စ်ကားက ဆင်း၊ ရထား ပြောင်းစီးရတယ်။ ရထားဘူတာက ဝင်ဘလေ ပါ့ခ်။ ဝင်ဘလေကတော့ ကိုယ်နဲ့သိပ်မစိမ်းတဲ့နာမည်။ ကိုယ်တင်မဟုတ်ပါဘူး။ အားကစားနဲ့ မစိမ်းတဲ့ ကမ္ဘာအရပ်ရပ်ကလူတိုင်း အင်္ဂလန်နိုင်ငံရဲ့ အမျိုးသားအားကစားကွင်းကြီး ဝင်ဘလေဆိုတာကို ကြားဖူးမှာပါ။ ဒီကွင်းကြီးမှာပဲ ကမ္ဘာကျော် အားကစားအမျိုးမျိုးကို ကျင်းပလေ့ရှိတယ် မဟုတ်လား။ ဝင်ဘလေဘူတာက ဝင်ဘလေ အားကစားကွင်းကြီးနဲ့ မျက်နှာချင်းဆိုင် လမ်းတဖက် မလှမ်းမကမ်းမှာ။ ဘူတာကနေကြည့်လိုက်လျှင် ဘီးခုံးကြီးတစ်ခု အပေါ်ကနေ တင်ထားသလိုဖြစ်နေတဲ့ ဝင်ဘလေကွင်းကြီးက ခန့်ခန့်ထည်ထည်။ မပြန်ခင်မှာ ဝင်ဘလေကွင်းကြီး နောက်ခံပြုကာ အမှတ်တရ ဓာတ်ပုံရိုက်ဦးမယ်။ ကမ္ဘာကျော် အားကစားသမားတွေ ခြေချချင်ကြ၊ ခြေချကြတဲ့နေရာ။ ရွာတောင်မကျော်တဲ့ အားကစားဝါသနာရှင်တစ်ယောက်လည်း ဒီနေရာကို ရောက်ခဲ့ပါကြောင်း ဝင်ဘလေစောင့်နတ်မင်းတွေ အပျင်းပြေ မှတ်တမ်းပြုနိုင်အောင်ပေါ့။

လန်ဒန်ဝိဟာရက ထွက်စကတည်းက လမ်းထိပ်က စတိုးဆိုင်မှာ တနေ့တာအတွက် လက်မှတ်ဝယ်ခဲ့တယ်။ ရှိပြီးသား (Oyster card) ခေါ်တဲ့ လက်မှတ်ဟောင်းပေါ်မှာ တနေ့တာအတွက် ဘတ်စ်ကားနဲ့ ရထားပါ အတူတွဲသုံးနိုင်အောင် ငွေပေါင်းထည့်ရတဲ့ လက်မှတ်မျိုး။ ဒါကို Top-up လုပ်တယ်လို့ခေါ်တယ်။ ဘာကြောင့် ဒီလိုခေါ်တယ်တော့ မသိဘူး။ ကားတို့ ရထားတို့ တက်ရာမှာ ဝင်ပေါက်မှာရှိတဲ့ ကတ်ဖတ်စက်ပေါ်မှာ ဒီကတ်လေးကိုအပေါ်ကနေ တင်လိုက်ရတာကြောင့် ခုလို ခေါ်တာလည်းပဲ ဖြစ်နိုင်မယ်။ တနေ့တာအတွက် ငါးပေါင်နဲ့ ပြားရှစ်ဆယ် ပေးရတယ်။ လန်ဒန်တမြို့လုံးကို သွားလိုရာသွားနိုင်တာမို့ တနေ့တာအတွက် ခြောက်ပေါင်နီးပါးဆိုတာ ထိုက်တန်ပါတယ်။ ခုခါလိုဆီ ဈေးတွေ တက်နေတဲ့အခါမှာ ပိုပြီးတန်ပါတယ်လို့ ဆိုရမှာပါ။

နယူးယောက် မြေအောက်ရထားတွေနဲ့စာလျှင်တော့ လန်ဒန်မြေအောက်ရထားက ပိုမိုသန့်ရှင်းသစ်လွင်တောက်ပပါတယ်။ ဒါပေမယ့် ကိုယ်တွေ့ပြောရလျှင် စင်္ကာပူ MRT ကိုတော့ မမီသေး။ အေးပေါ့လေ၊ လန်ဒန်တို့ နယူးယောက်တို့ရဲ့ မြေအောက်ရထားစနစ်က ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာ။ နောက်ပြီးလည်း ရထားလမ်းကြောင်းတွေ၊ ရထားတွေဆိုတာကလည်း နှိုင်းယှဉ်မရအောင် ပိုမိုရှည်လျား များပြားတာ။ ဒီတော့ ပြုပြင်ဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ကလည်း ပိုမိုခက်ခဲမယ်။ အကုန်အကျလည်း နှိုင်းမရအောင် များမှာပေါ့။ ဘာပဲဖြစ်ဖြစ်။ ဟောင်းနွမ်းမှုတွေကို ထိန်းသိမ်းတတ်တဲ့ လန်ဒန်မြို့တော်မှာ မြေအောက်ရထားများကတော့ သစ်လွင်တောက်ပမှုဘက် ကဲတယ်လို့တောင် ဆိုရမှာပါ။ ဝင်ဘလေဘူတာကနေ မိနစ် ၂ဝ လောက် မြေအောက်ရထားစီးပြီး ဝက်စ်မီနီစတာဘူတာမှာ ဆင်းရတယ်။

ဘူတာကနေ ထွက်လျှင်ထွက်ချင်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အမြင်အကြားအရ ရင်းနှီးနေခဲ့ဖူးတဲ့ ဘစ်ဘင်းနာရီစင်ကြီးကို ရုတ်တရက်တွေ့လိုက်ရတယ်။ ခုမှ လန်ဒန်ကို တကယ်ရောက်နေပါလားလို့လည်း ရုတ်တရက် ခံစားမိလိုက်တယ်။ ဟုတ်တယ်။ အင်္ဂလန်နိုင်ငံရှိ သမိုင်းဝင်အရာများထဲမှာ ဘစ်ဘင်းနာရီကြီးက ကိုယ်နဲ့ရင်းနှီးအကျွမ်းဝင်ဆုံး။ အင်္ဂလန်လို့ ဆိုလိုက်တာနဲ့ ကိုယ့်စိတ်ထဲမှာ ပေါ်လာတတ်တာက ဒီဘစ်ဘင်းနာရီမျှော်စင်ကြီး။ ဒီတော့ ဒီနာရီစင်ကြီးကို တွေ့ရတော့ ကိုယ့်မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့လိုက်ရသလို။ ဘစ်ဘင်းက ပုံတွေထဲမြင်ရတာထက် ပိုပြီး အနုပညာမြောက်တယ်၊ ခန့်ညားထည်ဝါတယ်လို့လည်း ထင်မိတယ်။ ဒါပေမယ့် အမေရိကမှာ ကြီးကြီးတွေ၊ မြင့်မြင့်အရာတွေနဲ့ ယဉ်ပါးနေတဲ့ ကိုယ့်မျက်စိအတွက် ဘစ်ဘင်းနာရီစဉ်ကြီးက ထင်ထားတာထက် အနည်းငယ်နိမ့်နေသလို ဖြစ်နေတယ်။

ဘစ်ဘင်းနဲ့တွဲလျက် တည်ရှိနေတဲ့ အင်္ဂလိပ်ပါလီမန်အဆောက်အဦကြီးကလည်း ရှေးဟောင်းအနုလက်ရာတွေ တပုံတပင်နဲ့ ဝင့်ထည်ခန့်ညားစွာ။ သိမ်းမြစ်ကမ်းခြေမှာ ဣနြေ္ဒကြီးစွာ ရပ်တည်လို့။ ပါလီမန်လမ်းမနဲ့ ဝက်စ်မီနီစတာတံတားပေါ်မှာတော့ နိုင်ငံတကာခရီးသွားများနဲ့ ပြည့်နှက်လျက်။ ကိုယ်လည်း နိုင်ငံတကာ ခရီးသွားဧည့်သည်တစ်ဦးပဲလေ။ ဘစ်ဘင်းနဲ့ ပါလီမန်ကို နောက်ခံပြုလို့ ဗီဒီယိုကင်မရာနဲ့ ဓာတ်ပုံကင်မရာ မှတ်တမ်းတင်သူများကြားမှာ ကိုယ့်အတွက် နေရာအားလေးတစ်နေရာရဖို့ ရှာဖွေရတော့တာပဲပေါ့။ ကိုယ်လည်း ဘိလပ်ပြန်တစ်ဦးပါလို့ တကယ်လို့ နောင်တချိန်မှာ ဂုဏ်ယူဝင့်ကြွားလိုစိတ် ဖြစ်လာမယ်ဆိုရင် အခိုင်အမာ သက်သေပြစရာ ကိုယ့်အတွက် ဒါအခွင့်ကောင်းပဲ မဟုတ်လား။

အင်္ဂလန်နဲ့ လန်ဒန်ရဲ့ သင်္ကေတတွေဖြစ်တဲ့ ဘစ်ဘင်းနာရီစင်ကြီးရယ်၊ နာရီစင်ရှေ့ ဝက်မီနီစတာလမ်းပေါ်မှာ ပြေးလွှားနေတဲ့ Route master ဆိုတဲ့ အနီရောင် နှစ်ထပ်ဘတ်စ်ကားကြီးများနဲ့ Black Cabs ဆိုတဲ့ အနက်ရောင် တက္ကစီ ဆလွန်းကားများရယ်ကို တပါတည်းပါနိုင်အောင် စောင့်ပြီးဓာတ်ပုံရိုက်ဦးမယ်။ သစ်ရွက်တွေလည်းကြွေ၊ စနိုးတွေလည်းကျ၊ မှုန်ပျပျရာသီဥတုကြားက ဘစ်ဘင်းနာရီစင်ကြီးနဲ့ ပါလီမန်အဆောက်အဦပေါ်ကနေ မီးရောင်လေးတွေ လက်လက်ပြေးနေတဲ့ သိမ်းမြစ်ပြင်အလှကိုလည်း မျှော်ငေးတသ နေချင်မိသေးတာ။ ခုတော့ အချိန်မကျသေး။

ကိုယ်ဟာ သာမန်ခရီးသွားဧည့်သည်သက်သက် တစ်ဦးသာပါ။ ဘာရယ်လို့ ရေရာစွာမရှိတဲ့ ခရီးတစ်ခုကို သွားနေသူပါ။ ‘ဘယ်နေရာရယ်လို့ အတိအကျ မသိနိုင်တဲ့ခရီးကို သွားနေခြင်းဟာ အကောင်းဆုံးအချိန်ကို သုံးစွဲနေခြင်းပါ’ တဲ့။ လန်ဒန်မြေအောက်ရထား ဘူတာတစ်ခုမှာ ကြော်ငြာစာတမ်းတစ်ခု ထိုးထားတယ်။ ကိုယ်ကလည်း အကောင်းဆုံး ခရီးသွားနေသူ သက်သက်ပဲဖြစ်ချင်သူ တစ်ဦးမဟုတ်လား။ ဒီတော့ သူ့ကြော်ငြာစာတန်းက ကိုယ့်အတွက်မဟုတ်လျှင်တောင် ကိုယ့်အကြိုက်နဲ့တော့ ကိုက်နေတာအမှန်။ ဘယ်လိုလဲ။ သင်ကရော ဘယ်လိုရည်ရွယ်မျိုးနဲ့ ခရီးသွားချင်သူလဲ။ အချိန်ရလျှင် ကိုယ့်ကိုပြောပြပါဦး။

မေတ္တာဖြင့်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts