>Ko LU HTwe – There goes a shooting star of Burma

>

ကြွေပြန်ပါပေါ့ ကြယ်တပွင့်

ကိုလူထွေး

ဇွန် ၂၃၊ ၂၀၀၉

လှိုင်မြို့နယ်… ၆ မိုင်… စွပ်ကျယ်စက် လမ်းမကြီး၏ အဝင်ဝတွင် ထောက်လှမ်းရေး တပ်သား တွေ… ရဲတပ်သား တွေနှင့် စစ်သားအချို့ ခြေရှုပ်နေကြသည်။ လမ်းထဲသို့ ဝင်၍လည်း နေရာအသီးသီး ယူနေကြပြီ။ မြို့လည်ခေါင်ကြီးတွင် ဝေါကီတော့ကီကို သုံးပြီးတော့လဲ “ပျံလွှားမှ လင်းယုန်” လုပ်နေကြပြန်သည်။

သာမန်မဟုတ်ဘဲ ထူးခြားနေသည့် အဖြစ်အပျက်တခုမို့ အဘဦးစံထွေး မနေသာတော့။ အနားဖြတ်သွားသော ရဲဘော်လေးကို သူသိချင်သမျှ လှမ်း၍ မေးလိုက်သည်။

“ဟေ့သူငယ်… မင်းတို့ ဘာသတင်းရထားလို့လဲကွ”

“ကျွန်တော်တို့လဲ သေချာမသိပါဘူး အဘရာ… ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဒီရပ်ကွက်ထဲကို လာမယ်ဆိုလား… ဘာဆိုလား”

“ဟေ…”

သူချစ်တဲ့ ဒေါ်စု ဒီလမ်းထဲကိုလာလည်မယ်ဆိုတော့ အဘစံထွေး မျက်နှာက အရှေ့အရပ်မှ နေဝန်းထွက်သည့်ပမာ ဝင်းလက်လို့သွားသည်။

ကာတွန်းဆရာကြီး ဦးဖေသိန်း အိမ်ကို သွားကန်တော့မယ် ထင်တယ်ဗျ… မနှစ်ဒီအချိန်တုန်းကလဲ ဒေါ်စုက ဆရာကြီးကိုကန်တော့ဖို့ ရောက်လာသေးတယ် ပြောတယ်”

ပြောရင်းဆိုရင်း အန်ကယ် ဦးချစ်လူက အဘစံထွေး အနားသို့ရောက်လာသည်။

… … …

ယမန်နှစ် သီတင်းကျွတ်တုန်းက ဒေါ်အောင်ဆန်းစုကြည် ဆရာဦးဖေသိန်းကို လာကန်တော့ဖို့ သူ့အိမ်သို့ ရောက်သွားသည် ဟူသည်မှာ အမှန်ပင်ဖြစ်၏။ အဲဒီအချိန်မှာ ဆရာကြီးတို့ မောင်နှံက အိမ်မှာမရှိကြ။ ရှိနေသူက ဦးဖေသိန်း၏ သားတယောက်သာ။

သားဖြစ်သူက ဒေါ်စုကိုမြင်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ နတ်မိမယ်တပါး… ဘုရင်မတပါး က သူ့ရှေ့မှောက် ရောက်လာပြီး ကိုယ်ထင်ပြသလား ထင်မိသည်။

“အန်..အန်..အန်တီ… ဖေဖေတို့ မရှိကြဘူးခင်ဗျ… ထိုင်ပါဦး…”

ဒီလိုနှင့် ရှိတာတွေ ချကျွေးသည်။ အအေးတွေဘာတွေ ထုပ်တိုက်ပြီး သူတတ်နိုင်သမျှ ဧည့်ခံရှာသည်။ ဆရာကြီး ဦးဖေသိန်းတို့က တော့ တော်တော်နှင့် မပေါ်လာ။

“သား အန်တီ ပြန်ဦးမယ်ကွယ်… ဆက်သွားစရာလေး ရှိနေသေးလို့… ဆရာလာရင်သာ အန်တီ လာသွားတယ် ပြောပေးပါ”

“ဟုတ်…ဟုတ်… ဟုတ်ကဲ့… ကျွန်တော် ပြောပြလိုက်ပါ့မယ်”

… … …

သတင်းရထားသော စစ်သားတွေ.. ရဲတွေ.. မောမောနှင့်သာ ပြန်သွားရသည်။ အဲဒီနှစ်က ဒေါ်အောင်ဆန်းစုကြည် နောက်တခေါက် ရောက်မလာတော့။ နောက်နှစ်များကျပြန်တော့လဲ အကျယ်ချုပ် ပြန်ကျသွားသည့်အတွက် ဒီလိုမျိုး လွတ်လပ်သည့် အခွင့်အရေးတွေ မရနိုင်တော့။

ဆရာကြီး ဦးဖေသိန်းလို လေးစားအပ်သော ပညာရှင် ပုဂ္ဂိုလ်ကြီးများကို ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ စိတ်နှလုံးထဲတွင် ဘယ်သောအခါမှ မေ့ပျောက်ထားပုံမပေါ်…

နို့မို့ဆိုလျှင် အဲဒီနေ့ကလဲ သူဆရာကြီးကို ကန်တော့ဖို့ အဲဒီအိမ်ကို တကူးတက ရောက်သွားစရာ အကြောင်းမရှိ။

ဆရာဦးဖေသိန်း၏ စိတ်ထားက ဖြောင့်မတ်သည်။ တည်ကြည်သည်။ စစ်အစိုးရ၏ မတရားသော အမိန့် အာဏာများကို ရဲစွမ်းသတ္တိရှိရှိနှင့် ကလောင်ကိုင်စွဲကာ တော်လှန်သည်။ သူ့တသက် မတရားသော နည်းနှင့်ရသော အဆိပ်သင့်စေမည့် အစာမျိုးကို မစားသုံးခဲ့။

… … …

ဒီနေ့မနက်စောစော အလုပ်မသွားခင် မိုးမခသတင်း ဖွင့်မိလိုက်တော့ အသက် ၈၅ နှစ် ရှိပြီဖြစ်သော ဆရာကြီး ဦးဖေသိန်း ကွယ်လွန်ကြောင်း ဖတ်လိုက်ရသည်။ ဇွန်လ ၁၉ ရက် နံနက် ၄ နာရီခန့်က ဟုဆိုသည်။

တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့မှ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်နေသည်။ ဒီသတင်းကို ဒေါ်စုကြားလျှင်လဲ စိတ်ကောင်းလိမ့်မည် မဟုတ်ပါ။

နောင်နှစ်များစွာတွင်လဲ အမေစု၏မွေးနေ့သို့ ရောက်လေတိုင်း လေးစားရသော ဆရာကြီး ကာတွန်းဦးဖေသိန်းကို မြန်မာပြည်သူတို့၏ ရင်မှာ ယှဉ်တွဲ၍ အမှတ်တရ ရှိနေတော့မည်မှာ မလွဲမသွေ ဧကန်မုချပင် ဖြစ်ပေတော့သတည်း။

ဆရာကြီး ဦးဖေသိန်း ကောင်းရာမွန်ရာရောက်ပါစေ…

(ပုံ – ဆ ရာကြီး၏ ကိုယ်တိုင်ရေး ပုံတူကာတွန်း၊ ကာတွန်းဝင်းထွန်းနဲ့ ကာတွန်းမောင်မောင်အောင်တို့က ကျေးဇူးပြုပါတယ်။ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts