>let’s make mistakes ( final part )

>

မှားလိုက်ကြစို့ သူငယ်ချင်း (အပိုင်း ၂)
ဇာနည်ဝင်း
မေ ၁၁၊ ၂၀၀၉


ကာတွန်းဆရာနဲ့သတ်ပုံ
အော်ပီကျယ်ရဲ့ ကာတွန်းတပုဒ်ကတော့ သတ်ပုံ အကဲဆတ်သူတွေကို သရော်ထားတယ်လို့ ယူဆစရာ။ ဒုက္ခရောက်နေတဲ့သူက စာရေး အကူအညီတောင်းတာကို သတ်ပုံမှားလို့ မကယ်ဘူး တဲ့။ သတ်ပုံသမားကို ပြောင်ထားတာ ဖြစ်မလားး) ကာတွန်းဆိုတာကလည်း အမျိုးမျိုး အဓိပ္ပာယ်ကောက်နိုင်တယ် မဟုတ်လား။

ကာတွန်းဆရာတွေက သတ်ပုံမှားလေ့ရှိသူတွေပဲ။ သူတို့က ကာတွန်းလက်ရာ နဲ့ ကာတွန်း အတွေးကို ဦးစားပေးရတော့ သတ်ပုံတွေ၊ အဖြတ်အတောက်တွေက နောက်ဆုံး အရေးပါမှု အဆင့် ရောက်သွားတယ်။

ကျွန်တော်မျိုးကြီး ကျဆုံးသွားတဲ့အခါ
ပြည်ပမှာ ရေးတဲ့ မြန်မာစာတွေမှာ ကျွန်တော်၊ ကျွန်မ ကို တွေ့ရသလို ကျနော်၊ ကျမ ဆိုပြီး အသံထွက်အတိုင်း ရေးထားတာလည်း တွေ့ရတယ်။

ကျွန်တော်၊ ကျွန်မ ဆိုတဲ့ စကားလုံးကို မကြိုက်သူတွေထဲမှာ လက်ရှိသတ်ပုံကျမ်းကို ပုန်ကန်သူတွေ ရှေ့ဆုံးတန်းမှာ တွေ့ရမယ်၊ ဒီစကားလုံးကို ကျွန်စော်နံလှတယ်လို့ ယူဆကြရဲ့။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတာ မင်္ဂလာတပါး လို့ ဘယ်သူပဲ တရားချချ “ကျွန်” ဆိုတာကို မသုံးချင်ကြဘူး။ ဆင်တူယိုးမှား ကျနော် ကျမ ဆိုတာကိုပဲ အားရပါးရ သုံးကြတယ်။

တခြားတဘက်က ဆင်ခြင်ကြည့်တော့ သူတို့ (နဲ့ ကျနော်တို့) သုံးတဲ့ “ကျ” ဆိုတဲ့ စာလုံးကလည်း မအိုကေပြန်ဘူး။ ပြုတ်ကျတယ်၊ ကျရှုံးတယ် လို့ အနက်ဖွင့်နိုင်တယ်လို့ ထောက်ပြကြလိမ့်မယ်။ အင်း – – ဒါဆိုရင် ဘယ်စကားလုံးကို သုံးရပါ့မလဲ။ “ကတော်၊ ကမ” ဆိုပြီး ထွင်လိုက်ရင် ၀ိနည်း လွတ်ပေမယ့် နှစ်ဘက်လုံးက လက်ခံကြမယ် မထင်။

သတ်ပုံမှားတတ်သူများ အားတက်ဖွယ်ဖြစ်မလား
သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ပြောဖူးတယ်၊ သူက သတ်ပုံကို ဂရုမစိုက်ဘူး တဲ့။ ဒီတော့ ဒီစကားနဲ့ ကိုင်ပေါက်ပြီး “ကျနော်တို့က သတ်ပုံ မှားတတ်လို့ အားငယ်စရာ သိပ် မရှိပါဘူး” လို့ ဆင်ခြေ ပေးနိုင်ပြီပေါ့။ ဒါပေမဲ့ သဘာဝချင်း မတူဘူး။ သူက ပညာရှင်ကြီး၊ သတ်ပုံက သူ့ရဲ့ နောက်ဆုံးဦးစားပေး။

စပ်မိလို့ ပြောရရင် ဆရာကြီးတွေ၊ ထိပ်သီးတွေနဲ့ သွားမယှဉ်တာတော့ ဉာဏ်ရှိရာ ရောက်ပါတယ်၊ ကဗျာဆရာတယောက် ရေးသလိုပေါ့၊ တချို့ခေါင်းဆောင်ကြီးတွေ မြစ်ထဲ ရေဆင်းကူးတော့ ကျန်းမာရေး လိုက်စားတာ လို့ ချီးကျူးကြတယ်။ သာမန်လူ ဆိုရင်တော့ ငကြောင်ဘွဲ့ ရလိမ့်မယ်။

အမှားပြင်ဆင်ချက်မှာ မှားသွားရင်
ကဗျာတွေမှာ သတ်ပုံမှားတဲ့အခါ တခြား စာပေ အမျိုးအစားတွေထက် ပိုပြီး အကျည်းတန်တယ်လို့ ယူဆကြတယ်။ ဝေဖန်ရေး ဆောင်းပါး အထူးသဖြင့် သတ်ပုံမှားတဲ့အကြောင်း ထောက်ပြတဲ့ ဆောင်းပါး တွေမှာ မမှားဖို့ ပိုဂရုစိုက်ကြတယ်။

လုံးဝ မမှားသင့်တာကတော့ အမှားပြင်ဆင်ချက် ကြော်ငြာတွေဖြစ်တယ် ဆိုတာကိုတော့ သဘောတူကြမှာပါ။ ဂရုစိုက်ပါလျက်နဲ့ မတော်တဆ ချွတ်ယွင်းခဲ့ရင်တော့ “အမှား ပြင်ဆင်ချက်ကို အမှား ပြင်ဆင်ခြင်း” ဆိုပြီး သံသရာ လည်တော့မှာပဲး)

ဒါပါပဲဗျာ၊ တော် သေ ပြီ ။ သတ်ပုံနဲ့ အကျအပေါက် သည်းခံပါ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts