သန်းဝင်းလှိုင်

Than Win Hlaing – Articles

ဇူလိုင် ၇ ရက် (သို့မဟုတ်) မြန်မာ့သမိုင်း၌ မေ့ပျောက်၍မရသော နေ့တစ်နေ့
သန်းဝင်းလှိုင်
ဇူလိုင် ၈၊ ၂၀၁၃


၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ အရေးတော်ပုံသည် မြန်မာ့သမိုင်း၌သာမက ရန်ကုန်တက္ကသိုလ်သမိုင်း၌ပါ အရေးပါသော နေ့၊ မေ့ပျောက်၍ မရသောနေ့၊ ဖျောက်ဖျက်၍ မရသောနေ့တစ်နေ့ ဖြစ်သည်။ ထိုနေ့တွင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီသည် ကျောင်းသားထုအပေါ် ရက်စက်စွာ ချေမှုန်းခဲ့သည်သာမက ကိုလိုနီနယ်ချဲ့စနစ် တိုက်ဖျက်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း တလျှောက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းအပါအ၀င် ရှေ့တန်းနိုင်ငံရေးခေါင်းဆောင်ကြီးများကို မွေးထုတ်ပေးခဲ့သော သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂ အဆောက်အဦကိုပါ ဒိုင်းနမိုက်ဖြင့်ဖေါက်ခွဲ ဖြိုဖျက်ခဲ့သောကြောင့် ယခုအခါ (၅၁) နှစ် တိုင် ရှိပြီဖြစ်သော်လည်း ရဟန်း၊ ရှင်၊ လူ၊ ပြည်သူတရပ်လုံးက အမှတ်တရ သတိရနေဆဲဖြစ်သည်။
● နောက်ခံသမိုင်း
ဗြိတိသျှအစိုးရသည် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံ ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်တို့ကို ပေါင်းစည်း၍ ရန်ကုန်တက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှဘုရင်ခံ ဆာဟာကုတ်ဘတ္တလာ (G.C.I.E., I.C.S) က ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အအုံ နှင့် ၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တို့ကို အုတ်မြစ်ချပေးခဲ့သည်။ ဘုရင်ခံဆာဟာကုတ်ဘတ္တလာသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦ ဆောက်လုပ်ရန်အတွက် ကုန်ကျငွေကို စပါးပွဲစားကြီးနှင့် ဆန်စက်ပိုင်ရှင်သူဋ္ဌေး ဒေါက်တာဦးညို (K.S.M., LL.D) ထံ မေတ္တာရပ်ခံ အလှူခံပေးခဲ့သည်။ သမဂ္ဂအဆောက်အဦ ဆောက်လုပ်ရန်အတွက် ဒေါက်တာဦးညိုသည် ၁၉၂၆ ခုနှစ်တွင် ငွေသားကျပ်တစ်သိန်း ခုနစ်သောင်း (၁၇ဝ,ဝဝဝ) ကို စေတနာအပြည့်ဖြင့် လှူဒါန်းခဲ့သည်။ ဤသို့ဖြင့် ၁၉၂၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦမှာ ၁၉၃ဝ ပြည့်နှစ် နွေရာသီကျောင်းပိတ်ရက်မတိုင်မီ သုံးလခန့်အလို ဇွန်လခန့်တွင် ပြီးစီးသွားခဲ့သည်။ အစောပိုင်းကာလတွင် ယင်းရန်ကုန်တက္ကသိုလ်သမဂ္ဂအဆောက်အဦကို သမဂ္ဂကျောင်းတိုက်ဟု ခေါ်ဆိုခဲ့ကြသည်။ သို့သော် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦကြီး ပြီးစီးသွားသော်လည်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ကို မဖွဲ့ရသေးပေ။
သို့ဖြင့် ၁၉၃ဝ ပြည့်နှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုကျော်ခင်၊ ကိုတင့်ဆွေ နှင့် ကိုဘဂျမ်းတို့က ရန်ကုန်တက္ကသိုလ်ကိုယ်စား အဓိပတိ တရားသူကြီး ဦးဘ နှင့် သွားရောက်တွေ့ဆုံကာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂစည်းမျဉ်းရေးဆွဲရေးကော်မတီကို ဖွဲ့စည်းခွင့်ရရှိရန် ဆွေးနွေးခဲ့ကြသည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ် အဓိပတိ ဖြစ်သူ ဆာချားလ်စ်အလက်ဇန်းဒါးအင်းနစ် လန်ဒန်ခေတ္တပြန်သွားနေစဉ် မြန်မာအမျိုးသား ဆာဂျေအေမောင်ကြီးအား ခေတ္တဘုရင်ခံအဖြစ် ခန့်အပ်ထားချိန်ဖြစ်သည်။
● ကျောင်းသားသမဂ္ဂအဖွဲ့
၁၉၃ဝ ပြည့်နှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အားကစားရုံ၌ ကျောင်းသားထု အစည်းအဝေးတရပ် ကျင်းပကာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ကို ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ကြသည်။ ယင်းနောက် ယင်းအစည်းအဝေးမှ သမဂ္ဂစည်းမျဉ်းရေးဆွဲရေးကော်မတီကိုလည်း ဖွဲ့စည်းလိုက်သည်။ သမဂ္ဂစည်းမျဉ်း ရေးဆွဲရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ကိုကျော်ခင်၊ အတွင်းရေးမှူးအဖြစ် ကိုဘဂျမ်းနှင့် အမှုဆောင်များအဖြစ် ကိုကျော်သိန်း၊ ကိုတင့်ဆွေ၊ ကိုထွန်းတင်၊ ကိုဘသိန်း၊ မစ္စတာအေရာရှစ်၊ ကိုအုံး၊ မစ္စတာ ပါရာကာဆန်၊ ကိုစံဖော်အောင်၊ ကိုဘဖေ၊ ကိုညွန့်တို့ ဖြစ်ကြသည်။
စည်းမျဉ်းရေးဆွဲရေးကော်မတီသည် တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ (တကသ) ဖွဲ့စည်းရေး အတွက် စည်းမျဉ်းများရေးဆွဲပြီးနောက် ၁၉၃၁ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့တွင် ကိုသိန်းမောင် (ယုဒသန်ကောလိပ်) သဘာပတိလုပ်သော ကျောင်းသားထုအစည်းအဝေးထပ်မံခေါ်ယူကာ လက်ခံအတည်ပြုခဲ့သည်။ ယင်းနောက် ၁၉၃ဝ-၃၁ စာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်တင်မြှောက်ခဲ့ကြရာ ဥက္ကဋ္ဌအဖြစ် ကိုကျော်ခင် (B.Sc., B.L) အတွင်းရေးမှူးအဖြစ် မစ္စတာ အေရာရှစ် (B.Sc., B.L) တို့အား ရွေးချယ် တင်မြှောက်ခဲ့ကြသည်။ ဤသို့ဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဟူ၍ အထင်အရှား ပေါ်ပေါက်လာခဲ့လေသည်။
● ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ဖွဲ့စည်းပုံစည်းမျဉ်း
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ဖွဲ့စည်းပုံစည်းမျဉ်းမှာ ကိုလိုနီခေတ်ကာလဖြစ်၍ ဗြိတိသျှ အာဏာပိုင်များထံသို့ တင်ပြရ၍ ယင်းစည်းမျဉ်းကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားပါသည်။ စည်းမျဉ်း၏ ခေါင်းစဉ်ကို The Constitution of the Rangoon University Student’s Union, 1931 ဟူ၍ ခေါင်းစဉ်တပ်ထားသည်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ဖွဲ့စည်းပုံစည်းမျဉ်းတွင် အခန်း (Chapter) ၂၂ ခန်း ပါဝင်သည်။ အခန်း (၁) တွင် အဖွဲ့အစည်း၏ သဘာဝနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက် များကို ဖော်ပြထားသည်။ ထို့အပြင် စကားရည်လုပွဲများ၊ ဟောပြောပွဲများ ကျင်းပနိုင်ခွင့်နှင့်ပတ်သက်၍လည်း ဖော်ပြထားသည်။ အခန်း (၂) တွင် တကသ အဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ၀င်ရောက်နိုင်ရန် သတ်မှတ်ချက်များကို ဖော်ပြထားသည်။ အသေးစိတ်အချက်အလက် ၁၈ ချက်ပါရှိ သည်။
`အခန်း (၃) တွင် သမဂ္ဂပိုင် ပစ္စည်းများနှင့် သုံးစွဲနိုင်ပုံတို့ကို ဖော်ပြထားသည်။ ထို့အပြင် သမဂ္ဂပရ၀ဏ်အတွင်း ဆောင်ရန် ရှောင်ရန်များကိုလည်း ဖော်ပြထားသည်။ အခန်း (၄) တွင် သမဂ္ဂအမှုဆောင်များကို ဖော်ပြ၍ အခန်း (၅) တွင် ဥက္ကဋ္ဌ၏ အခန်းကဏ္ဍများကို ဖော်ပြထား၏။ ဥက္ကဋ္ဌကို နှစ်စဉ်ရွေးချယ်တင်မြှောက်ရေးမှ အစ ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်များ၊ အရည်အသွေးများ စသည်ဖြင့် အသေးစိတ်အချက်အလက် ၉ ချက်ဖြင့် ပြည့်စုံစွာ ဖော်ပြထားသည်။
အခန်း (၆) တွင် ဒုဥက္ကဋ္ဌ အား နှစ်စဉ် ဥက္ကဋ္ဌနှင့် တပြိုင်နက် ရွေးချယ်ရန် ဖော်ပြထားသည်။ ထို့အပြင် ဒုဥက္ကဋ္ဌသည် လက်မှတ်ရေးထိုးနိုင်ခွင့်နှင့် ငွေစာရင်းများအား စစ်ဆေးပိုင်ခွင့် ရှိကြောင်း ဖော်ပြထားသည်။ အခန်း (၇) တွင် ငွေထိန်းအား ရွေးချယ်ရန်နှင့် ငွေထိန်းတစ်ဦးတွင် ရှိရမည့် အရည်အသွေးများကို ဖော်ပြထားသည်။ အခန်း (၈) တွင် အဆောင်မှူးများအား တာဝန်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားသည်။ အခန်း (၉) တွင် အမှုဆောင်အဖွဲ့နှင့် ပတ်သက်၍ အမှုဆောင်အဖွဲ့ ၌ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ငွေထိန်း၊ စာကြည့်တိုက်မှူး၊ အယ်ဒီတာနှင့် အမှုဆောင် ၆ ဦးတို့  ပါဝင်မည်ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးကို အမှုဆောင်များထဲမှ ရွေးချယ်ရန်၊ စာကြည့်တိုက်မှူးနှင့် အယ်ဒီတာတို့ကို ယင်း ၆ ဦးမှ ဖြစ်စေ၊ အခြား တကသ အဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ ခန့်အပ်နိုင်ကြောင်း ဖော်ပြထားသည်။
အခန်း (၁ဝ) တွင် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ အခန်း (၁၁) တွင် အစည်းအဝေးကျင်းပပုံကို လည်းကောင်း၊ အခန်း (၁၂) တွင် အထူးအစည်းအဝေးနှင့် သက်ဆိုင်ရာကိုလည်းကောင်း၊ အခန်း (၁၃) တွင် စကားရည်လုပွဲ များ ကျင်းပနိုင်ပုံကို လည်းကောင်း အသေးစိတ်ဖော်ပြထားသည်။
အခန်း (၁၄) တွင် အထွေထွေအစည်းအဝေး၊ အခန်း (၁၅) တွင် စခန်းချခရီးစဉ်များ၊ အခန်း (၁၆) တွင် ရွေးချယ်တင်မြှောက်ပုံ၊ အခန်း (၁၇) တွင် စာကြည့်တိုက်၊ အခန်း (၁၈) တွင် သမဂ္ဂမဂ္ဂဇင်းကိစ္စ ကို ဖော်ပြထားသည်။ မဂ္ဂဇင်း ဆပ်ကော်မတီတွင် အယ်ဒီတာ၊ မန်နေဂျာနှင့် အဖွဲ့ဝင် ၅ ဦး ပါဝင်ရမည်ဖြစ်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းများကို အသေးစိတ် ဖော်ပြထားသည်။
အခန်း (၁၉) တွင် အခြားတက္ကသိုလ်၊ ကောလိပ်များရှိ အသင်းအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ပုံကို ဖော်ပြထား၏။ အခန်း (၂ဝ) တွင် ကျောင်းတွင်းအားကစားနှင့် ပတ်သက်၍ ဖော်ပြထားသည်။ အခန်း (၂၁) တွင်မူ သက်သာချောင်ချိရေးစားသောက်ဆိုင်နှင့် ပတ်သက်၍ ဖော်ပြထားသည်။ စားသောက်ဆိုင်အတွက် နှစ်စဉ်တင်ဒါစနစ်ဖြင့် ရွေးချယ်ခေါ်ယူရန်မှ အစ အသေးစိတ်ဖော်ပြထားသည်။ အခန်း (၂၂) တွင် အဖွဲ့အစည်းအား အချိန်ကာလသတ်မှတ်ထား ပုံများကို ဖော်ပြထားသည်။
● တကသ ဥက္ကဋ္ဌများ
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် ခေတ်အဆက်ဆက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်သည်-
(၁) ကိုကျော်ခင် (၁၉၃၀-၃၁)
(၂) ကိုထွန်းစိန် (၁၉၃၁-၃၂)
(၃) ကိုဘိုးကူး (၁၉၃၁-၃၂)
ကြားဖြတ်ရွေးကောက်ပွဲဖြင့် ရွေးချယ်ခံရသူ
(၄) ကိုစံဖော်အောင် (၁၉၃၂-၃၃)
(၅) ကိုသိန်းမောင် (၁၉၃၃-၃၄)
(၆) ကိုဖိုးအေး (၁၉၃၄-၃၅)
(၇) ကိုနု (၁၉၃၅-၃၆)
(၈) ကိုရာရှစ် (၁၉၃၆-၃၇)
(၉) ကိုဘဂျမ်း (ပုဂံ) (၁၉၃၇-၃၈)
(၁၀) ကိုအောင်ဆန်း (၁၉၃၈-၃၉)
(၁၁) ကိုဗဟိန်း (၁၉၃၈-၃၉)
(ကိုအောင်ဆန်းနေရာ ဆက်လက်ဆောင်ရွက်သူ)
(၁၂) ကိုလှရွှေ (၁၉၃၉-၄၀)
(၁၃) ကိုဗဆွေ (၁၉၄၀-၄၁)
(၁၄) ကိုလှမောင် (၁၉၄၁-၄၂)
ဂျပန်ခေတ်တွင် ရပ်နားသည်။
(၁၅) ကိုသန်း (၁၉၄၅-၄၆)
(၁၆) ကိုသန်းမောင် (၁၉၄၆-၄၇)
(၁၇) ကိုစိန်လှ (၁၉၄၇-၄၈)
(၁၈) ကိုရန်ဝေး (၁၉၄၈-၄၉)
(၁၉) ကိုမောင်မောင်ကျော် (၁၉၄၉-၅၀)
(၂၀) ကိုကိုလေး (၁၉၅၀-၅၁)
(၂၁) ကိုစိန်ဘန်း (၁၉၅၁-၅၂)
(၂၂) ကိုကိုကြီး (၁၉၅၂-၅၃)
(၁၉၅၃-၅၄ တကသ ရွေးကောက်ပွဲ ပျက်သည်။)
(၂၃) ကိုတင်ထွန်း (၁၉၅၄-၅၅)
(၂၄) ကိုတင်ထွန်း (နတ်မောက်)    (၁၉၅၅-၅၆)
(၂၅) ကိုစသိန်းဟန် (၁၉၅၆-၅၇)
(၂၆) ကိုစိုးသိန်း (၁၉၅၇-၅၈)
(၂၇) ကိုခင်မောင်အုန်း (၁၉၅၈-၅၉)
(၂၈) ကိုလှတင် (၁၉၅၉-၆၀)
(၂၉) ကိုတင်အေး (၁၉၆၀-၆၁)
(၃၀) ကိုဗဆွေလေး (၁၉၆၁-၆၂) တို့ ဖြစ်ကြသည်။
● ဇူလိုင်လ (၇) ရက် အရေးတော်ပုံ
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ၀န်ကြီးချုပ် ဦးနု ဦးဆောင်သော တရားဝင် ပြည်ထောင်စုပါတီ (ပထစ) အစိုးရကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းသည် စစ်အင်အားကို အသုံးပြု၍ အာဏာ သိမ်းပိုက်ခဲ့သည်။ အာဏာသိမ်းပိုက်သည့်နေ့မှာပင် သမ္မတ မန်းဝင်းမောင်၊ ဝန်ကြီးချုပ် ဦးနု နှင့် ပထစအစိုးရးအဖွဲ့ဝင် ဝန်ကြီးများ၊ သမ္မတဟောင်း စ၀်ရွေသိုက်နှင့် ဖဆပလ ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ယင်းသို့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ကျောင်းသားထုသည် ဆန္ဒပြကန့်ကွက်ခဲ့ရာ ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့ထုတ် သတင်းစာများတွင် စီတန်းလှည့်လည်ဆန္ဒပြကန့်ကွက်ပွဲများ မပြုလုပ်ရန် တော်လှန်ရေးကောင်စီ က ကြေညာခဲ့သည်။
တော်လှန်ရေးကောင်စီအား ဆန့်ကျင်သည့် စာရွက်စာတမ်းများကို လူငယ့်တပ်ဦး (ဗမာနိုင်ငံ) နှင့် မဟာမိတ်အဖွဲ့ ၁၀ ဖွဲ့ တို့က ပူးပေါင်း၍ ၁၉၆၂ ခုနှစ် မတ်လ ၃ ရက်နေ့တါင် ထုတ်ဝေခဲ့ကြသည်။ စာတမ်းခေါင်းစဉ်မှာ `စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်ရှုံ့ချကြ´ ဟူ၍ ဖြစ်သည်။ ထို့အပြင် မန္တလေးခရိုင် လူငယ့်တပ်ဦးကလည်း `ဖက်ဆစ်စစ်ရူးတို့ရဲ့ ရုပ်လုံးပေါ်ပြီ´ ခေါင်းစဉ်ပါ စာတမ်းနှင့် ဗမလက ဌာနချုပ်ကလည်း `စစ်အာဏာရှင် ဖက်ဆစ်စနစ်အား ခုခံတိုက်ဖျက်ကြ´ ခေါင်းစဉ်ပါ စာတမ်းများ ဖြန့်ဝေခဲ့ကြသည်။ ထိုစာတမ်းများ ထုတ်ဝေရာတွင် ရခိုင်သံဃာ့တပ်ဦး (ဗဟိုဌာနချုပ်)၊ ရခိုင်သောတုဇန (သစ်) ဌာနချုပ်၊ စစ်ဆန့်ကျင်ရေးသံဃာ့အဖွဲ့ဌာနချုပ်၊ တက္ကသိုလ်တပ်ဦး (သစ်)၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ဗဟိုဌာနချုပ်)၊ လူငယ်တပ်ဦး ဗော်လရှီဗစ် (အမြုတေများ) စသည့်အဖွဲ့များနှင့် ပူးပေါင်း၍ ထုတ်ပြန်ခဲ့ကြသည်။
တော်လှန်ရေးကောင်စီအား ဆန့်ကျင်ကန့်ကွက်သည့် အဖွဲ့အစည်းများတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားများအဖွဲ့ချုပ်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ၊ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်ကောလိပ်နှင့် ပုသိမ်ကောလိပ် အသီးသီးရှိ ကျောင်းသားများသမဂ္ဂ အဖွဲ့အစည်းများ ပါဝင်ခဲ့ကြသည်။ ဤသို့ဖြင့် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ အရေးတော်ပုံကြီး ပေါ်ပေါက်လာတော့သည်။
ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီသည် အာဏာသိမ်းပြီးပြီးချင်းမှာပင် ကျောင်းသားထုကို အပြတ်ချေမှုန်းရန် အတွက် လျှို့ဝှက်မဟာဗျူဟာ ချမှတ်၍ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ကို ဗိုလ်ချုပ်ကြီးနေ၀င်းသည် သူ၏ ဆရာရင်းဖြစ်သည့် ဦးကာကို ခန့်အပ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ချုပ်ကိုင် ရန်အတွက် နောက်တိုးအဆောင်စည်းကမ်းများကို ချမှတ်ခဲ့သည်။ ထိုစဉ်အတွင်းမှာပင် ရန်ကုန်ခရိုင်အတွင်း၌ တန်းမြင့်ကျောင်းထွက်စာမေးပွဲ (HSF) ကို ဖျက်သိမ်းလိုက်သည့်အတွက် ကျောင်းသားထုသည် တကသ အဆောက်အအုံ၌ ကျောင်းသားအစည်းအဝေးကို ခေါ်ယူ၍ ကန့်ကွက်ခဲ့ကြသည်။
ဇူလိုင်လ ၆ ရက်နေ့ ညဘက်တွင် ရန်ကုန်တက္ကသိုလ် ပရ၀ဏ်အတွင်းရှိ ရွှေဘိုဆောင်မှ ကျောင်းသားများသည် တင်းကျပ်သော အဆောင်စည်းကမ်းများကို ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် အဆောင်တံခါးများကို ရိုက်ချိုး၍ အဆောင်အပြင်ဘက်သို့ ထွက်ကာ ဆန္ဒပြခဲ့ကြသည်။ ထို့အပြင် ကျောင်းသားရေးမှူး ဦးယုခင်၏ အိမ်ရှေ့သို့ သွားရောက်ဆန္ဒပြခဲ့ကြသည်။
ထိုနေ့က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ဆန္ဒပြပွဲတွင် ကြွေးကြော်ခဲ့ကြသော အောက်ပါ ကြွေးကြော်သံများသည် ပွက်ပွက်ညံခဲ့လေသည်။
မတရားစည်းကမ်းတွေ    အလိုမရှိ
မတရားချုပ်ချယ်မှုတွေ   အလိုမရှိ
ကျောင်းဆောင်တွေကို   အကျဉ်းထောင်မလုပ်နဲ့
ချုပ်ချယ်မှုတွေ    အလိုမရှိ
မတရားစည်းကမ်းတွေ   ဖျက်သိမ်း
ကျောင်းသားထု    ညီညွတ်ကြ
ဇူလိုင်လ ၇ ရက်နေ့ နေ့လည်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) မှ ကြီးမှူးပြီး သမဂ္ဂအဆောက်အဦ၌ ကျောင်းသားထုအစည်းအဝေးကျင်းပကာ တင်းကျပ်သော အဆောင်စည်းကမ်းများကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည်။
သို့သော် အစည်းအဝေးအပြီး လူစုကွဲနေချိန်တွင် တက္ကသိုလ်ဝင်းထဲသို့ ပုလိပ်ကားများရောက်ရှိလာပြီး တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ခေါင်းဆောင် ကိုသက်အပါအ၀င် ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီးခေါ်ဆောင်သွားကြသည်။
ထို့နောက် ကျောင်းသားထုဟာ ပိုမိုဒေါသပေါက်ကွဲကာ အော်ဟစ်ဆန္ဒပြခဲ့ကြသည်။ ကျောင်းတွင်းမှာရှိသည့် အဆောင်ကျောင်းသားများနှင့် နေ့ကျောင်းသားများသည် အဓိပတိလမ်းထိပ်ရှိ တက္ကသိုလ်ပင်မ ၀င်ပေါက်တံခါးကြီးကို ပိတ်ပြီး တကသ အဆောက်အဦ၌ စုဝေးကား ကြွေးကြော်သံများဖြင့် အော်ဟဟ်ဆန္ဒပြခဲ့ကြသည်။
များမကြာမီအတွင်း ပြည်လမ်းအသံလွှင့်ရုံ၌ တပ်စွဲထားသော အမှတ် (၄) သေနတ်ကိုင်တပ်ရင်းစစ်ကား များ ရောက်ရှိလာပြီး အဓိပတိလမ်းနှင့် တကသ အဆောက်အဦ ရှေ့၌ စုဝေးနေသော ကျောင်းသားများကို ဂျီသရီး မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်။ တပ်စုတစ်စုသည် မန္တလေးဆောင်ပေါ်၌ ဆန္ဒပြနေသည့် ကျောင်းသားများကိုလည်း ပစ်ခတ်ခဲ့ရာ သေနတ်သံများ ပွက်ပွက်ညံသွားခဲ့လေသည်။ ဒုဗိုလ်မှူးကြီး စိန်လွန်နှင့် ဗိုလ်မှူး လှမြင့် (ဘဲလ်အဲယားလှမြင့်) တို့ ဦးစီးသော စစ်သားများတက္ကသိုလ်ဝင်ပေါက် ဂိတ်တံခါးကို စစ်ကားဖြင့် တိုက်ဖွင့်ဝင်ပြီး နောက် ပစ်ခတ်ခဲ့ရာ ကျောင်းသားကျောင်းသူများ အတုံးအရုံး သေကြေခဲ့ရသည်။ ပစ်ခတ်မှုကြောင့် အဓိပတိလမ်းပေါ်တွင် ကျောင်းသားများ၏ သွေးကွက်များ မြင်မကောင်းအောင် အိုင်ထွန်းနေခဲ့သည်။ ထိုနေ့က ပစ်ခတ်မှုကြောင့် ကျောင်းသားပေါင်း ၂၀၀ ခန့် သေကြေ၍ ဒဏ်ရာရသူပေါင်း ၄ဝဝ ခန့်ရှိသော်လည်း သက်ဆိုင်ရာက ကျောင်းသား (၁၅) ဦးသာ သေဆုံး၍ (၂၃) ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၅ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက် ဖောက်ခွဲဖျက်ဆီးလိုက်လေသည်။ ယင်းဖောက်ခွဲမှုကို ဗိုလ်ချုပ်ကြီးနေ၀င်းက ဗိုလ်မှူးချုပ်အောင်ကြီးအား လွှဲချခဲ့ သလို ဗိုလ်မှူးချုပ် အောင်ကြီးကလည်း ဗိုလ်ချုပ်ကြီးနေ၀င်းသည် သူ့သဘောဖြင့်သူ ဖောက်ခွဲခဲ့ကြောင်း အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နယက ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး (ငြိမ်း) က `အမှန်က တော့ ကျနော့်စိတ်ထဲ ကျနော့်သဘောထားအရဆိုရင် သူ (ဗိုလ်ချုပ်ကြီးနေဝင်း) တာဝန်ခံတယ်ဆိုရင် သူပဲ။ ဒီလိုပဲ ကျနော်တော့ မှတ်ယူတယ်´ ဟူ၍ ပြောဆိုခဲ့သည်။
သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်မှူးချုပ်အောင်ကြီးတို့သည် သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီးကာမှ ဦးပုည၏ ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲကလို မိမိအသက်ဘေးကြုံခါမှ သောနုတ္တရမုဆိုးလျှောက်တင်သကဲ့သို့-

`အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်၊ ကြံဖော်ကြံဖက် သုံးယောက်သားအနက်တွင်မှ ကံကွက်ကျား၍ ငမိုက်သားမုဆိုးလေ၊ နင့်ချည်းပင် သေပေတော့ဟု ငွေတောင်ကြီးအဟန်၊ ဆဒ္ဒန်မင်းမြတ် ကျွန်တော်အား သတ်လျှင် မလွတ်နိုင်ရာ သေရပါတော့မည်။ ကရုဏာရှေ့ရှု လွှတ်တော်မူလျှင်လည်း လူမလိမ္မာ ကျွန်မိစ္ဆာသည် ချမ်းသာရပါတော့မည် ဘုရား´ မည်သို့ပင်ဆိုဆို မိမိအပြစ်ကို ကိုယ်လွတ်ရုန်းချင်သည့် သောနုတ္တရ မုဆိုးကဲ့သို့ လူညံ့၊ လူယုတ်မာတို့၏ စရိုက်သည် လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားနေသောကြောင့် သမိုင်းစာမျက်နှာ၌ ၄င်းတို့၏ ရာဇဝင်အမည်းစက် စွန်းထင်းနေမိသည်ကို မည်သို့မျှ ဖျောက်ဖျက်ချင်၍ မရနိုင်တော့ပေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts