သူတို့အာဘော် မောင်မိုးသူ

ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံအပြီး နဲ့ ဘကြီးမိုး


ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံအပြီး နဲ့ ဘကြီးမိုး

(ကုမုဒြာဂျာနယ်၊ စက်တင်ဘာ ၇၊ ၂၀၁၆) မိုးမခ၊ စက်တင်ဘာ ၁၄၊ ၂၀၁၆

၂၁ ရာစု ပင်လုံညီလာခံရက်တွေမှာ ဘကြီးမိုးတစ်ယောက်စိတ်မောလူမောနဲ့ ပင်လုံ အစည်းအဝေးတိုက်ရိုက်ထုတ်လွှင့်မှုများကို ရုပ်မြင်သံကြားမှစောင့်ဆိုင်း ကြည့်ရှုရပါ တယ်။

နေပြည်တော်အထိလည်း မသွားနိုင်တာကတစ်ကြောင်း၊ အစည်းအဝေးကြီးမှာသွား ရောက် နားထောင်ရတာထက် အိမ်ကရုပ်မြင်သံကြားမှာ ကြည့်ရှုနားထောင်ရတာက အနီးကပ် အသံအတိုးအကျယ်ပြုလုပ်နားထောင်နိုင် တာကြောင့်ဖြစ်ပါတယ်။

တကယ့်တကယ်တော့ဖွင့်ပွဲကို အစမှအဆုံးစိတ်ရှည်လက်ရှည်စွာ နားထောင်ပြီးတဲ့ နောက် နောက်ရက်ဆွေးနွေးတင်ပြမှုများကိုတော့ ကြုံကြုံသလို နားထောင်၊ တချို့ကိုရင်မောရ၊ တချို့ကို ပြုံးရယ်မိ၊ တချို့ကို ခိုးလိုးခုလုဖြစ် မိတာတွေရှိရပါတယ်။ အားလုံး အားလုံး ကိုတော့ စုံစုံစေ့စေ့နားထောင်ဖြစ်တယ်မရှိပါဘူး။ နားမထောင်ဖြစ်လိုက်တာတွေကို နောက်နေ့ သတင်းစာတွေထဲမှာ ရှာဖွေဖတ်ရှုရပါတယ်။

သတင်းဂျာနယ်တွေရဲ့ ဖော်ပြချက်တွေမှာလည်း သတင်းအတိုင်းဖော်ပြတာတွေရှိသလို ထိုက်တန်သလောက် သီးခြားကိုယ်ပိုင်အမြင်များနဲ့ လှုံ့ဆော်သလိုလိုဖော်ပြကြတာ ကိုလည်းဖတ်ရပါတယ်။

အစုအဖွဲ့တွေကတင်ပြရာမှာ ပြည်နယ်သစ်တောင်းဆိုမှုများရှိသလို ပြည်ထောင်စု မြန်မာနိုင်ငံဆိုတဲ့ အမည်ပြောင်းလဲဖို့တင်ပြတာတွေလည်းရှိပါတယ်။

၂၁ ရာစု ပင်လုံအစည်းအဝေးဟာ နှစ်ပေါင်းများစွာ ရင်ထဲမှာသိမ်းဆည်းအောင့်အည်း ထားရတဲ့ မကျေနပ်မှုများပွင့်အန်ထွက်လာတာတွေကိုလည်းတွေ့ရှိရပါတယ်။ အဲသည် လို တင်ပြမှုမျိုးတွေဟာလည်း စာနယ်ဇင်းဘက် ကစောင့်စည်းဖို့လိုတယ်လို့ ထင်မြင်မိပါ တယ်။ ဘကြီးမိုးလည်းစာနယ်ဇင်းသမားဘဝနဲ့ နှစ်ပေါင်းများစွာကျင်လည်လာခဲ့သူတစ်ဦး ဖြစ်ပါတယ်။ စာနယ်ဇင်းမှာအဖြစ်မှန်သတင်းမှန်ကိုနက်နဲစွာ လိုက်လံရှာဖွေရေးသားနိုင်စွမ်း ရှိသလို အပေါ်ယံအဖြစ်အပျက်များနဲ့ မိမိရဲ့အမြင်ကိုမသိမသာထည့်ပြီးရေးသား နိုင်တာလည်တွေ့ရှိရပါတယ်။ အထူးသဖြင့်ထိလွယ်ရှလွယ်ဖြစ်နိုင်တဲ့ ကိစ္စမျိုးမှာ အထူးသတိထားရေးသားဖို့လိုတာကို တွေ့ရပါတယ်။

၂၁ ရာစုပင်လုံမှာ အစုအဖွဲ့တွေက မိမိတို့ရဲ့သီးခြားအမြင်ကိုထင်ဟပ်တင်ပြကြတာ တွေရှိပါတယ်။ အခြေခံအားဖြင့်တိုင်းရင်းသားအားလုံးတန်းတူရေး၊ အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်စီမံခွင့်ရလိုကြောင်းတင်ပြကြ တာေ တွကိုတွေ့ရပါတယ်။

အဲဒါတွေဟာ ပြဿနာတွေလား။

ဒါတွေနဲ့ပတ်သက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ စကား ကိုကိုးကားချင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ပြဿနာများရှိသည်ကို စိုးရိမ်စရာမလိုဘဲ ပြဿနာမရှိချင်ယောင်ဆောင်ခြင်းကသာ စိုးရိမ် စရာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

၂၁ ရာစု ပင်လုံအစည်းအဝေးကြီးကို ခြုံငုံကြည့်လိုက်တဲ့အခါမှာ အနှစ်နှစ်အလလက ရင်ထဲမှာ မျိုသိပ်ထားတာတွေကို ပွင့်အန်ထုတ်လိုက်တာကိုတွေ့ရပါတယ်။ အဲသည်လို လူသိရှင်ကြားတရားဝင်ထုတ်ဖော်ပြောဆိုပြ သခွင့်ဟာလည်း သည်ညီလာခံဟာ ပထမ ဆုံးပွင့်လင်းစွာ ထုတ်ဖော်ခွင့်ရရှိခဲ့တာကိတွေ့ရပါတယ်။ ဒါတွေဟာပင်လုံရဲ့ရလဒ်တွေပဲ ဖြစ်ပါတယ်လို့ စုစည်းဝေဖန်သုံးသပ်ကြရမှာဖြစ်ပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့အတွက် နှစ်ဦးနှစ်ဖက်ကအလျှော့အတင်းလုပ်ကြဖို့လိုတာလည်း အမှန်ပါပဲ။သည်ညီလာခံဟာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးခရီးရဲ့ပထမခြေလှမ်းလို့ ခြုံငုံ သုံးသပ်လို့ရပါတယ်။

ပထမခြေလှမ်းဖြစ်တဲ့အတွက် စဉ်းစားလုပ်ဆောင်ဖို့လိုအပ်ချက်ကတော့အခြေခံ သဘော တူညီချက်ကဘာလဲ။ အဲဒါကိုလည်း ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာအားလုံးက ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ကြမယ်ဆိုတာ ကို အခြေခံအားဖြင့်တူညီတာတွေတွေ့ ရပါတယ်။ အဲသည်တူညီမှုခေါင်းစဉ်ကိုအရယူပြီး ဘယ်လိုဖြစ်မြောက်အောင်တည် ဆောက်ကြမယ်ဆိုတာကို စဉ်းစားညှိနှိုင်းအဖြေရှာကြရမှာဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ NCA လက်မှတ်ရေးထိုးပြီး အဖွဲ့အ စည်းများရှိသလို လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေကလည်းရှိသေးတာကို တွေ့ရပါတယ်။ NCA ကို အခြေခံထားပြီး လုပ်ဆောင်ကြ မှာဖြစ်တဲ့အတွက် လက်မှတ် မထိုးရသေးတဲ့အဖွဲ့အစည်းများကို လက်မှတ်ရေးထိုးဖြစ်အောင်ညှိနှိုင်းကြဖို့ ဆွေးနွေး ကြဖို့ပဲဖြစ်ပါတယ်။

ပင်လုံညီလာခံဟာ ပထမခြေလှမ်းသာဖြစ်ပြီး နောက်ခြောက်လခန့်မှာဆက်လက်လုပ် ဆောင်ကြဦးမယ်ဆိုတာကို သိရပါတယ်။ ပထမခြေလှမ်းကအတော့်ကိုလှမ်းပြီးခဲ့ပါပြီ။ နောက်ထပ်ကောင်းမွန်တဲ့ ခြေလှမ်းများ ကိုလှမ်းကြဖို့ လိုတာပဲဖြစ်ပါတယ်။

ပင်လုံမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်မိန့်ခွန်းနဲ့ အပိတ်မိန့်ခွန်း များကို ဘကြီးမိုး နားထောင်ရပါတယ်။ အဖွင့်မိန့်ခွန်းမှာအတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ရင်ထဲမှာ စိုးရိမ်ပူပန်မှုများရှိလေသလားလို့ ဘကြီးမိုး တွေးမိပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ထုံးစံအတိုင်း မိန့်ခွန်းတွေ ကို ပြုံးပြုံးချိုချိုနဲ့ ကရားရေလွှတ်ပြောကြားနိုင်တာမျိုး ပြည့်ပြည့်ဝဝမမြင်တွေ့ရလို့ပါပဲ။ ဒါလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝ တစ်ခုလေလားလို့တွေးမိပါ တယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဖတ်စရာမှတ်စရာကို ကြည့်ရှုပြောဆိုရတဲ့အခါတွေမှာ အလွတ်ပြောရတာလောက်မချောပါဘူး။ အင်မတန် အပြောကောင်းလှတဲ့ ပုဂ္ဂိုလ်ဟာ ပါတီရဲ့သဘောထား ရုပ်မြင် သံကြားပြောဆိုခွင့်ပြောစဉ်ကလည်း သတိထားမိပါတယ်။

အဲ အပိတ်မိန့်ခွန်းကျတော့ အလွတ်ပြောရလို့ မျက်နှာထားရော၊ စကားလုံးရော၊ အဓိပ္မာယ်ရော၊ လေးနက်မှုရော၊ ပြည်သူအများနားလည်နိုင်တဲ့ စကားလုံးများနဲ့ရော အလွန်ကောင်းမွန်စွာ ပြောဆိုနိုင်တာတွေ့ရလို့ ပင်လုံ အစည်းအဝေးအပေါ်မှာ အတိုင်ပင်ခံဟာအောင်မြင်မှုရရှိတယ်လို့ ကျေနပ်ပုံရကြောင်းတွေ့ရပါတယ်။

ဘကြီးမိုးတို့ စာနယ်ဇင်းသမားတွေကတော့ ဆက်လက်စောင့်ကြည့်နေဖို့ပါပဲ။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအပြီးနှင့် ဘကြီးမိုးပါ။

ဘကြီးမိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts